တောင်သာမြို့နယ် ခြုံကြီးကျေးရွာကို ဒေသခံများ၏ သတင်းပေးပို့ချက်အရ လုံခြုံရေးတပ်ဖွဲ့ဝင်များမှ သွားရောက်ရှင်းလင်း၊ စစ်သွေးကြွ အလောင်း (၁၁) လောင်းနှင့် (၄) ဦး ဖမ်းဆီးရမိ
PUBLISHED - September 17, 2024
နေပြည်တော်၊ စက်တင်ဘာ ၁၇
မန္တလေးတိုင်းဒေသကြီး၊ တောင်သာမြို့နယ်၊ ခြုံကြီးကျေးရွာခေါ် သာယာကြီးကျေးရွာကို ဒေသခံများ၏ သတင်းပေးပို့ချက်အရ လုံခြုံရေးတပ်ဖွဲ့ဝင်များမှ သွားရောက်ရှင်းလင်းရာ စစ်သွေးကြွအလောင်း (၁၁)လောင်းနှင့် အရှင် (၄)ဦး ဖမ်းဆီးရမိခဲ့သည်။
စက်တင်ဘာလ (၆)ရက် နံနက် (၆)နာရီခန့်က ဒေသခံများ၏ သတင်းပေးပို့ချက်အရ တောင်သာမြို့နယ် ခြုံကြီးကျေးရွာကို လုံခြုံရေးတပ်ဖွဲ့ဝင်များမှ သွားရောက်ရှင်းလင်းရာ ကျေးရွာ၏ မြောက်ဘက်တွင် တိုက်ပွဲ စတင်ဖြစ်ပွါးခဲ့ပြီး စစ်သွေးကြွအလောင်း (၁)လောင်းနှင့် စစ်သွေးကြွ (၄)ဦးနှင့် ပစ္စတို (၁)လက် ကျည် (၁၀)တောင့် တို့နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။
ယင်းနောက် ခြုံကြီးကျေးရွာအား နံနက် (၈)နာရီခန့်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များမှ နယ်မြေရှင်းလင်းရာတွင် မော်တော်ယာဉ် (၃)စီး၊ လက်လုပ်စိန်ပြောင်း (၁)လက်၊ ကွန်ကျူးမိုင်း (၁၁)လုံး၊ ၄၀ မမ ဗုံးသီး (၃)လုံး၊ ဒီတိုနေတာ (၂၀)ခု၊ ကျည် (၁၄၀)တောင့်နှင့်ဝါယာကြိုး (၂)ခွေတို့ကို ထပ်မံသိမ်းဆည်းရရှိခဲ့သည်။
၎င်းနောက် နံနက် (၁၀)နာရီအချိန်ခန့်တွင် စစ်သွေးကြွများမှ လုံခြုံရေးအဖွဲ့ဝင်များကို ဝိုင်းဝန်းပိတ်ဆို့ တိုက်ခိုက်ခဲ့သဖြင့် လေကြောင်းပစ်ကူရယူကာ ပြန်လည်ပစ်ခတ်ခဲ့ရာတွင် စစ်သွေးကြွ အလောင်း (၁၀)လောင်းနှင့် သေနတ် (၁၀)လက်ကို သိမ်းဆည်းရရှိခဲ့သည်။
#PeopleMedia