ထရမ့်နဲ့ ပူတင် ဖုန်းပြောဆိုခဲ့တဲ့သတင်းကို ရုရှားအစိုးရ ငြင်းဆို
PUBLISHED - November 12, 2024
နိုင်ငံတကာ၊ နိုဝင်ဘာ ၁၂
ရုရှားသမ္မတဗလာဒီမာပူတင်နဲ့ အမေရိကန် ရွေးကောက်ပွဲနိုင် အကြိုသမ္မတ ဒေါ်နယ်ထရမ့်တို့ ဖုန်းလိုင်းကနေ စကားပြောဆိုခဲ့တယ်ဆိုတဲ့သတင်းဟာ မဟုတ်မှန်ဘဲ “စိတ်ကူးယဉ် လုပ်ကြံသတင်း” သာဖြစ်ကြောင်း ရုရှား အစိုးရက ပြောကြားလိုက်ပါတယ်။
ယူကရိန်းစစ်ပွဲ အရှိန်မြင့်လာအောင် မလုပ်သင့်ကြောင်း ထရမ့်က ပူတင်ကို ပြောဆိုထားတယ်ဆိုတဲ့သတင်းကို The Washington Post က ပထမဦးဆုံးရေးသားဖော်ပြခဲ့တာဖြစ်ပြီး Reuters သတင်းဌာနကလည်း ရေးသားခဲ့ ပါတယ်။
“ဒီသတင်းက လုံးဝ မမှန်ပါဘူး။ ဒါဟာ လုံးဝ စိတ်ကူးယဉ်သက်သက် လုပ်ကြံသတင်းပါ။ ဘာမှ စကားပြောဆိုခဲ့ တာမရှိပါဘူး။” လို့ ကရင်မလင်နန်းတော် ပြောခွင့်ရပုဂ္ဂိုလ် ဒီမီထရီပက်စ်ကော့ဗ်က ပြောပါတယ်။
“ဒါဟာ လက်ရှိထုတ်လွှင့်နေတဲ့သတင်းတွေ တစ်ခါတလေမှာ ဘက်မလိုက်မျှတပါတယ်ဆိုတဲ့ သတင်းဌာနတွေ အပါအဝင်ပေါ့လေ အဲဒီလို သတင်းဌာနတွေရဲ့ သတင်းအရည်အသွေးအတွက် အထင်ရှားဆုံး နမူနာပါပဲ။” လို့ ၎င်းက ပြောပါတယ်။
သမ္မတပူတင်အနေနဲ့ ဒေါ်နယ်ထရမ့်နဲ့ စကားပြောဖို့ သီးခြား အစီအစဉ်မရှိသေးကြောင်း ပက်စ်ကောဗ်က ပြောပါတယ်။
အမေရိကန်အစိုးရက ဥရောပဒေသမှာ အတော်အတန်များပြားတဲ့ စစ်အင်အား တပ်ဖြန့်ချထားတာကို ပူတင်ကို ထရမ့်က သတိပေးခဲ့ကြောင်း The Washington Post က ရေးသားဖော်ပြခဲ့ပါတယ်။
ဒါ့အပြင် ယူကရိန်းစစ်ပွဲနဲ့ပတ်သက်ပြီး မကြာခင် ထပ်မံဆွေးနွေးဖို့အတွက်လည်း စိတ်ဝင်စားနေတယ်လို့ ထရမ့် က ပူတင်ကို ပြောဆိုခဲ့ကြောင်း The Washington Post က ပြောပါတယ်။
ရွေးကောက်ပွဲအနိုင်ရခဲ့တဲ့ ထရမ့်ကို ပြီးခဲ့တဲ့အပတ် ကြာသပတေးနေ့ (နိုဝင်ဘာ ၇ ရက်နေ့) က ပူတင်က ဂုဏ် ယူဝမ်းမြောက်ကြောင်းနဲ့ မဲဆွယ်ပွဲကာလ လုပ်ကြံမှုနဲ့ပတ်သက်ပြီး ထရမ့်ရဲ့ တုံ့ပြန်ပုံကို လေးစားကြောင်း ပြော ဆိုလိုက်ပြီးနောက် အခုလို ဖုန်းစကားပြောခဲ့တယ်ဆိုတဲ့ သတင်းထွက်ပေါ်လာတာ ဖြစ်ပါတယ်။
အစပိုင်းမှာ မီဒီယာသတင်းတွေမှားယွင်းကြောင်း ဒီမီထရီပက်စ်ကော့ဗ်ကပြောဆိုခဲ့ပေမဲ့ နောက်ပိုင်းမှာ သတင်း မှန်ကြောင်း ပေါ်ထွက်လာတဲ့ သမိုင်းလည်း ရှိပါတယ်။
လတ်တလောအဖြစ်အပျက်ကို ကြည့်ရင် ရုရှားနိုင်ငံမှာ မြောက်ကိုရီးယားတပ်ဖွဲ့တွေရောက်နေတယ်ဆိုတဲ့ သ တင်းကို အသံဖိုင်တွေ၊ မျက်မြင်သက်သေတွေ ရှိနေပေမဲ့ “လုပ်ကြံသတင်း” အဖြစ် ပက်စ်ကော့ဗ်က ပြောဆိုခဲ့ ဖူးပါတယ်။
ထရမ့်နဲ့ စကားပြေဆိုခဲ့တယ်ဆိုတာကို ရုရှားအစိုးရက ငြင်းဆိုခဲ့ပေမဲ့ ခေါင်းဆောင်နှစ်ဦးဟာ နဂိုကတည်းက ပွင့်ပွင့်လင်းလင်း ဆွေးနွေးချင်တယ်လို့ ပြောဆိုထားတာတွေရှိနေပါတယ်။
ထရမ့်အဖွဲ့ကတော့ အဲဒီဖုန်းခေါ်ဆိုမှုသတင်းကို အတည်ပြုပြောကြားခြင်း မရှိပါဘူး။
“သမ္မတထရမ့်နဲ့ တခြားနိုင်ငံ့ခေါင်းဆောင်တွေကြား သီးသန့် ဖုန်းပြောဆိုမှုတွေနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ မှတ်ချက်ပြုပြောကြားတာမျိုး မရှိပါဘူး။” လို့ ထရမ့်ရဲ့ ဆက်သွယ်ရေးဒါရိုက်တာ စတီဗင်ချောင်က Fox News သတင်းဌာနကို ဖြေကြားခဲ့ပါတယ်။
Ref: Kremlin says reports of Trump-Putin call about Ukraine are ‘pure fiction’: The Guardian
#PeopleMedia