တံတားဦးမြို့နယ်တွင် ကျောင်းဆရာမ တစ်ဦးနှင့် ကြံ့ခိုင်ရေးပါတီဝင် နှစ်ဦးကို PDF က သတ်ဖြတ်

PUBLISHED - January 18, 2024
နေပြည်တော်၊ ဇန်နဝါရီ ၁၈
မန္တလေးတိုင်းဒေသကြီး၊ တံတားဦးမြို့နယ်၊ တပယ်ကျေးရွာရှိ ကျောင်းဆရာမတစ်ဦးနှင့် ထောက်ရစ်ကျေးရွာရှိ ကြံ့ခိုင်ရေးပါတီဝင် နှစ်ဦးကို PDF အဖွဲ့ဝင်များက သတ်ဖြတ်လိုက်ကြောင်း သိရသည်။
ဇန်နဝါရီလ (၁၆)ရက် နံနက် (၆)နာရီ (၅၀)မိနစ် အချိန်က တံတားဦးမြို့နယ်၊ တပယ်ကျေးရွာရှိ ကျောင်းဆရာမ ဒေါ်မီမီထွန်း (၄၀)နှစ်သည် နေအိမ်၌ ရှိနေစဉ် PDF အဖွဲ့ဝင် (၂)ဦးက ဆိုင်ကယ်ဖြင့် ရောက်ရှိလာပြီး ဆရာမအား ဖမ်းဆီးကာ ရွာလယ်လမ်းပေါ်သို့ ခေါ်ဆောင်သွားကြောင်း သိရသည်။
ယင်းနောက် ရွာလယ်လမ်းပေါ်သို့ အရောက်တွင် ဆရာမအား PDF အဖွဲ့ဝင်များမှ လက်ပြန်ကြိုးတုပ်ကာ သေနတ်ဖြင့် ပစ်ခတ်ခဲ့သောကြောင့် ဆရာမ ဒေါ်မီမီထွန်းတွင် ဦးခေါင်းဝဲဘက် ဖောက်ဝင် ယာဘက် ဖောက်ထွက် ဒဏ်ရာများဖြင့် အခင်းဖြစ်ပွါးသည့်နေရာတွင် သေဆုံးသွားကြောင်း သိရသည်။
အလားတူ ဇန်နဝါရီလ (၁၆)ရက် နံနက် (၆)နာရီခွဲ အချိန်ခန့်က တံတားဦးမြို့နယ်၊ ထောက်ရစ်ကျေးရွာတွင် နေထိုင်သည့် နွားနို့လုပ်ငန်း လုပ်ကိုင်သူ ဦးစိုးမြင့်ထွန်းနှင့် မသက်နွယ်အောင်တို့သည် ၎င်းတို့၏ နေအိမ် အသီးသီးတွင် ရှိနေစဉ် PDF အဖွဲ့ဝင်များသည် ဆိုင်ကယ် (၂)စီးဖြင့် ရောက်ရှိလာကာ ဖမ်းဆီးသွားကြောင်း သိရသည်။
PDF အဖွဲ့ဝင်များမှ ၎င်းတို့ (၂)ဦးအား ထောက်ရစ်ကျေးရွာနှင့် (၂)ဖာလုံခန့်အကွာ ပေါက်တောကျေးရွာနှင့် ပေါက်မြိုင်ကျေးရွာ ကျေးရွာချင်းဆက်လမ်းသို့ ဖမ်းဆီးခေါ်ဆောင်သွားပြီး သေနတ်ဖြင့် ပစ်သတ်လိုက်ကြောင်း သိရသည်။
ယင်းသို့ ပစ်ခတ်မှုကြောင့် ကျေးရွာအုပ်ချုပ်ရေးမှူးဟောင်း ဦးစိုးမြင့်ထွန်းတွင် ဦးခေါင်းဝဲဘက် ဖောက်ဝင်၊ ယာဘက် ဖောက်ထွက်ဒဏ်ရာများဖြင့် လည်းကောင်း၊ မသက်နွယ်အောင်တွင် ဦးခေါင်းနောက်စေ့ ပွင့်ထွက်ဒဏ်ရာများ အသီးသီး ရရှိခဲ့ကြပြီး အခင်းဖြစ်ပွါးသည့်နေရာတွင် သေဆုံးသွားကြောင်း သိရသည်။
#PeopleMedia