ထိုင်ဝမ်ကိုကျူးကျော်တိုက်ခိုက်ဖို့ တရုတ်နိုင်ငံမှာ လုံလောက်တဲ့စွမ်းရည်မရှိသေးကြောင်း အမေရိကန်စစ်ရေး ကျွမ်းကျင်သူတွေပြော
PUBLISHED - January 27, 2024
နိုင်ငံတကာ၊ ဇန်နဝါရီ ၂၇
ထိုင်ဝမ်ကို ကျူးကျော်တိုက်ခိုက်ဖို့အတွက် တရုတ်နိုင်ငံရဲ့စစ်ရေးစွမ်းရည်ဟာ ပြည့်စုံလုံလောက်ခြင်းမရှိသေးဘူး လို့ အမေရိကန် လုံခြုံရေးကျွမ်းကျင်သူတွေစုပေါင်းပြုလုပ်ခဲ့တဲ့ စစ်တမ်းအသစ်တစ်ခုမှာ ဖော်ပြထားပါတယ်။
တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်ဟာ ထိုင်ဝမ်ကိုကျူးကျော်တိုက်ခိုက်မယ့် ကမ်းတက်တိုက်ပွဲကို အောင်မြင်စွာဆောင်ရွက်နိုင်မယ်လို့ အမေရိကန်ကျွမ်းကျင်ပညာရှင် ၅၂ ဦးအနက် ၂၇ ဦးကသာ ယုံကြည်တယ် လို့ ဆိုပါတယ်။
တရုတ်စစ်ရေးစွမ်းရည်ပြည့်စုံခြင်းမရှိသေးဘူးလို့ ဆုံးဖြတ်ချက်ချခဲ့တဲ့ အဓိကအကြောင်းရင်းတွေထဲက တစ်ခုက တော့ တရုတ်နိုင်ငံက ထိုင်ဝမ်ကျွန်းကို ကျူးကျော်တိုက်ခိုက်ခဲ့ရင် အမေရိကန်တပ်တွေက ချက်ချင်းကြားဝင် ဆောင်ရွက်မှာဖြစ်တယ်လို့ ယုံကြည်နေတာကြောင့်ပဲဖြစ်ပါတယ်။
ကမ်းတက်တိုက်ပွဲတစ်ခုဆင်နွှဲဖို့ဆိုတာ တပ်ဖွဲ့ဝင်တွေမှာ အလွန်ပြင်းထန်ခိုင်မာလှတဲ့ သံန္နိဋ္ဌာန်စိတ်ဓာတ်ရှိဖို့ လိုသလို စစ်ဆင်ရေးဟာလည်း အလွန့်အလွန်ရှုတ်ထွေးလှတယ်လို့ ၎င်းတို့က ပြောပါတယ်။
“လာမယ့်ငါးနှစ်အတွင်း တရုတ်နိုင်ငံက ထိုင်ဝမ်ကို ကျူးကျော်တိုက်ခိုက်လာမယ်ဆိုရင် အမေရိကန်စစ်တပ်က ထိုင်ဝမ်ကိုကာကွယ်ဖို့အတွက် ကြားဝင်ဆောင်ရွက်လာလိမ့်မယ်လို့ အမေရိကန်ကျွမ်းကျင်သူ ၉၆% က ယုံ ကြည်နေကြပါတယ်။” လို့ အစီရင်ခံစာမှာ ဖော်ပြထားကပါတယ်။
ဆန်းစစ်လေ့လာမှုမှာပါဝင်ခဲ့တဲ့ အမေရိကန်ကျွမ်းကျင်သူတွေဟာ အစိုးရအဖွ့ဲအစည်းတွေ၊ ပညာရေးနယ်ပယ် တွေနဲ့ အကြံပေးပညာရှင်အဖွဲ့တွေမှာ အတွေ့အကြုံရင့်ကျက်ခဲ့သူတွေဖြစ်ပါတယ်။
ဒီဆန်းစစ်လေ့လာမှုမှာ အမေရိကန်လုံခြုံရေးကျွမ်းကျင်သူတွေကို မေးမြန်းရုံသာမက ထိုင်ဝမ်ကျွန်းက ကာ ကွယ်ရေးကျွမ်းကျင်သူ ၃၅ ဦးကိုလည်း မေးမြန်းထားတယ်လို့ဆိုပါတယ်။
အမေရိကန်ကျွမ်းကျင်သူတွေနဲ့ နှိုင်းယှဉ်ကြည့်ရမှာ ထိုင်ဝမ်ကျွမ်းကျင်သူတွေကလည်း တရုတ်အစိုးရအနေနဲ့ ကျူးကျော်စစ်တစ်ခုကို ဆင်နွှဲဖို့ စစ်ရေးစွမ်းရည်လိုအပ်နေသေးကြောင်း ပြောပါတယ်။
