တောင်သာမြို့နယ်တွင် ပြည်သူ့စစ်အဖွဲ့ဝင်တစ်ဦးကို PDF အဖွဲ့ဝင်များမှ ပစ်ခတ်သတ်ဖြတ်

PUBLISHED - January 23, 2024
နေပြည်တော်၊ ဇန်နဝါရီ ၂၃
မန္တလေးတိုင်းဒေသကြီး၊ တောင်သာမြို့နယ်၊ တမိုက်သာကျေးရွာတွင် ပြည်သူ့စစ်အဖွဲ့ဝင် တစ်ဦးကို PDF အဖွဲ့ဝင်များမှ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်လိုက်ကြောင်း သိရသည်။
ဇန်နဝါရီလ (၂၁) ရက် ညနေ (၇)နာရီခွဲအချိန်က တမိုက်သာကျေးရွာတွင် နေထိုင်သည့် ဦးစန်းလွင် (၅၅)နှစ် သည် ၎င်း၏နေအိမ်တွင် တစ်ရွာတည်းနေ ကိုဇင်ကိုအောင် (၂၃) နှစ်နှင့်အတူ စကားပြောနေစဉ် PDF အဖွဲ့ဝင် နှစ်ဦးသည် ဆိုင်ကယ်တစ်စီးဖြင့် ရောက်ရှိလာသည်။
ယင်းနောက် PDF အဖွဲ့ဝင် နှစ်ဦးမှ သေနတ်ဖြင့် ပစ်ခတ်ခဲ့သောကြောင့် ဦးစန်းလွင်တွင် ကျည်ထိမှန် ဒဏ်ရာ များ ရရှိကာ အခင်းဖြစ်ပွါးသည့်နေရာတွင် သေဆုံးခဲ့ပြီး ကိုဇင်ကိုအောင်တွင် ကျည်ထိမှန် ဒဏ်ရာများ ရရှိခဲ့ သဖြင့် ဆေးကုသမှု ခံယူလျက်ရှိကြောင်း သိရသည်။
ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် နိုဝင်ဘာလ (၂၉)ရက်ကလည်း တမိုက်သာကျေးရွာရှိ ပြည်သူ့စစ်အဖွဲ့ခေါင်းဆောင် ဦးဖိုးအေး၏ နေအိမ်သို့ PDF အဖွဲ့ဝင်များမှ ဝင်ရောက်ပစ်ခတ်ခဲ့သဖြင့် ဦးဖိုးအေး၏ ဇနီး ဒေါ်ဇာခြည်လင်းနှင့် ဦးဖိုးအေး၏ တူဖြစ်သူ အောင်နေဗလ သေဆုံးခဲ့သည်။
#PeopleMedia