ထရမ့်ရဲ့ နိုင်ငံသားဖြစ်ခွင့် ပိတ်ပင်မှုအမိန့်ကို အမေရိကန်တရားသူကြီး ယာယီတားဆီး

PUBLISHED - January 24, 2025
နိုင်ငံတကာ၊ ဇန်နဝါရီ ၂၄
အမေရိကန်နိုင်ငံတွင်း ယာယီနေထိုင်တဲ့ ဒါမှမဟုတ် ဥပဒေအရအထောက်အထားမဲ့နေထိုင်တဲ့ ရွှေ့ပြောင်းနေထိုင်သူ တွေက မွေးဖွားလာတဲ့ ကလေးငယ်တွေကို အလိုအလျောက်နိုင်ငံသားဖြစ်ခွင့် ရပ်ဆိုင်းဖို့ ရည်ရွယ်ထားတဲ့ သမ္မတဒေါ် နယ်ထရမ့်ရဲ့ အမိန့်ကို အမေရိကန်ခရိုင်တရားရုံး တရားသူကြီး ဂျွန်ဆီကော့က်နာဝါက ဇန်နဝါရီ ၂၃ ရက်နေ့ (ကြာသပ တေးနေ့) က ယာယီတားဆီးအမိန့်တစ်ရပ်ထုတ်ပြန်လိုက်ပါတယ်။
ဆီယက်တဲလ်မြို့မှာ ကြားနာစစ်ဆေးမှုတစ်ခုပြုလုပ်ပြီးနောက်မှာ တရားသူကြီး ကော့က်နာဝါက အခုလို ယာယီတားဆီး မိန့်ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။
အမေရိကန်မြေပေါ်မှာမွေးဖွားတဲ့သူတိုင်းအတွက် နိုင်ငံသားဖြစ်ခွင့်ပေးထားတဲ့ဥပဒေပါ အခွင့်အရေးကို ပိတ်ပင်တားဆီး ဖို့ ထရမ့်အစိုးရရဲ့ကြိုးပမ်းမှုကို အော်ရီဂွန်၊ အရီဇိုးနား၊ အီလီနွိုက်နဲ့ ဝါရှင်တန်ပြည်နယ်တွေက တရားစွဲဆိုလာတဲ့ စွဲဆိုမှု တွေထဲက အမှုတစ်ခုကို တုံ့ပြန်တဲ့အနေနဲ့ တရားသူကြီးက အခုလို သမ္မတအမိန့်ယာယီတားမြစ်မှုကို လက်မှတ်ရေးထိုးခဲ့ တာဖြစ်ပါတယ်။
သမ္မတရဲ့အမိန့်ဟာ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ မညီကြောင်း ဆီယက်တဲလ်မှာရှိတဲ့ တရားရုံးအခန်းထဲမှာ တရားသူကြီး ကော့က်နာဝါက တရားရေးဝန်ကြီးဌာနက ရှေ့နေ ဘရက်ရှူးမိတ်ကို ပြောပါတယ်။
“ကျွန်တော် တရားသူကြီးအဖြစ်တာဝန်ထမ်းဆောင်လာတာ အနှစ်လေးဆယ်ရှိပါပြီ။ အခုမေးခွန်းလောက် ရှင်းလင်းတဲ့ မေးခွန်းမျိုး တခြားအမှုတွေမှာရှိခဲ့တယ်လို့ မကြားခဲ့ဖူးပါဘူး။ အခုလို အခြေခံဥပဒေကို ပြောင်ပြောင်တင်းတင်း ချိုး ဖောက်တာလည်း မကြားဖူးပါဘူး။” လို့ ၎င်းက ပြောပါတယ်။
သမ္မတထရမ့်ရဲ့အမိန့်ကို ဆန်းစစ်လေ့လာနေစဉ်အတွင်း ထရမ့်လက်မှတ်ရေးထိုးထားတဲ့ အဲဒီအစိုးရအမိန့်ကို လိုက်နာ ဆောင်ရွက်ခြင်းမလုပ်ဖို့ အစိုးရဌာနတွေကို တားမြစ်ပိတ်ပင်တဲ့ ညွှန်ကြားချက်ကို တရားသူကြီး ကော့က်နာဝါက ထုတ် ပြန်ခဲ့တာဖြစ်ပါတယ်။
“သေချာတာပေါ့။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ အယူခံတင်မှာပါ။” လို့ တရားသူကြီးရဲ့ ဆုံးဖြတ်ချက်နဲ့ ပတ်သက် ပြီး ထရမ့်က အိမ်ဖြူတော်ကနေ ကြာသပတေးနေ့က ပြန်ပြောပါတယ်။
အစိုးရသစ်ဟာ ထရမ့်ရဲ့ညွှန်ကြားချက်ကို အားသွန်ခွန်စိုက် ကာကွယ်သွားမှာဖြစ်ကြောင်း အမေရိကန်တရားရေးဝန်ကြီး ဌာန ပြောခွင့်ရပုဂ္ဂိုလ်တစ်ဦးက NPR သတင်းဌာနကို email နဲ့ ပြောပါတယ်။
