ထရမ့်ကိုလုပ်ကြံဖို့ ကြိုးစားခဲ့တဲ့သေနတ်သမား ခြုံပုတ်ထဲမှာ ၁၂ နာရီကြာ ပုန်းအောင်းနေခဲ့
PUBLISHED - September 17, 2024
နိုင်ငံတကာ၊ စက်တင်ဘာ ၁၇
သမ္မတဟောင်း/ သမ္မတလောင်း ဒေါ်နယ်ထရမ့်ကို လုပ်ကြံဖို့ ကြိုးစားခဲ့တဲ့ သေနတ်သမားဟာ ကျည်ထိုးထား တဲ့ SKS ဆီမီးအော်တိုရိုင်ဖယ်တစ်လက်နဲ့အတူ ခြုံပုတ်ထဲမှာ ပုန်းအောင်းပြီး ၁၂ နာရီနီးပါး နေရာယူစောင့်ဆိုင်း နေခဲ့ကြောင်း တနင်္လာနေ့ (စက်တင်ဘာ ၁၆ ရက်နေ့) တရားရုံးမှတ်တမ်းထဲမှာ ဖော်ပြထားပါတယ်။
ဒေါ်နယ်ထရမ့်ကို လုပ်ကြံဖို့ ကြိုးစားခဲ့တဲ့ အသက် ၅၈ နှစ်အရွယ် ရိုင်ယန်ဒဗလျူရပ်သ်ကို ဖလော်ရီဒါမှာရှိတဲ့ သမ္မတဟောင်းရဲ့ ကိုယ်ပိုင်ဂေါက်ကွင်းထဲမှာ သေနတ်တစ်လက်နဲ့အတူ ဖမ်းမိခဲ့ပြီး တစ်ရက်အကြာမှာ သေနတ် နှစ်လက်နဲ့ ဆက်နွယ်တဲ့ရာဇဝတ်မှုအတွက် ဖက်ဒရယ်တရားရုံးမှာ စွဲချက်တင်ထားတာဖြစ်ပါတယ်။
ဝက်စ်ပန်းလ်မ်ဘိချ်မြို့က ဖက်ဒရယ်တရားရုံးမှာ တရားစွဲဆိုခံထားရတဲ့ ရပ်သ်ဟာ ကျည်တစ်တောင့်မှ မပစ် လိုက်ရသလို ထရမ့်ကလည်း သူ့ပစ်ကွင်းထဲကို ဝင်ရောက်မလာခဲ့ဘူးလို့ အနီးကပ်လုံခြုံရေးတပ်ဖွဲ့က ပြောပါ တယ်။
“သမ္မတဟောင်းတစ်ဦးကို လုပ်ကြံသတ်ဖြတ်ဖို့ ကြိုးစားမှုတစ်ခုအဖြစ် ဒိကိစ္စကို FBI အဖွဲ့က စုံစမ်းစစ်ဆေးနေပါ တယ်။” လို့ ဖလော်ရီဒါပြည်နယ် တောင်ပိုင်းခရိုင် ရှေ့နေ မက်ကင်ဇီလာပွိုက်တေးက တနင်္လာနေ့မွန်းလွဲပိုင်းက သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
အခင်းဖြစ်နေရာကနေ ထွက်ပြေးဖို့ ကြိုးစားခဲ့တဲ့ ရပ်သ်ကို တနင်္ဂနွေနေ့က ဖမ်းမိခဲပြီး နံပတ်ဖျက်ထားတဲ့ သေ နတ်တစ်လက် တရားမဝင်ကိုင်ဆောင်မှုနဲ့ စွဲချက်တင်ပြီး ဖမ်းဆီးထားပါတယ်။
အမေရိကန်အနီးကပ်လုံခြုံရေးတပ်ဖွဲ့ဝင်တွေ (အထူးတပ်ဖွဲ့ဝင်တွေ) ကို သမ္မတဟောင်းထရမ့်ရောက်မလာခင် အဲဒီ ဂေါက်ကွင်းကို စေလွှတ်ခဲ့တာဖြစ်ပြီး အဲဒီတပ်ဖွဲ့ဝင်တွေက ခြုံပုတ်တစ်ခုထဲကနေ ခြံစည်းရိုးကို ကျော်လွန် ပြီး ဂေါက်ကွင်းဘက်ကို ချိန်ထားတဲ့ သေနတ်ပြောင်းတစ်ခုကို တွေ့ရှိခဲ့တာဖြစ်ပါတယ်။
သေနတ်သမားဟာ မှန်ပြောင်းတပ်ဆင်ထားတဲ့ ရိုင်ဖယ်တစ်လက်၊ ကျောပိုးအိတ်နှစ်လုံးနဲ့ GoPro ကင်မရာတစ် လုံးကို ထားခဲ့ပြီး SUV ကားတစ်စီးနဲ့ ထွက်ပြေးသွားခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။
မကြာခင်မှာပဲ အဲဒီသေနတ်သမားကို လူစည်ကားပြီး ကားရှုပ်ထွေးတဲ့ Interstate 95 လမ်းမကြီးပေါ်မှာ လုံခြုံ ရေးတပ်ဖွဲ့ဝင်တွေက အခုအခံမရှိဘဲ ဖမ်းဆီးမိခဲ့တာဖြစ်ပါတယ်။ သေနတ်သမားရဲ့ကားမှာတပ်ဆင်ထားတဲ့ လိုင်စင်နံပတ်ပြားကလည်း တခြားကားတစ်စီးက ခိုးယူလာပြီး တပ် ဆင်ထားတာဖြစ်ကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။
ထရမ့်ဟာ ဇူလိုင်လ ၁၃ ရက်နေ့ကလည်း ပန်ဆယ်ဗေးနီးယားပြည်နယ် ဘတ္တလာမြို့ မဲဆွယ်ပွဲမှာ သေနတ် သမားတစ်ယောက်က လုပ်ကြံတာကို ခံခဲ့ရပြီး နားရွက်မှာ ဒဏ်ရာရရှိခဲ့ပါတယ်။
ထရမ့်ဟာ နှစ်လဝန်းကျင်မှာ နှစ်ကြိမ်လုပ်ကြံခံခဲ့ရတာဖြစ်တဲ့အတွက် ဒီအဖြစ်အပျက်ကြောင့် အမေရိကန်နိုင်ငံ ရေးလောကရဲ့အကြမ်းဖက်မှုအခြေအနေနဲ့ သေနတ်သမားတစ်ဦးက ဘာ့ကြောင့် ထရမ့်နားကို ဒီလောက်နီးနီး ကပ်ကပ်ရောက်လာရတယ်ဆိုတာကို မေးခွန်းထုတ်နေကြပါတယ်။
Ref: Suspect in Trump assassination attempt may have lain in wait for 12 hours
#PeopleMedia