ထိုင်ဝမ်ကို စစ်လက်နက်ပစ္စည်းရောင်းချပေးတဲ့ လော့ဟိမာတင်ကုမ္ပဏီနဲ့ နော့်သရု(ပ်) ဂရူးမန်းကုမ္ပဏီတို့ကို အရေးယူပိတ်ဆို့သွားမှာဖြစ်ကြောင်း တရုတ်ပြော
PUBLISHED - September 16, 2023
နိုင်ငံတကာ၊ စက်တင်ဘာ ၁၆
ထိုင်ဝမ်ကို စစ်လက်နက်ပစ္စည်းတွေထောက်ပံ့တဲ့အတွက် အမေရိကန် လော့ဟိမာတင်ကုမ္ပဏီနဲ့ နော့်သရု(ပ်) ဂရူးမန်းကုမ္ပဏီတို့ အရေးယူပိတ်ဆို့သွားမှာဖြစ်ကြောင်း တရုတ်အစိုးရက သောကြာနေ့ (စက်တင်ဘာလ ၁၅ ရက်နေ့) က ပြောကြားလိုက်ပါတယ်။
ထိုင်ဝမ်ဆက်ဆံရေးအက်ဥပဒေအရ အမေရိကန်ပြည်ထောင်စု ကွန်ဂရက်လွှတ်တော်ဟာ ထိုင်ဝမ်နိုင်ငံ ကိုယ့် ကိုယ်ကိုယ်ကာကွယ်နိုင်ဖို့ စစ်လက်နက်ပစ္စည်းတွေ ထောက်ပံ့ရမှာဖြစ်ပါတယ်။
အမေရိကန်အစိုးရက တိုက်ရိုက်အကူအညီထက် စစ်လက်နက်ပစ္စည်းတွေရောင်းချပေးတဲ့နည်းလမ်းနဲ့ပဲ ထိုင် ဝမ်ကိုကူညီခဲ့တာဖြစ်ပေမဲ့ နိုင်ငံခြားတိုင်းပြည်ထောက်ပံ့ကူညီရေးအစီအစဉ်အရ သြဂုတ်လအတွင်းက အမေရိ ကန်အစိုးရဟာ ပထမဦးဆုံးအကြိမ်အဖြစ် ထိုင်ဝမ်နိုင်ငံကို တိုက်ရိုက်စစ်ရေးအကူအညီပေးဖို့ ခွင့်ပြုခဲ့ပါတယ်။
“အဲဒီလိုလက်နက်ထောက်ပံ့တဲ့ကုမ္ပဏီတွေကို တရုတ်နိုင်ငံက ဆန့်ကျင်ထားပေမဲ့ အမေရိကန်အစိုးရဟာ ထိုင် ဝမ်ကို စစ်လက်နက်ပစ္စည်းတွေထောက်ပံ့ဖို့ သံန္နိဋ္ဌာန်ချထားပါတယ်။ အဲဒီဆောင်ရွက်မှုတွေဟာ တရုတ်နိုင်ငံရဲ့ အချုပ်အခြာအာဏာနဲ့ လုံခြုံရေးအကျိုးစီးပွားကို အကြီးအကျယ်ထိခိုက်စေပါတယ်။ အမေရိကန်ဟာ ထိုင်ဝမ်ကို လက်နက်တပ်ဆင်ပေးရင်း မှားယွင်းပြီးအန္တရာယ်ရှိတဲ့လမ်းကြောင်းကို ဆက်လက်လျှောက်လှမ်းနေပါတယ်။” လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနပြောခွင့်ရအမျိုးသမီး မောင်နင်းက ပုံမှန်ပြုလုပ်နေကျ သတင်းစာရှင်းလင်းပွဲ မှာပြောပါတယ်။
သြဂုတ်လ ၂၄ ရက်နေ့က တင်ပို့ခဲ့တဲ့ အမေရိကန်စစ်လက်နက်ပစ္စည်းရောင်းချမှုမှာ လော့ဟိမာတင်ကုမ္ပဏီဟာ အဓိကကန်ထရိုက်တာဖြစ်ပြီး နော့်သရု(ပ်)ဂရူးမန်းကုမ္ပဏီကတော့ အကြိမ်ပေါင်းများစွာရောင်းချခဲ့ကြောင်း မောင်နင်းက ပြောပါတယ်။
“တရုတ်ပြည်သူ့သမ္မတနိုင်ငံရဲ့ နိုင်ငံခြားတိုင်းပြည် စီးပွားရေးပိတ်ဆို့အရေးယူမှု ဥပဒေအရ အထက်ဖော်ပြပါ အမေရိကန်စစ်လက်နက်ပစ္စည်းထုတ်လုပ်ရေးကုမ္ပဏီနှစ်ခုကို အရေးယူပိတ်ဆို့မှုတွေချမှတ်ဖို့ တရုတ်နိုင်ငံက ဆုံးဖြတ်လိုက်ပါတယ်။” လို့ ၎င်းက ပြောပါတယ်။
Ref: Beijing Says Sanctions Lockheed, Northrop over Taiwan Arms Sales
#PeopleMedia