• Follow Us on

Home တောင်သာမြို့ရှိ လုံခြုံရေးဂိတ်များနှင့် ဘုရားလှ ပြည်သူ့စစ်ရွာကို စစ်သွေးကြွများက ဝင်တိုက်၊ စွပ်ကျယ်စက်ရုံနဲ့ ဘုရားလှ ပြည်သူ့စစ်ရွာကို မီးရှို့သွား

တောင်သာမြို့ရှိ လုံခြုံရေးဂိတ်များနှင့် ဘုရားလှ ပြည်သူ့စစ်ရွာကို စစ်သွေးကြွများက ဝင်တိုက်၊ စွပ်ကျယ်စက်ရုံနဲ့ ဘုရားလှ ပြည်သူ့စစ်ရွာကို မီးရှို့သွား

Share this post

နေပြည်တော်၊ ဩဂုတ် ၁၂

 

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ တောင်သာမြို့ရှိ လုံခြုံရေးဂိတ်များနှင့် ဘုရားလှ ပြည်သူ့စစ်ကျေးရွာကို စစ်သွေးကြွ PDF အဖွဲ့ဝင်များ ဝင်ရောက်တိုက်ခိုက်ပြီး အမှတ် (၁၀) အထည်ချုပ်စက်ရုံ (ဒေသအခေါ် -စွပ်ကျယ်စက်ရုံ) နှင့် ဘုရားလှ ပြည်သူ့စစ်ကျေးရွာကို မီးရှို့သွားကြောင်း သိရသည်။

 

ယနေ့ ဩဂုတ်လ (၁၂)ရက် နံနက် (၅)နာရီ (၁၅)မိနစ်ခန့်မှ စတင်ကာ တောင်သာမြို့အထွက်ဂိတ်များဖြစ်သည့် တောင်သာ-မလှိုင်ကားလမ်း ဓာတ်ငွေ့ပိုက်လိုင်းစက်ရုံအနီးရှိ လုံခြုံရေးဂိတ်၊ တောင်သာ – နွားထိုးကြီးလမ်းရှိ လုံခြုံရေးဂိတ် (ဒေသအခေါ် မကျီးရိုးဂိတ်)၊ တောင်သာ- မြင်းခြံလမ်းရှိ အမှတ် (၁၀)အထည်ချုပ်စက်ရုံ၊ မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးနှင့် ဘုရားလှ ပြည်သူ့စစ်ကျေးရွာကို စစ်သွေးကြွ PDF အဖွဲ့ဝင်များမှ တပြိုင်နက် တိုက်ခိုက်ခဲ့ သည်။

 

စစ်သွေးကြွ PDF အဖွဲ့ဝင်များ အနေဖြင့် တောင်သာ-မလှိုင်ကားလမ်းရှိ ဓာတ်ငွေ့ပိုက်လိုင်းဂိတ်ကို တိုက်ခိုက် ရာတွင် ရွှေစင်စင်္ကြာ Express ကားကို ပစ်ခတ်ခဲ့ပြီး လမ်းကို ကားဖြင့် ပိတ်ခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

 

“ဓာတ်ငွေ့ပိုက်လိုင်းဘက်မှာ အကျအဆုံးမရှိပါဘူး။ Express ခရီးသည်တင်ကားဖြစ်တဲ့ ရွှေစင်စင်္ကြာကား အပစ်ခံရတယ်။ ကားပေါ်က လူ (၂)ယောက် ဒဏ်ရာရတယ်။ ကားကြီးကို ပစ်ခတ်ပြီးတော့ ကားကြီးနဲ့ ကန့်လန့်ခံပြီး လမ်းပိတ်ခဲ့တာ။ နောက်ပြီး မြင်းခြံမြို့ပေါ်က ကိုယ်ပိုင်ကားတစ်စီး ပစ်ခံရတယ်။ တော်တော် ပျက်စီးသွားတယ်။ ကိုယ်ပိုင်ကားပေါ်က (၂)ယောက်ထိတာ တစ်ယောက်က အခြေအနေ စိုးရိမ်ရတယ်။ သွေးထွက်လွန်နေတယ် ပြောတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

 

ယင်းအပြင် စစ်သွေးကြွ PDF အဖွဲ့ဝင်များသည် ဒရုန်းများဖြင့် မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးနှင့် တောင်သာ-နွားထိုးကြီးလမ်းရှိ လုံခြုံရေးဂိတ်များကို ပစ်ခတ်ခဲ့သော်လည်း လူထိခိုက်မှု မရှိခဲ့ကြောင်း သိရသည်။

 

ယင်းနောက်တွင် စစ်သွေးကြွ PDF အဖွဲ့ဝင်များသည် ဘုရားလှ ပြည်သူ့စစ်ကျေးရွာကို တိုက်ခိုက်ခဲ့ပြီး ရွာကို မီးရှို့ဖျက်ဆီးသွားကြောင်း သိရသည်။

 

“ဘုရားလှ ပြည်သူ့စစ်ရွာကို PDF (၂၀၀)လောက်က ဝိုင်းထားတာ။ မြင်းခြံပြည်သူ့စစ်အဖွဲ့တွေက လာကူပြီး တိုက်နေတယ်။ ဘုရားလှကျေးရွာ ပြည်သူ့စစ်ခေါင်းဆောင်ရဲ့ နှမကို ဖမ်းသွားတယ်။ ရွာက အိမ် (၃)လုံးကို မီးရှို့သွားတယ်။ ပြည်သူ့စစ် (၄)ယောက် ပျောက်နေတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

 

၎င်းနောက်တွင် တောင်သာ- မြင်းခြံလမ်းရှိ အမှတ် (၁၀) အထည်ချုပ်စက်ရုံကို စစ်သွေးကြွ PDF အဖွဲ့ဝင်များမှ ဝင်ရောက်တိုက်ခိုက်ကာ မီးရှို့ဖျက်ဆီးသွားသည့်အပြင် ဝန်ထမ်းများကို ရိုက်နှက်သွားကြောင်း သိရသည်။

 

“ပြီးတော့ မြို့နယ် စွပ်ကျယ်စက်ရုံကို မီးရှို့သွားပါတယ်။ စက်ရုံမီးလောင်သွားတယ်။ စက်ရုံက ကားနှစ်စီး မီးရှို့သွားတယ်။ အလုပ်သမားတွေရဲ့ ဆိုင်ကယ်တွေ မီးရှို့သွားတယ်။ အလုပ်သမားတွေရော စက်ရုံစောင့်တွေ ကိုရော ပါးရိုက် နားရိုက် လုပ်သွားတယ်” ဟု ဒေသခံတစ်ဦး၏ ပြောပြချက်အရ သိရသည်။

 

#PeopleMedia


Share this post