ထိုင်ဝမ်ကျွမ်းကျင်သူ ၁၇ ရာခိုင်နှုန်းကသာ တရုတ်နိုင်ငံအနေနဲ့ ကမ်းတက်စစ်ဆင်ရေးဆင်နွှဲဖို့ ဖြစ်နိုင်ခြေရှိ တယ်လို့ ယုံကြည်ပြီး ကျန်တဲ့ပညာရှင်တွေကတော့ တရုတ်မှာ အဲဒီလောက်စစ်ရေးစွမ်းရည်မရှိသေးဘူးလို့ ပြောပါတယ်။
ဒါပေမဲ့ တရုတ်နိုင်ငံကသာ ထိုင်ဝမ်ကျွန်းကို ကျူးကျော်တိုက်ခိုက်လာခဲ့ရင် အမေရိကန်နဲ့ မဟာမိတ်နိုင်ငံတွေက ထိုင်ဝမ်ကို စစ်ရေးအရ ဝင်ရောက်ကူညီမယ်ဆိုတာကို ထိုင်ဝမ်စစ်ရေးကျွမ်းကျင်သူတွေက အပြည့်အဝ ယုံကြည်မှုမရှိဘူးလို့ ဆိုပါတယ်။
“တရုတ်နိုင်ငံက ကျူးကျော်လာရင် အမေရိကန်ဦးဆောင်တဲ့နောက်ကို မိတ်ဖက်နိုင်ငံနဲ့ မဟာမိတ်နိုင်ငံတွေက တပ်ဖွဲ့တွေပူးပေါင်းပါဝင်ပြီး ထိုင်ဝမ်ကျွန်းကို ကာကွယ်လိမ့်မယ်လို့ အမေရိကန်ကျွမ်းကျင်သူ ၂၉ ရာခိုင်နှုန်းက ယုံကြည်ပြီး ထိုင်ဝမ်ကျွမ်းကျင်သူ ၁၅ ရာခိုင်နှုန်းကသာ ယုံကြည်ပါတယ်။ ထိုင်ဝမ်ကျွမ်းကျင်သူ ၄၀ ရာခိုင်နှုန်း ကတော့ အမေရိကန်ဦးဆောင်တဲ့မဟာမိတ်တွေ သူတို့ဘက်က ဝင်တိုက်ပေးမယ်ဆိုတာကို မယုံကြည်ပါဘူး။” လို့ အစီရင်ခံစာမှာဖော်ပြထားပါတယ်။
ထိုင်ဝမ်သမ္မတဆိုင်းအင်ဝန်နဲ့ အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌကီဗင်မက္ကသီတို့တွေ့ဆုံခဲ့တာကို တုံ့ပြန်တဲ့ အနေနဲ့ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) က ၂၀၂၃ ခုနှစ် ဧပြီလမှာ ထိုင်ဝမ်ကို တိုက်ခိုက်တဲ့ သဏ္ဍန်တူစစ်ရေးလေ့ကျင့်မှုတွေ ပြုလုပ်ခဲ့ပါတယ်။
တရုတ်အစိုးရဟာ အခုသီတင်းပတ်အစောပိုင်းက ထိုင်ဝမ်ကျွန်းတစ်ဝိုက် တရုတ်သူလျှိုပူဖောင်း ၆ လုံး လွှတ် တင်ခဲ့တာအပါအဝင် ထိုင်ဝမ်သီးသန့်ဇုံအတွင်း အကြိမ်ကြိမ် တရားမဝင်ဆက်လက်ကျူးကျော်ဝင်ရောက်လျက် ရှိပါတယ်။
တရုတ်နိုင်ငံက ထိုင်ဝမ်ကိုခြိမ်းခြောက်တဲ့ စစ်ရေးလေ့ကျင့်မှုတွေ အကြိမ်ကြိမ်ပြုလုပ်နေတဲ့အတွက် အာရှတိုက် ရဲ့ မဟာအင်အားကြီးနိုင်ငံဖြစ်တဲ့ တရုတ်ဟာ ၂၀၂၇ ခုနှစ်မတိုင်ခင် ထိုင်ဝမ်ကို ကျူးကျော်တိုက်ခိုက်လာနိုင် တယ်လို့ အမေရိကန်ထောက်လှမ်းရေးကျွမ်းကျင်သူတွေက ယူဆထားကြပါတယ်။
Ref: China Incapable of Successfully Invading Taiwan: US Experts
#PeopleMedia