ထိပ်တန်းတာဝေးပစ် စနိုက်ပါရိုင်ဖယ်ထုတ်လုပ်နိုင်ဖို့ အမေရိကန်တပ်မတော်ကြိုးပမ်းနေ
PUBLISHED - January 9, 2024
နိုင်ငံတကာ၊ ဇန်နဝါရီ ၉
အမေရိကန်တပ်မတော်ဟာ အလွန်ဝေးကွာတဲ့အရပ်က ပစ်မှတ်တွေကို ပစ်ခတ်နိုင်တဲ့ ထိပ်တန်းတာဝေးပစ် စနိုက်ပါသေနတ်အသစ် ထုတ်လုပ်နိုင်ဖို့အတွက် မိတ်ဖက် ကုမ္ပဏီတွေကို ရှာဖွေနေကြောင်း The Defense Post မှာ ရေးသားထားပါတယ်။
အသစ်ထုတ်လုပ်မယ့် စနိုက်ပါဟာ မီတာ ၂,၅၀၀ (၁.၆ မိုင်) အကွာအဝေးအထိ တိကျထိရောက်စွာပစ်ခတ်နိုင် ရမယ်လို့ မကြာသေးခင်က ကြေညာထားတဲ့ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။
စနိုက်ပါဟာ သီးခြားဖန်တီးထုတ်လုပ်ထားတဲ့ စက်ပစ္စည်းအစိတ်အပိုင်းတွေနဲ့ပေါင်းစပ်ထားတဲ့ ဒီဇိုင်းမျိုးဖြစ်ရမှာ ဖြစ်ပြီး သေနတ်အရှည် ၅၆ လက်မ (၄.၇ ပေ) နဲ့ အလေးချိန် ၂၂ ပေါင် (၁၀ ကီလိုဂရမ်) ထက် မကျော်လွန်ရ ဘူးလို့ ဆိုပါတယ်။
ဒါ့အပြင် အဲဒီစနိုက်ပါဟာ တိုက်ပွဲလိုအပ်ချက်အမျိုးမျိုးကို ထောက်ပံ့နိုင်ဖို့အတွက် ကျည်အမျိုးအစားမျိုးစုံ ပစ် ခတ်နိုင်တဲ့သေနတ်မျိုးလည်း ဖြစ်ရမယ်လို့ ဆိုပါတယ်။
ဒီစနိုက်ပါရိုင်ဖယ်ကို အမေရိကန်တပ်မတော် အထူးတပ်ဖွဲ့တွေက အသုံးပြုသွားမှာဖြစ်ပြီး လက်ရှိအသုံးပြုနေတဲ့ မီတာ ၂၀၀၀ (၁.၂ မိုင်) အထိ ပစ်ခတ်နိုင်တဲ့ M107 စနိုက်ပါရိုင်ဖယ်နဲ့ မီတာ ၁၈၀၀ (၁.၁ မိုင်) အထိ ပစ်ခတ် နိုင်တဲ့ MK15 စနိုက်ပါရိုင်ဖယ်တို့ကို အစားထိုးသွားမှာဖြစ်ပါတယ်။
ထိပ်တန်းတာဝေးပစ်စနိုက်ပါရိုင်ဖယ်အနေနဲ့ သေနတ်ပစ်ခတ်တဲ့သူအပေါ် သက်ရောက်မှု နည်းပါးစေဖို့အတွက် ဒီရိုင်ဖယ်သေနတ်ရဲ့ နောက်ကန်အားဟာ ၂၅ ပေါင်အားထက် မပိုရဘူးလို့ အမေရိကန်တပ်မတော်ရဲ့ထုတ်ပြန် ချက်ထဲမှာဖော်ပြထားပါတယ်။
ပုံမှန်ပစ္စည်းတွေကို အသုံးပြုပြီး သေနတ်ပြောင်းကို ၅ မိနစ်အတွင်း လဲလှယ်နိုင်ရမှာဖြစ်ပါတယ်။
