တနိုင်းဒေသဘက်တွင် KIA ဘက်မှ ယခုလအတွင်း နာဂလူငယ် ၆ ဦးကို လူသစ်စုဆောင်း ခေါ်ဆောင်သွား

PUBLISHED - February 20, 2023
မြစ်ကြီးနား၊ ဖေဖော်ဝါရီ ၂၀
ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ တနိုင်းဒေသဘက်တွင် KIA ဘက်မှ လူသစ်စုဆောင်းဖမ်းဆီးမူများ လုပ်ဆောင် နေပြီး ယခုလအတွင်း နာဂလူငယ် ၆ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံများထံမှ သိရသည်။
ယင်းကဲ့သို့ လူသစ်စုဆောင်းမူများကို တနိုင်း – ရှင်ဗွေယန်ကြားရှိ ပန္နက်ကျေးရွာနှင့် တဝမ်ချောင်းကြား၊ ရှင်လုံ ဂါးနှင့် လဂျားဘွန်အနီးတစ်လျှောက်တွင် ခရီးသည်ကားများကို တားစီးပြီး လူငယ်များကို ဖမ်းဆီးခေါ်ဆောင်ရာ တွင် အသက်မပြည့်သူများ ပါဝင်သော်လည်း ပြန်လည်လွတ်ပေးခြင်း မရှိကြောင်း သိရပြီး ယခုလအတွင်း ဖမ်းဆီးခံရသသည့် နာဂလူငယ်များမှာ တနိုင်းဒေသခံ အမျိုးသား (၂) ဦး၊ ဒုံဟီးဘက်မှ အမျိုးသမီး (၂) ဦး၊ ပန်ဆောင်ဘက်မှ အမျိုးသား (၂) ဦးတို့ ဖြစ်ကြောင်း ရှင်ဗွေယန်မြို့နေ ရပ်မိရပ်ဖ တစ်ဦးထံမှ သိရသည်။
“ဖေဖော်ဝါရီလထဲမှာပဲ ဒီတပ်သားသစ်စုဆောင်းရေးလုပ် ဖမ်းဆီးနေတာ ပြန်လုပ်လာကြတယ်၊ သူတို့က ဘိန်းတိုက်ဖျက်ရေးခေါင်းစဉ်နဲ့ ခရီးသည်ကားတွေကို လိုက်စစ်ပီး လူငယ်တွေဆိုရင် ခေါ်သွားတာ အသက် မပြည့်လည်းခေါ်သွားတာပဲ၊ မိန်းကလေးတစ်ယောက်ဆိုရင် အသက် (၁၆)နှစ်ပဲရှိသေးတယ်၊ ဒါပေမဲ့ ပြန်မလွတ်ပေးဘူး၊ ဖမ်းသွားတဲ့ထဲမှာဆိုရင် နာဂလေးတွေပဲ ဒီလထဲဖမ်းတာ ၆ ယောက်ရှိပြီ” ဟု ၎င်းကဆို သည်။
အဆိုပါ လူသစ်စုဆောင်းခေါ်ဆောင်သွားသည့် မိဘများတောင်းဆိုမူကြောင့် ကျေးရွာလူကြီးများမှ တဆင့် KIA အဖွဲ့အစည်းများကို ဆက်သွယ် မေးမြန်သော်လည်း တိကျသည့်သတင်းအချက်အလက်များကို ပြောပြခြင်း မရှိကြောင်း ၎င်းက ဆက်ပြောသည်။
“ဖမ်းခံရတဲ့ကလေးတွေရဲ့ မိဘတွေကနေ ကျွန်တော်တို့ကို အကူညီတောင်းလာလို့ KIA ဘက်ကို ဆက်သွယ် မေးမြန်းရင်လည်း သတင်းတွေ အစအနတွေ ဖျောက်ထားကြတယ် အလိုက်မခံဘူး မြစ်ကြီးနားဘက်မှာ ဖမ်းတာတွေဆိုရင် အသက်မပြည့်ရင်ပြန်လွတ်တာတွေရှိတယ် အခုက ပြန်မလွတ်ပေးတဲ့ အပြင်လိုက်လို့ မရအောင်လုပ်နေကြတာ၊ ဒီလိုမျိုးကိုတော့ ကျွန်တော်တို့ ဒေသခံလူကြီးတွေ အနေနဲ့လည်း သဘောမတူနိုင်ဘူး အသက်မပြည့်သေးရင်တော့ ပြန်လွတ်ပေးစေချင်တယ်” ဟု ၎င်းကဆိုသည်။
ယင်းဖမ်းဆီးခေါ်ဆောင်သွားသည့် ဖြစ်စဉ်နှင့်ပတ်သက်ပြီး ရှင်ဗွေယန်မှ ကျေးရွာလူကြီးများနှင့် တနိုင်းမြို့မှ ရပ်မိရဖများက ဖမ်းဆီးသွားသည့် နာဂလူငယ်များကို ပြန်လွတ်ပေးရန် KIA ဘက်သို့ တောင်းဆိုမူများ လုပ်ဆောင်နေကြောင်း သိရသည်။
သံလွင်
#PeopleMedia
(unicode)
…………………………………………
#PeopleMedia