“ကျွန်တော်တို့အနေနဲ့ တရားရုံးကိုရော ကျွန်တော်တို့ရဲ့ ဥပဒေသစ်တွေ အသက်ဝင်သွားမှာ သေမလောက်ကြောက်နေ တဲ့ အမေရိကန်ပြည်သူတွေကိုရော ရှင်းလင်းပြည့်စုံတဲ့ဖြေရှင်းချက်တစ်ခု တင်ပြသွားနိုင်ဖို့ မျှော်လင့်စောင့်စားနေပါ တယ်။” လို့ တရားရေးဝန်ကြီးဌာန အရာရှိက ပြောပါတယ်။
တရားရုံးအပြင်ဘက်မှာတော့ တရားသူကြီးရဲ့ (သမ္မတအမိန့်အပေါ်) သံသယဖြစ်မှုကို ဝါရှင်တန်ပြည်နယ် ရှေ့နေချုပ် နစ်ခ်ဘရောင်းက ချီးကျူးလိုက်ပါတယ်။
“ဒါက ပထမအဆင့်ပဲရှိပါသေးတယ်။ အနှစ် ၄၀ အတွေ့အကြုံရှိတဲ့ တရားသူကြီးတစ်ယောက်ဆီက ကြားနာစစ်ဆေးမှု ကိုကြားရဖို့ဆိုတာ သူ့အနေနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒီလောက်ပြောင်ပြောင်တင်းတင်း ချိုးဖောက်တဲ့ လုပ်ရပ်မျိုး မကြားခဲ့ဖူးဘူးဆိုတဲ့ လေသံကိုနားထောင်ကြည့်ရင် ဒီကြိုးပမ်းမှုရဲ့ အရေးကြီးပုံကို သိနိုင်ပါလိမ့်မယ်။” လို့ ၎င်းက ပြောပါတယ်။
ဝါရှင်တန်ပြည်နယ် ရှေ့နေချုပ်ဘရောင်းဟာ သမ္မတအမိန့်ကို ပိတ်ပင်တားဆီးဖို့အတွက် တရားစွဲဆိုခဲ့တဲ့ ဒီမိုကရက်တွေ လွှမ်းမိုးထားတဲ့ ပြည်နယ်ပေါင်း ၂၂ ခုက ရှေ့နေချုပ်တွေထဲက တစ်ဦးဖြစ်ပါတယ်။
ကြာသပတေးနေ့က တရားရုံး ဆုံးဖြတ်ချက်ထွက်ပေါ်လာပြီးနောက်မှာ “ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ မညီတဲ့၊ အမေရိကန်အ စိုးရမဆန်တဲ့ ဒီညွှန်ကြားချက်ဟာ ဘယ်တော့မှ အသက်ဝင်လာမှာ မဟုတ်ဘူးလို့ မျှော်လင့်ပါတယ်။” လို့ ပြောပါတယ်။
ထရမ့်ကို တရားစွဲဆိုထားတဲ့ ကယ်လီဖိုးနီးယားပြည်နယ် ရှေ့နေချုပ်ဖြစ်တဲ့ ရော့ဘွန်တာကလည်း “အမေရိကန်ပြည် ထောင်စုတစ်ဝန်းက တခြားတရားရုံးတွေဆီကလည်း အလားတူ အမိန့်မျိုးထုတ်ပြန်လိမ့်မယ်လို့ မျှော်လင့်ထားကြောင်း” NPR သတင်းဌာနကို ပြောပါတယ်။
ကယ်လီဖိုးနီးယားပြည်နယ်မှာ နိုင်ငံသားဖြစ်ခွင့်ရတဲ့ ကလေးသူငယ် ၂၅၀၀၀ နှစ်စဉ်မွေးဖွားနေပြီး ထရမ့်ရဲ့ညွှန်ကြား ချက်သာ တရားဝင်အတည်ဖြစ်သွားခဲ့ရင် အဆိုပါကလေးငယ်တွေဟာ အချိန်မရွေး မောင်းထုတ်ခံရနိုင်ကြောင်း၊ ဖက်ဒ ရယ်အစိုးရကထောက်ပံ့ထားတဲ့ အဟာရတွေ၊ အိမ်ရာနေထိုင်ခွင့်နဲ့ ကျန်းမာရေးစောင့်ရှောက်မှုအပါအဝင် တခြားအခွင့် အရေးတွေ ရရှိတော့မှာ မဟုတ်ကြောင်း ၎င်းက ပြောပါတယ်။
“အမေရိကန်ပြည်ထောင်စုအတွင်း မွေးဖွားတဲ့ လူပုဂ္ဂိုလ်အားလုံး သို့မဟုတ် နိုင်ငံသားအဖြစ် ခံယူထားသူအားလုံးကို နိုင် ငံသားအဖြစ် သတ်မှတ်ပေးအပ်ထားပြီး အဆိုပါပုဂ္ဂိုလ်အားလုံးသည် နိုင်ငံတော် ကျေးဇူးသစ္စာကို စောင့်သိရမည်။” လို့ အမေရိကန်ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ချက်အမှတ် ၁၄ မှာ ဖော်ပြထားပါတယ်။
Ref: U.S. judge temporarily blocks Trump’s birthright citizenship order
#PeopleMedia