စနိုက်ပါရိုင်ဖယ်ပြောင်းတစ်ခုဟာ ကျည် ၁၅၀၀ အထိ ပစ်ခတ်နိုင်ရမှာဖြစ်ပြီး ကျည် ၁၀၀ မပြည့်ခင်မှာ ပြောင်း သန့်ရှင်းရေးလုပ်စရာမလိုတဲ့ ပြောင်းမျိုးဖြစ်ရမယ်လို့ ဆိုပါတယ်။
လက်နက်စနစ်အပြင် စိတ်ဝင်စားတဲ့ကန်ထရိုက်အနေနဲ့ ကျည်အမျိုးအစားမတူတဲ့ ကျည်ဘောက်တွေ၊ အသံ ထိန်းကိရိယာတွေ၊ ကျည်သွားလမ်းကြောင်းတွက်ချက်ကိရိယာ၊ လက်နက်ကိုင်စစ်သည်လက်စွဲ၊ သေနတ်တိုက် ကိရိယာနဲ့ နှစ်ချောင်းထောက်တို့ကိုပါ တင်ပြရမယ်လို့ ဆိုပါတယ်။
စိတ်ဝင်စားတဲ့ ကုမ္ပဏီအနေနဲ့ ဇန်နဝါရီလ ၂၃ ရက်နေ့မတိုင်ခင် အဆိုပြုလွှာတင်သွင်းသွားရမှာဖြစ်ပါတယ်။
ထိပ်တန်းတာဝေးပစ်စနိုက်ပါရိုင်ဖယ်ထုတ်လုပ်နိုင်ဖို့ အမေရိကန်တပ်မတော်ရဲ့ ကြိုးပမ်းမှုဟာ အလွန်ရည်ရွယ် ချက်ကြီးမားတယ်လို့ဆိုပါတယ်။
လက်ရှိမှတ်တမ်းတွေအရ ဘယ်စနိုက်ပါရိုင်ဖယ်သေနတ်မှ မီတာ ၂,၅၀၀ (၁.၆ မိုင်) အကွာအဝေးက ပစ်မှတ် ကို ထိမှန်အောင် မပစ်နိုင်သေးဘူးလို့ ဆိုပါတယ်။ ၂၀၂၁ ခုနှစ်မှာ ကနေဒါကြည်းတပ်က စနိုက်ပါကျွမ်းကျင် တပ်ကြပ် အာရွန်ပဲရီဟာ မီတာ ၂၃၁၀ (၁.၄ မိုင်) အကွာအဝေးက အယ်လ်ကိုင်ဒါစစ်သွေးကြွတစ်ဦးကို စနိုက်ပါနဲ့ ပစ်ခတ်နိုင်ခဲ့ပါတယ်။
နောက်ပိုင်းမှာ ၎င်းရဲ့ ရဲဘော်တစ်ဦးဖြစ်တဲ့ တပ်ကြပ် ရော့ဘ်ဖာလောင်းက မီတာ ၂၄၃၀ (၁.၅ မိုင်) အကွာအ ဝေးက ရန်သူ့စက်သေနတ်သမားတစ်ယောက်ကို စနိုက်ပါနဲ့ပစ်ပြီး စံချိန်ချိုးနိုင်ခဲ့ပါတယ်။
ယူကရိန်းစစ်ပွဲအတွင်းမှာတော့ ယူကရိန်းစနိုက်ပါသမား ဗီချက်ဆလက်ဗ်ကိုဗစ်လ်စကီးက မီတာ ၃၈၀၀ (၂.၄ မိုင်) အကွာအဝေးက ရုရှားစစ်သားတစ်ယောက်ကို စနိုက်ပါနဲ့ ပစ်ခတ်ခဲ့တယ်လို့ဆိုပေမဲ့ အဲဒီပြောဆိုမှုကို ကျည် သွားလမ်းကြောင်းတွက်ချက်မှုဆိုင်ရာ ကျွမ်းကျင်သူတွေက အငြင်းပွားနေကြပါတယ်။
Ref: US Military Seeks ‘Extreme Long Range’ Sniper Rifles
#PeopleMedia