တောင်သာမြို့နယ်နှင့် ငါန်းဇွန်မြို့နယ်တွင် ကြံ့ခိုင်ရေးပါတီဝင် (၅) ဦး အသတ်ခံရ၊ ကျူးလွန်သူ ဖမ်းမိ
PUBLISHED - December 14, 2023
နေပြည်တော်၊ ဒီဇင်ဘာ ၁၄
မန္တလေးတိုင်းဒေသကြီး၊ တောင်သာမြို့နယ်နှင့် ငါန်းဇွန်မြို့နယ်တို့တွင် ကြံ့ခိုင်ရေးပါတီဝင် (၅) ဦး သတ်ဖြတ်ခံ ရပြီး ကျူးလွန်သူများကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ ဒီဇင်ဘာလ (၁၃)ရက်က တောင်သာမြို့နယ်၊ ဘုရား လှကျေးရွာနှင့် ဖက်တောကျေးရွာကြားရှိ ယာခင်းတွင် ကြံ့ခိုင်ရေးပါတီ မြို့နယ်ကော်မတီဝင် ဦးဟန်ထွန်းအောင် ကို PDF အဖွဲ့ဝင်များက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားကြောင်း သိရသည်။
အသက် (၄၀)အရွယ်ရှိ ဦးဟန်ထွန်းအောင်သည် ယာခင်းထဲတွင် ထွန်စက်ဖြင့် ထွန်ယက်နေစဉ် PDF အဖွဲ့ဝင် (၄)ဦးက ဆိုင်ကယ် ၃ စီးဖြင့် သေ နတ် တို/ရှည်များ ကိုင်ဆောင်ကာရောက်ရှိလာပြီး ပစ်ခတ်ခဲ့သဖြင့် ယာပေါင် သေနတ် (၁)ချက် ထိမှန်ကာ လဲကျသွားစဉ် PDF အဖွဲ့ဝင်များမှ ထပ်မံပစ်ခတ်ခဲ့သဖြင့် ဝဲဖက်မျက်လုံး ဖောက် ဝင်ဒဏ်ရာ ၁ ချက်၊ဝဲဖက်နားရွက် ရှပ်ထိဒဏ်ရာ ၁ ချက်ဖြင့် အခင်းဖြစ်ပွါးသည့် နေရာတွင် သေဆုံးခဲ့ကြောင်း သိရသည်။
အလားတူ ဒီဇင်ဘာလ (၁၃)ရက် ညနေ (၃)နာရီခွဲခန့်က တောင်သာမြို့နယ်၊ နန်းမြင့်ကျေးရွာနေ ဦးဘထိုက်၊ ဇနီးဖြစ်သူ ဒေါ်စန်းအေးနှင့် သားဖြစ်သူ မင်းမင်းထွန်းတို့ နေအိမ်တွင် ရှိနေစဉ် PDF အဖွဲ့ဝင် (၄) ဦးက ဆိုင် ကယ်ဖြင့် ရောက်ရှိလာပြီး သားအဖ သုံးဦးအား ဒူးထောက်ခိုင်းကာ ဇနီးဖြစ်သူနှင့် သားဖြစ်သူကို သေနတ်ဖြင့် ပစ်ခတ်ခဲ့သောကြောင့် ဒေါ်စန်းအေးတွင် ဝဲလက်ကောက်ဝတ် ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ ဝဲနားထင် ပွင့်ထွက် ဒဏ်ရာ ၁ ချက်၊ ယာလက်ဖျံ ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ မင်းမင်းထွန်းတွင် ဝဲလက်ဖျံ ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ နောက်စေ့မှဖောက်ဝင်၍ ရှေ့နဖူး ဖောက်ထွက်ဒဏ်ရာ ၁ ချက်ဖြင့် နေအိမ်အတွင်း မှောက်လျက် အနေ အထားဖြင့် သေဆုံးခဲ့ကြောင်း သိရသည်။
ယင်းနောက်တွင် PDF အဖွဲ့ဝင်များက နေအိမ်အတွင်းမှ DAYAN အမျိုးအစား ဆိုင်ကယ်အားယူဆောင်ကာ ကံဆင့်ကျေးရွာဘက်သို့ ထွက်သွားကြောင်း သိရသည်။
၎င်းနောက် ငါန်းဇွန်မြို့နယ်၊ သားကျင်ကျေးရွာအုပ်စု၊ သဂျမ်းကုန်းကျေးရွာနေ ကြံ့ခိုင်ရေးပါတီဝင်များဖြစ်သည့် ဦးအောင်မြတ်ချိုနှင့် ဒေါ်ကေသွယ်မိုးတို့သည် ဒီဇင်ဘာလ (၁၃) ရက် ညနေ (၆) နာရီအချိန်က ယာတောမှ ပြန်လာစဉ် PDF အဖွဲ့ဝင် (၃)ဦးက ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။
အခင်းဖြစ်ပွါးသည့် နေရာ အရောက်တွင် ဦးအောင်မြတ်ချိုအား သေနတ်ဖြင့် ပစ်ခတ်ခဲ့ရာ ဦးခေါင်းနောက်စေ့ ဖောက်ဝင်ဒဏ်ရာဖြင့် သေဆုံးသွားခဲ့ပြီး ဒေါ်ကေသွယ်မိုးအား ဓါးဖြင့်ထိုး/ခုတ်ခဲ့သဖြင့် ဝဲ/ယာ ရင်ဘတ်နှင့် နောက်ကျောတို့တွင် ဓားဒဏ်ရာများ ရရှိခဲ့သောကြောင့် မန္တလေးဆေးရုံကြီးသို့ ပို့ဆောင်ကုသပေးနေကြောင်း သိရသည်။
PDF အဖွဲ့ဝင်များအနေဖြင့် ဦးအောင်မြတ်ချိုနှင့် ဒေါ်ကေသွယ်မိုးတို့ ပိုင်ဆိုင်သည့် ဆိုင်ကယ်တစ်စီး၊ ဖုန်း ၂ လုံး၊ ငွေကျပ်သိန်း ၄၀ ခန့်အား ယူဆောင်သွားကြောင်း သိရသည်။
#PeopleMedia