• Follow Us on
Latest News

Home ထရမ့်ရဲ့ နေရပ်ပြန်ပို့ရေးအစီအစဉ် အမေရိကန်လေယာဉ် ပထမတန်းစီးနင်းခထက် ငါးဆကျော်များပြားနေ

ထရမ့်ရဲ့ နေရပ်ပြန်ပို့ရေးအစီအစဉ် အမေရိကန်လေယာဉ် ပထမတန်းစီးနင်းခထက် ငါးဆကျော်များပြားနေ

Share this post

နိုင်ငံတကာ၊ ဇန်နဝါရီ ၃၁

 

အမေရိကန်သမ္မတဒေါ်နယ်ထရမ့်အမိန့်အရ ဂွာတီမာလာရွှေ့ပြောင်းနေထိုင်သူတွေကို အမေရိကန်စစ်သုံးလေယာဉ်နဲ့ ဇန်နဝါရီ ၂၇ ရက်နေ့ (တနင်္လာနေ့) က နေရပ်ပြန်ပို့ရာမှာ ရွှေ့ပြောင်းတစ်ဦးအတွက် ၄,၆၇၅ ဒေါ်လာ ကုန်ကျခဲ့ကြောင်း အမေရိကန်နဲ့ ဂွာတီမာလာ အရာရှိတွေက ပြောကြားလိုက်ပါတယ်။

 

ဒီကုန်ကျစရိတ်ဟာ အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ် အယ်လ်ပါဆိုမြို့ကနေ ဂွာတီမာလာကိုပျံသန်းတဲ့ အမေရိ ကန်လေကြောင်းလိုင်းတွေက ခရီးစဉ်တစ်ခုအတွက် ကျသင့်တဲ့ ပထမတန်းစားလက်မှတ်တစ်စောင်ရဲ့ ကျသင့်ငွေ ၈၅၃ ဒေါ်လာထက် ငါးဆကျော် ပိုမိုများပြားနေတယ်လို့ ဆိုပါတယ်။

 

ဒါ့အပြင် အခုစုစုပေါင်းကုန်ကျစရိတ်ဟာ အမေရိကန်လူဝင်မှုကြီးကြပ်ရေးနဲ့ အကောက်ခွန်အဖွဲ့ (ICE) က အသုံးပြုတဲ့ အရပ်ဘက်စင်းလုံးငှားလေယာဉ်တစ်စင်းရဲ့ ကုန်ကျစရိတ်ထက်လည်း သိသိသာသာ ပိုမိုများပြားနေတယ်လို့ ဆိုပါ တယ်။

 

နိုင်ငံတွင်း ရွှေ့ပြောင်းနေထိုင်သူများဆိုင်ရာ အရေးပေါ်ကြေညာချက်အစိတ်အပိုင်းတစ်ရပ်အဖြစ် ထရမ့်ဟာ ပြီးခဲ့တဲ့အ ပတ်ကစပြီး စစ်သုံးလေယာဉ်တွေနဲ့ ရွှေ့ပြောင်းနေထိုင်သူတွေကို မိခင်နိုင်ငံတွေ ပြန်လည်ပို့ဆောင်လျက်ရှိရာ လက်တင် အမေရိကဒေသကို လေယာဉ်ခရီးစဉ် ခြောက်ကြိမ် ပို့ဆောင်ခဲ့ပြီးဖြစ်ပါတယ်။

 

ကိုလံဘီယာနိုင်ငံက ထရမ့်နဲ့ လိပ်ခဲတည်းလည်းဖြစ်ပြီး C-17 အမေရိကန်စစ်လေယာဉ် ၂ စင်းဆင်းသက်ခွင့်မပေးဘဲ ၎င်းတို့နိုင်ငံပိုင်လေယာဉ်တွေကို စေလွှတ်ပေးခဲ့တာကြောင့် အဲဒီလေယာဉ်ခရီးစဉ်တွေထဲက ၄ စင်းပဲ ဂွာတီမာလာနိုင်ငံ မှာဆင်းသက်ခဲ့တာဖြစ်ပါတယ်။

 

C-17 စစ်ဘက်ဆိုင်ရာသယ်ယူပို့ဆောင်ရေးလေယာဉ်တစ်စင်း တစ်နာရီပျံသန်းတဲ့ ကုန်ကျစရိတ်ဟာ ဒေါ်လာ ၂၈,၅၀၀ ကုန်ကျကြောင်း အမည်မဖော်လိုတဲ့ အမေရိကန်အရာရှိတစ်ဦးက ရိုက်တာသတင်းဌာနကို ပြောပါတယ်။

 

လေယာဉ်မြေပြင်မှာ ရပ်နားချိန် ဒါမှမဟုတ် မပျံသန်းမီ ကြိုတင်ပြင်ဆင်ချိန်တွေမပါဘဲ ဂွာတီမာလာ အသွားအပြန်ခရီး စဉ်အတွက် လေယာဉ်ပျံသန်းချိန်ဟာ ၁၀ နာရီခွဲဝန်းကျင်ကြာမြင့်ကြောင်း အဆိုပါအရာရှိက ပြောပါတယ်။

 

တနင်္လာနေ့က ဂွာတီမာလာကို ဆင်းသက်လာတဲ့ စစ်ဘက်ဆိုင်ရာသယ်ယူပို့ဆောင်ရေးလေယာဉ်မှာ ပြည်တော်ပြန် ၆၄ ဦးပါလာကြောင်း ဂွာတီမာလာအရာရှိတစ်ဦးက ရိုက်တာသတင်းဌာနကို ပြောပါတယ်။

 

ဒီကိစ္စနဲ့ ပတ်သက်ပြီး ပင်တဂွန်စစ်ဌာနချုပ်ကတော့ ပြန်လည်ဖြေကြားတာ မရှိသေးပါဘူး။ စစ်သုံးလေယာဉ်တွေကိုအသုံးပြုပြီး ရွှေ့ပြောင်းနေထိုင်သူတွေ မိခင်နိုင်ငံပြန်ပို့တာကို ဆက်လက်ဆောင် ရွက်သွားမှာ ဖြစ်ပြီး ငြင်းပယ်တဲ့ဘယ်နိုင်ငံမဆို “စီးပွားရေးတန်ဖိုး ကြီးကြီးမားမား ပေးဆပ်ရလိမ့်မယ်” လို့ ဒိုရယ်လ်ဂေါက်ကွင်းမှာ ထရမ့်က ရီပတ်ဘလီကန်အမတ်တွေကို တနင်္လာနေ့က ပြောပါတယ်။

 

“သမိုင်းမှာ ပထမဦးဆုံးအကြိမ်ဖြစ် ကျွန်တော်တို့ဟာ တရားမဝင်နိုင်ငံခြားသားတွေကို စစ်သုံးလေယာဉ်တွေထဲထည့်ပြီး သူတို့လာခဲ့တဲ့ နိုင်ငံတွေဆီ ပြန်ပို့နေပါတယ်။” လို့ ထရမ့်က ပြောချိန်မှာ လက်ခုပ်သံတွေ ဆူညံသွားပါတယ်။

 

“နှစ်ပေါင်းများစွာကြာအောင် ကျွန်တော်တို့ကို ငတုံးငအတွေလို့ လှောင်ပြောင်ပြက်ရယ်ပြုခံရပြီးတဲ့နောက်မှာ လူလေး စားခံရတဲ့ဘဝကို ပြန်လည်ရောက်ရှိလာပါပြီ။” လို့ ၎င်းက ပြောပါတယ်။

 

Ref: US military deportation flight likely cost more than first class: Reuters

 

#PeopleMedia


Share this post