တောင်တရုတ်ပင်လယ်တွင်း ဖိလစ်ပိုင်ရိက္ခာပို့သင်္ဘောတွေကို လုံခြုံရေးလိုက်ပါဆောင်ရွက်ပေးနိုင်ကြောင်း အမေရိကန်ပြော
PUBLISHED - August 29, 2024
နိုင်ငံတကာ၊ သြဂုတ် ၂၉
အမေရိကန်နိုင်ငံမှာ ကြားဝင်စွက်ဖက်ဖို့ အခွင့်အရေး “လုံးဝမရှိဘူး” လို့ တရုတ်နိုင်ငံက အကြိမ်ကြိမ်သတိပေး ထားပေမဲ့ တောင်တရုတ်ပင်လယ်တွင်း ဖိလစ်ပိုင်အစိုးရရဲ့ ရိက္ခာပြန်လည်ဖြည့်တင်းမှုစစ်ဆင်ရေးတွေမှာ လုံခြုံ ရေးအစောင့်လိုက်ပါပေးဖို့ လိုလိုလားလား ဆန္ဒရှိနေကြောင်း အမေရိကန်တပ်မတော်က ထုတ်ဖော်ပြောကြား လိုက်ပါတယ်။
အမေရိကန် အင်ဒို-ပစိဖိတ် စစ်ဌာနချုပ်အကြီးအကဲ ရေတပ်ဗိုလ်ချုပ်ကြီးဆယ်မြူရယ်ပါပရိုက ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့ကို လာရောက်တဲ့ခရီးစဉ်အတွင်း အခုလို ပြောကြားလိုက်တာဖြစ်ပါတယ်။
အငြင်းပွားရေပိုင်နက်ထဲမှာ အခုလိုစစ်ဆင်ရေးတွေဆောင်ရွက်နို်င်ဖို့အတွက် ဖိလစ်ပိုင်နို်င်ငံကို ကူညီတာဟာ ၁၉၅၁ ခုနှစ်က ချုပ်ဆိုခဲ့တဲ့ နှစ်နိုင်ငံကာကွယ်ရေးစာချုပ်အရ လုံးဝလက်တွေ့ကျတဲ့ဆုံးဖြတ်ချက်ဖြစ်ကြောင်း ဗိုလ်ချုပ်ကြီး ဆယ်မြူရယ်ပါပရိုက ပြောပါတယ်။
ဒါပေမဲ့ အခုလိုဆောင်ရွက်မှုဟာ ပြဿနာကို မှန်မှန်ကန်ကန် ကိုင်တွယ်ဖြေရှင်းဆောင်ရွက်နိုင်ဖို့အတွက် “နှစ်နိုင်ငံဆွေးနွေးညှိနှိုင်းမှုတွေရဲ့ ဆက်စပ်စဉ်းစားရမယ့်မူဘောင်အတွင်း” မှာ ရှိနေရမှာဖြစ်ကြောင်း ၎င်းက ပြောဆိုပါတယ်။
ရိက္ခာပြန်လည်ဖြည့်တင်းမှုစစ်ဆင်ရေးတွေမှာ လိုက်ပါကူညီစောင့်ရှောက်ပေးဖို့ အမေရိကန်အစိုးရဘက်က ကမ်းလှမ်းလာကြောင်း ဖိလစ်ပိုင်စစ်ဦးစီးချုပ် ရိုမီယိုဘရောင်နာဂျူနီယာက ပြီးခဲ့တဲ့လက ပြောကြားခဲ့ပေမဲ့ ဖိ လစ်ပိုင်အစိုးရက အဲဒီကမ်းလှမ်းချက်ကို ငြင်းပယ်ခဲ့ပါတယ်။
“သူတို့ ဘယ်လိုအကူအညီပေးရမလဲလို့ ကျွန်တော်တို့ကို မေးပါတယ်။ ကျွန်တော်တို့ အကူအညီမတောင်းခင် ကျွန်တော်တို့မှာရှိနေတဲ့ ဖြစ်နိုင်သမျှ နည်းလမ်းအားလုံးကို ကြိုးစား အသုံးပြုနေပါတယ်။” လို့ ၎င်းက ရိုက်တာ သတင်းဌာနကို ပြောပါတယ်။
တရုတ်နဲ့ ဖိလစ်ပိုင်နိုင်ငံတို့ဟာ တောင်တရုတ်ပင်လယ်ထဲက အငြင်းပွားရေပိုင်နက်ထဲမှာ သူပိုင်ငါပိုင် အငြင်း ပွားနေစဉ်အတွင်း လတ်တလောကာလမှာ မကြာခဏ ထိပ်တိုက်တွေ့ဆုံမှုတွေ ဖြစ်ပွားခဲ့ပါတယ်။
