တွံတေးမြို့၊ အုန်းပင်စုရပ်ကွက်၌ လက်ဖက်ရည်ဆိုင် ထိုင်နေသည့် လင်မယားနှစ်ဦး သေနတ်ဖြင့် လုပ်ကြံ သတ်ဖြတ်ခံရပြီး လင်ဖြစ်သူ သေဆုံး၊ ဇနီးဖြစ်သူ ကျည်ထိမှန် ဒဏ်ရာရရှိ

PUBLISHED - December 9, 2021
ရန်ကုန်၊ ဒီဇင်ဘာ ၉ (People Media)
ယနေ့ နံနက် ၁၀ နာရီအချိန်ခန့်က ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့၊ အုန်းပင်စုရပ်ကွက် လက်ဖက်ရည်ဆိုင် ထိုင်နေသည့် ဦးလှဝေသည် သေနတ်ဖြင့် လုပ်ကြံခံရ၍ သေဆုံးသွားသလို ၎င်း၏ အမျိုးသမီးဖြစ်သူလည်း ကျည်ထိမှန် ဒဏ်ရာရရှိခဲ့သည်။
ဖြစ်စဉ်မှာ ယနေ့ နံနက်ပိုင်း ဦးလှဝေသည် ၎င်း၏ ဇနီး၊ သမီးဖြစ်သူတို့နှင့်အတူ အုန်းပင်စုရပ်ကွက်အတွင်းရှိ လက်ဖက်ရည်ဆိုင်တစ်ခုတွင် ထိုင်နေစဉ် အမည်မသိလူတစ်ချို့ ဆိုင်အတွင်းသို့ ဝင်၍ ပစ်ခတ်ခဲ့ရာ ဦးလှဝေမှာ သေဆုံးခဲ့ပြီး ၎င်း၏ ဇနီးဖြစ်သူမှာ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ထိုသို့ ပစ်ခတ်အပြီးတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ လာရောက်စစ်ဆေးခဲ့ပြီး၊ တွံတေးမြို့အဝင်ဖြစ်သည့် ဗောင်း တော်ချုပ်လမ်းဆုံတွင်လည်း ပိတ်ဆို့စစ်ဆေးလျက်ရှိကြောင်း သိရသည်။
ဦးလှဝေ သေဆုံးခြင်းနှင့်ပတ်သက်ပြီး တွံတေးမြို့ PDF အဖွဲ့မှ လုပ်ကြံခဲ့ခြင်းဖြစ်ကြောင်း အဆိုပါအဖွဲ့က ထုတ်ပြန်ထားသည်။
#PeopleMedia #တွံတေးမြို့
(unicode)
………………………………………………………