ထားဝယ်အထူးစီးပွါးရေးဇုန်သည် အရှေ့တောင်အာရှတွင် အရေးပါသည့် ဇုန်တစ်ခု ဖြစ်လာနိုင်

PUBLISHED - January 16, 2025
နေပြည်တော်၊ ဇန်နဝါရီ ၁၆
ထားဝယ်အထူးစီးပွားရေးဇုန်သည် အရှေ့တောင်အာရှတွင် အရေးပါသည့် ဇုန်တစ်ခု ဖြစ်လာနိုင်ကြောင်း မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုလုပ်ငန်းအဖွဲ့ဥက္ကဋ္ဌ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်က ပြောကြားသည်။
ဇန်နဝါရီလ (၁၄)ရက်က နေပြည်တော်ရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ညီလာခံခန်းမ၌ ကျင်းပသည့် မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုလုပ်ငန်းအဖွဲ့၏ ၂၀၂၄ -၂၀၂၅ ဘဏ္ဍာနှစ် တတိယအကြိမ် အစည်းအဝေးတွင် ဒေါက်တာကံဇော်က ယင်းသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
ထားဝယ်အထူးစီးပွားရေးဇုန်သည် အရှေ့တောင်အာရှတွင် အရေးပါသည့် ဇုန်တစ်ခု ဖြစ်လာနိုင်သည့်အတွက် ဆက်လက်ဆောင်ရွက်ရမည့် ကိစ္စရပ်များကို အရှိန်အဟုန်မပြတ် ဆောင်ရွက်ပြီး ရင်းနှီးတည်ထောင်သူနှင့် ရင်းနှီးမြှုပ်နှံမှု များ ဖိတ်ခေါ်ရေး၊ နိုင်ငံအတွင်း အထူး စီးပွားရေးဇုန်များ ဖွံ့ဖြိုးမှုမြန်ဆန်ရေး၊ ရင်းနှီးတည် ထောင်သူနှင့် ရင်းနှီးမြှုပ်နှံသူများအား မြန်မာအထူးစီးပွားရေးဇုန် ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ဆောင်ရွက် ပေးရေးကိစ္စရပ်များ ပြုလုပ်ရန် ဒေါက်တာကံဇော်က ပြောကြားခဲ့ခြင်းဖြစ်သည်။
ယင်းအပြင် မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုလုပ်ငန်းအဖွဲ့ဥက္ကဋ္ဌက သီလဝါအထူးစီးပွားရေးဇုန်အတွင်း ရင်းနှီး မြှုပ်နှံမှုလုပ်ငန်းအသစ်များ ဝင်ရောက်ခဲ့ မှုအခြေအနေ၊ မြန်မာအစိုးရအသိအမှတ် ပြုစုပေါင်းကုမ္ပဏီ (Myanmar Government Designated Entity-GDE) အဖြစ် ဖွဲ့စည်းထားသည့် Kyauk Phyu SEZ Consortium Company Limited နှင့် CITIC Consortium တို့အကြား ပူးပေါင်း ညှိနှိုင်းဆောင်ရွက်ပြီး လုပ်ငန်းများ အောင်မြင်အောင် ဆက်လက်ဆောင်ရွက်ရန် မှာကြားခဲ့သည်။
ထားဝယ်အထူးစီးပွားရေးဇုန်သည် ဧရိယာ (၁၉၆) စတုရန်းကီလိုမီတာရှိပြီး ကနဦးစီမံကိန်းတွင် (၂၇) စတုရန်းကီလိုမီတာ ပါဝင်ကာ ပင်မစီမံကိန်းတွင် ၂၀၃၀ ပြည့်နှစ်အထိကို ပထမပိုင်း၊ ၂၀၃၀ ပြည့်နှစ်မှ ၂၀၄၀ ပြည့်နှစ်အထိကို ဒုတိယပိုင်း၊ ၂၀၄၀ ပြည့်နှစ်မှ ၂၀၅၀ ပြည့်နှစ်အထိကို တတိယပိုင်းဟူ၍ ခွဲခြားထားကြောင်း သိရသည်။
#PeopleMedia