ပြီးခဲ့တဲ့သီတင်းပတ်က တောင်တရုတ်ပင်လယ်ထဲက အငြင်းပွား ဆာဘီနာရေအောက်သောင်စွယ်တန်းအနီး တရုတ်ကမ်းခြေစောင့်သင်္ဘောတစ်စီးနဲ့ ဖိလစ်ပိုင်သင်္ဘောတစ်စီးတို့ တိုက်မိခဲ့ပါတယ်။
ဖိလစ်ပိုင်သင်္ဘောဟာ ရိက္ခာဖြည့်တင်းရေးဆောင်ရွက်ဖို့ ကြိုးပမ်းနေစဉ်အတွင်း ထိန်းသိမ်းရမယ့်စည်းကမ်းတွေ ကို မလိုကနာလို့ အခုလို သင်္ဘောချင်းတိုက်မိတာဖြစ်ကြောင်း တရုတ်အစိုးရက ပြောပါတယ်။
ဖိလစ်ပိုင်အစိုးရကတော့ တရုတ်သင်္ဘောဟာ ရည်ရွယ်ချက်ရှိရှိနဲ့ ဝင်တိုက်ခဲ့ပြီး ဖိလစ်ပိုင်သင်္ဘောတွေကို ရေ ပိုက်နဲ့ ထိုးပက်ခဲ့တာဖြစ်ကြောင်း ပြောဆိုရင်း တရုတ်နို်င်ငံရဲ့ ပြောဆိုချက်တွေဟာ အခြေအမြစ်မရှိတဲ့ပြောဆို ချက်တွေဖြစ်ကြောင်း ပြန်လည်တုံ့ပြန်ဝေဖန်ခဲ့ပါတယ်။
ဇွန်လအတွင်းကလည်း နှစ်နိုင်ငံသင်္ဘောတွေကြား ထိပ်တိုက်တွေ့ဆုံမှုဖြစ်ပွားခဲ့ရာမှာ ဖိလစ်ပိုင်ရေတပ်သား တစ်ဦး လက်မပြတ်တောက်သွားခဲ့ရပါတယ်။
တရုတ်နိုင်ငံဟာ ၎င်းတို့ရဲ့ ဥပဒေနဲ့မညီတဲ့တောင်းဆိုမှုတွေကို အာဏာတည်စေဖို့အတွက် တင်းမာမှုမြင့်တက် စေတဲ့ဆောင်ရွက်မှုတွေကိုပြုလုပ်ခဲ့ကြောင်းပြောဆိုရင်း တောင်တရုတ်ပင်လယ်ထဲက တရုတ်နိုင်ငံရဲ့ အန္တရာယ် ရှိတဲ့လုပ်ရပ်တွေကို အမေရိကန်အစိုးရက အကြိမ်ကြိမ် ပြစ်တင်ရှုတ်ချခဲ့ပါတယ်။
တရုတ်နိုင်ငံကလည်း အမေရိကန်ရဲ့ပြောကြားချက်ကို ချက်ချင်းပယ်ချလိုက်ပြီး အမေရိကန်ဟာ တောင်တရုတ် ပင်လယ်ထဲက နိုင်ငံတစ်ခုမဟုတ်တဲ့အတွက် တရုတ်နဲ့ ဖိလစ်ပိုင် ရေပိုင်နက်အငြင်းပွားမှုမှာ ကြားဝင်စွက်ဖက်ဖို့ ဘာအခွင့်အရေးမှ မရှိကြောင်း ပြောဆိုခဲ့ပါတယ်။
“အမေရိကန်အနေနဲ့ ဒေသတွင်းတည်ငြိမ်မှုကို နှောင့်ယှက်နေတာတွေနဲ့ တင်းမာမှုမြင့်တက်အောင်လုပ်နေ တာတွေကို ရပ်ဆိုင်းသင့်သလို တောင်တရုတ်ပင်လယ်ထဲမှာ ထိပ်တိုက်ရင်ဆိုင်ဖို့ ရန်စနေတာတွေကို ရပ် တန်းက ရပ်ရမှာဖြစ်ပါတယ်။” လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် မော်နင်းက ပြောပါတယ်။
Ref: US Military Could Escort Philippine Ships in South China Sea: Admiral
#PeopleMedia