• Follow Us on

Home ထိပ်တန်းခေါင်းဆောင်တစ်ဦး သေဆုံးသွားပြီးနောက် ဟစ်ဘိုလာအဖွဲ့ အစ္စရေးဘက်ကို ဒုံးကျည်တွေနဲ့ ဆက်တိုက်ပစ်ခတ်

ထိပ်တန်းခေါင်းဆောင်တစ်ဦး သေဆုံးသွားပြီးနောက် ဟစ်ဘိုလာအဖွဲ့ အစ္စရေးဘက်ကို ဒုံးကျည်တွေနဲ့ ဆက်တိုက်ပစ်ခတ်

Share this post

နိုင်ငံတကာ၊ ဇွန် ၁၃

 

အစ္စရေးလေကြောင်းတိုက်ခိုက်မှုကြောင့် အင်္ဂါနေ့က လက်ဘနွန်တောင်ပိုင်းမှာ ဟစ်ဘိုလာထိပ်တန်းခေါင်း ဆောင်တစ်ဦး သေဆုံးသွားပြီးနောက် လက်ဘနွန်နိုင်ငံထဲက ဟစ်ဘိုလာတွေဟာ အစ္စရေးမြောက်ပိုင်းကို ဗုဒ္ဓဟူးနေ့ (ဇွန်လ ၁၂ ရက်နေ့) က ဒုံးကျည်တွေဆက်တိုက်ပစ်ခတ်ခဲ့ကြောင်း အစ္စရေးတပ်မတော်က ပြောပါ တယ်။

 

ပြီးခဲ့တဲ့နှစ် အောက်တိုဘာလ ၇ ရက်နေ့ ဟားမတ်စ်အဖွဲ့က အစ္စရေးကို ဝင်ရောက်တိုက်ခိုက်ခဲ့စဉ်ကတည်းက လက်ဘနွန်နိုင်ငံထဲက ဟစ်ဘိုလာစစ်သွေးကြွအုပ်စုနဲ့ အစ္စရေးစစ်တပ်ဟာ နေ့စဉ်နီးပါး နှစ်ဖက် အပြန်အလှန် ပစ်ခတ်ခဲ့ကြပါတယ်။

 

“ပြီးခဲ့တဲ့အချိန်တိုလေးအတွင်းမှာပဲ လက်ဘနွန်နိုင်ငံဘက်က ပျံသန်းလာတဲ့ ဒုံးကျည် ၉၀ ဝန်းကျင်လောက်ကို ခြေရာခံဖော်ထုတ်နိုင်ခဲ့ပါတယ်။ ဒုံးကျည်တချို့ကို ပစ်ချနိုင်ခဲ့ပေမဲ့ ဒုံးကျည်တချို့ကတော့ အစ္စရေးနိုင်ငံမြောက် ပိုင်းက နယ်မြေတချို့မှာ ကျရောက်ပေါက်ကွဲခဲ့ပါတယ်။” လို့ အစ္စရေးစစ်တပ်က ထုတ်ပြန် ကြေညာခဲ့ပါတယ်။

 

မကြာသေးခင်ရက်ပိုင်းအတွင်း တင်းမာမှုတွေမြင့်တက်လာတာကြောင့် နှစ်ဖက်စလုံး အပြန်အလှန်ပစ်ခတ်မှု တွေ ပိုမိုမြင့်တက်လာခဲ့ပါတယ်။

 

ပထမအသုတ် ဒုံးကျည်အစင်း ၉၀ ဝန်းကျင်ပစ်ခတ်ပြီးနောက် အချိန်တိုအတွင်းမှာပဲ ဒုတိယအသုတ်အဖြစ် ဒုံးကျည်အစင်း ၇၀ ဝန်းကျင်ကို လက်ဘနွန်ဘက်က ပစ်ခတ်ခဲ့ကြောင်း အစ္စရေးစစ်တပ်က ပြောပါတယ်။

 

ဒုံးကျည်ပစ်ခတ်မှုတွေကြောင့် ထိခိုက်သေဆုံးမှုသတင်းတွေ တက်မလာသေးဘူးလို့ အစ္စရေးအရေးပေါ်ဆေးဝါး ကုသရေး Magen David Adom အဖွဲ့က ပြောပါတယ်။

 

အင်္ဂါနေ့က အစ္စရေးလေကြောင်းတိုက်ခိုက်မှုကြောင့် ဟစ်ဘိုလာထိပ်တန်းခေါင်းဆောင်တစ်ဦး သေဆုံးသွားတဲ့ အတွက် ဟစ်ဘိုလာဘက်က အခုလို ဒုံးကျည်တွေ ဆက်တိုက်ပစ်ခတ်ခဲ့တာဖြစ်ပါတယ်။

 

လုပ်ကြံသတ်ဖြတ်မှုကို ကျူးလွန်ခဲ့တဲ့ ဇီယွန်ဝါဒီရန်သူကို လက်တုံ့ပြန်တဲ့အနေနဲ့ အစ္စရေးနိုင်ငံမြောက်ပိုင်းက စစ်စခန်း ၃ ခုကို ကက်ယူရှာ (Katyusha) ရော့ကက်တွေနဲ့ ပစ်ခတ်ခဲ့သလို အစ္စရေးလက်နက်စက်ရုံတစ်ခုကို လည်း ပဲ့ထိန်းဒုံးကျည်တွေနဲ့ ပစ်ခတ်ခဲ့ကြောင်း ဟစ်ဘိုလာအဖွဲ့က ပြောပါတယ်။

 

လုပ်ကြံသတ်ဖြတ်ခံရတဲ့ ခေါင်းဆောင်ဟာ ၁၉၆၉ ခုနှစ်မှာ မွေးဖွားခဲ့ပြီး အဘူတလက်ဘ်လို့လည်း လူသိများတဲ့ တလက်ဘ်ဆာနီအဗ္ဗဒူလာ ဖြစ်ကြောင်း ဟစ်ဘိုလာအဖွဲ့က ပြောပါတယ်။

 

အင်္ဂါနေ့ကစပြီး အစ္စရေးတိုက်ခိုက်မှုကြောင့် ၎င်းတို့အဖွဲ့ဝင် ၇ ဦးသေဆုံးခဲ့ပြီး အဲဒီအထဲက ၄ ဦးဟာ အဗ္ဗဒူလာနဲ့ အတူ သေဆုံးခဲ့တာဖြစ်ကြောင်း ဟစ်ဘိုလာအဖွ့ဲနဲ့နီးစပ်တဲ့ သတင်းရင်းမြစ်တစ်ဦးက AFP ကို ပြောပါတယ်။

 

သေဆုံးသွားတဲ့ထိပ်တန်းစစ်ခေါင်းဆောင်ဟာ လက်ရှိစစ်ပွဲစတင်ဖြစ်ပွားချိန်ကတည်းက အစ္စရေးဘက်ကလုပ် ကြံသတ်ဖြတ်မယ့် ဟစ်ဘိုလာအဖွဲ့ထဲက အရေးအကြီးဆုံးပစ်မှတ်ဖြစ်ကြောင်း လက်ဘနွန်စစ်တပ်သတင်းရင်း မြစ်တစ်ဦးက ပြောပါတယ်။

 

အင်္ဂါနေ့မနက်ပိုင်းက ဟစ်ဘိုလာဘက်က အစ္စရေးနိုင်ငံ ဂိုလန်ကုန်းမြင့်ဘက်က စစ်စခန်းတွေကို ရော့ကက်အ စင်း ၅၀ ဝန်းကျင်နဲ့ ပစ်ခတ်ခဲ့ပြီးနောက် အဗ္ဗဒူလာတို့ ဟစ်ဘိုလာအဖွဲ့ကို အစ္စရေးဘက်က လက်တုံ့ပြန်တိုက် ခိုက်ခဲ့တာဖြစ်ပါတယ်။

 

ဂါဇာစစ်ပွဲစတင်ခဲ့တဲ့ ရှစ်လကျော်ကာလအတွင်း လက်ဘနွန်နယ်စပ်က နှစ်ဖက်ပစ်ခတ်မှုတွေကြောင့် လက်ဘ နွန်နိုင်ငံဘက်မှာ ၄၆၇ ဦးထက်မနည်းသေဆုံးခဲ့ရာ အများစုက ဟစ်ဘိုလာစစ်သွေးကြွတွေဖြစ်ပေမဲ့ အဲဒီအထဲ က ၉၀ ဝန်းကျင်က အရပ်သားတွေဖြစ်တယ်လို့ ဆိုပါတယ်။

 

အစ္စရေးဘက်ကလည်း အဲဒီကာလအတွင်း အစ္စရေးစစ်သည် ၁၅ ဦးနဲ့ အရပ်သား ၁၁ ဦး သေဆုံးခဲ့တယ်လို့ ပြောပါတယ်။

 

နှစ်နိုင်ငံနယ်စပ်မှာရှိတဲ့ ပြည်သူထောင်ပေါင်းများစွာဟာ တိုက်ပွဲတွေကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးနေကြရ ပါတယ်။

 

အောက်တိုဘာလ ၇ ရက်နေ့တိုက်ခိုက်မှုမှာ အစ္စရေးဘက်က လူဦးရေ ၁၂၀၀ ဝန်းကျင်သေဆုံးခဲ့သလို အစ္စရေးရဲ့ လက်တုံ့ပြန်တိုက်ခိုက်မှုကြောင့် ဂါဇာကမ်းမြောင်ဒေသမှာ ပါလက်စတိုင်း ၃၇,၁၆၄ ဦးထက်မနည်း သေဆုံးသွားပြီဖြစ်ပါတယ်။

 

Ref: Hezbollah Rains Rockets on Israel after Strike Kills Commander

 

#PeopleMedia


Share this post