• Follow Us on
Latest News

Home ထိုင်ဝမ်ကို စစ်လက်နက်ပစ္စည်းထောက်ပံ့တဲ့ အမေရိကန်ကုမ္ပဏီတွေကို တရုတ်က စီးပွားရေးပိတ်ဆို့ အရေးယူ

ထိုင်ဝမ်ကို စစ်လက်နက်ပစ္စည်းထောက်ပံ့တဲ့ အမေရိကန်ကုမ္ပဏီတွေကို တရုတ်က စီးပွားရေးပိတ်ဆို့ အရေးယူ

Share this post

နိုင်ငံတကာ၊ မေ ၂၁

 

ထိုင်ဝမ်သမ္မတရာထူးအပ်နှင်းအခမ်းအနား ကျင်းပနေစဉ်အတွင်း ထိုင်ဝမ်ကို စစ်လက်နက်ပစ္စည်းတွေ ရောင်းချ ခဲ့တဲ့အတွက် အမေရိကန်စစ်လက်နက်ပစ္စည်းထုတ်လုပ်ရေးကုမ္ပဏီသုံးခုကို စီးပွားရေးအရေးယူပိတ်ဆို့မှု ချမှတ် သွားမှာဖြစ်ကြောင်း တရုတ်အစိုးရက တနင်္လာနေ့ (မေလ ၂၀ ရက်နေ့) က ကြေညာလိုက်ပါတယ်။

 

အမေရိကန်နိုင်ငံက General Atomics Aeronautical Systems ကုမ္ပဏီ၊ General Dynamics Land Systems ကုမ္ပဏီနဲ့ Boeing Defense, Space & Security ကုမ္ပဏီတို့ကို “စိတ်မချရသောကုမ္ပဏီများ” စာရင်း မှာ ထည့်သွင်းလိုက်ကြောင်း တရုတ်နို်င်ငံ ကုန်သွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။

 

“အဆိုပါကုမ္ပဏီတွေကို တရုတ်နို်င်ငံနဲ့ဆက်နွယ်တဲ့ သွင်းကုန်/ ထုတ်ကုန်လုပ်ငန်းတွေ လုပ်ကိုင်ဆောင်ရွက်ခွင့် ပိတ်ပင်သွားမှာဖြစ်သလို တရုတ်နိုင်ငံထဲမှာ ရင်းနှီးမြှုပ်နှံမှုအသစ်တွေ လုပ်ဆောင်ခွင့်ကိုလည်း တားဆီး ပိတ်ပင်သွားမှာဖြစ်ပါတယ်။” လို့ တရုတ်အစိုးရသတင်းဌာန ဆင်ဟွာက ပြောပါတယ်။

 

“အဆိုပါကုမ္ပဏီတွေရဲ့ ထိပ်တန်းအမှုဆောင်အရာရှိတွေရဲ့ လုပ်ငန်းဆောင်ရွက်မှု ခွင့်ပြုချက်တွေကို ပြန်လည် ရုပ်သိမ်းသွားမှာဖြစ်သလို ၎င်းတို့ရဲ့ တရုတ်နိုင်ငံတွင်း ဝင်ထွက်သွားလာခွင့်ကိုလည်း ပိတ်ပင်သွားမှာဖြစ်ပါ တယ်။” လို့ ဆင်ဟွာက ပြောပါတယ်။

 

တရုတ်နိုင်ငံရဲ့ မြင့်တက်လာတဲ့စစ်ရေးအရ ဖိအားပေးမှုတွေကို ရင်ဆိုင်ရင်း ထိုင်ဝမ်နိုင်ငံရဲ့သမ္မတအဖြစ် ရွေး ကောက်ပွဲအနိုင်ရ လိုင်ချင်တီးက တနင်္လာနေ့က ကျမ်းသစ္စာကျိန်ဆိုပွဲ ကျင်းပနေစဉ်အတွင်းမှာ တရုတ်နိုင်ငံက အခုလို ကြေညာလိုက်တာဖြစ်ပါတယ်။

 

ထိုင်ဝမ်ကျွန်းဟာ တရုတ်နိုင်ငံရဲ့အစိတ်အပိုင်းတစ်ရပ်အဖြစ် တရုတ်နိုင်ငံက သတ်မှတ်ထားပြီး အသက် ၆၄ နှစ် အရွယ် သမ္မတလိုင်ချင်တီးကို ထိုင်ဝမ်ကျွန်းအတွက် စစ်ပွဲနဲ့ တန်ဖိုးကျဆင်းမှုကို ယူဆောင်လာမယ့် “အန္တရာယ် ရှိတဲ့ ခွဲထွက်ရေးဝါဒီ” အဖြစ် သတ်မှတ်ပြောဆိုလိုက်ပါတယ်။

 

အမေရိကန်အစိုးရဟာ ၁၉၇၉ ခုနှစ်မှာ သံတမန်အသိအမှတ်ပြုမှုအရ တရုတ်တစ်နိုင်ငံတည်းမူဝါဒကို လက်ခံခဲ့ ပေမဲ့ ထိုင်ဝမ်နိုင်ငံရဲ့ အရေးအပါဆုံးမိတ်ဖက်နိုင်ငံနဲ့ လက်နက်ထောက်ပံ့မှုအများဆုံးနိုင်ငံအဖြစ် ဆက်လက် ရပ်တည်နေဆဲဖြစ်ပါတယ်။

 

စစ်လက်နက်ပစ္စည်းဖြည့်တင်းမှုနဲ့ လေ့ကျင့်သင်ကြားမှုတွေအတွက် ဒေါ်လာ ၁.၉ ဘီလျံတန်ကြေးရှိအစီအစဉ် တွေအပါအဝင် ပြီးခဲ့တဲ့လက ထိုင်ဝမ်ကို ကြီးမားတဲ့စစ်ရေးအထောက်အကူတွေပေးပို့ဖို့ အမေရိကန်က ခွင့်ပြုခဲ့ ပါတယ်။

 

ဒေသတွင်းက နိုင်ငံတွေအတွက် “ပြည်ပနိုင်ငံများ စစ်ရေးဆိုင်ရာ ဘဏ္ဍာရေးအကူအညီ” အတွက်လည်း နောက်ထပ် ဒေါ်လာ ၂ ဘီလျံ အသုံးပြုသွားမှာဖြစ်ပါတယ်။

 

အဲဒီစစ်လက်နက်ပစ္စည်းထောက်ပံ့မှုနဲ့ပတ်သက်ပြီး တရုတ်အစိုးရက ဒေါသအမျက် ခြောင်းခြောင်းထွက်ခဲ့ပြီး အဲဒီလိုဆောင်ရွက်နေတာဟာ ထိုင်ဝမ်ရေလက်ကြားမှာ ပဋိပက္ခဖြစ်ပွားမယ့် အန္တရာယ်ကို မြှင့်တက်စေမှာဖြစ် ကြောင်း သတိပေးလိုက်ပါတယ်။

 

Ref: China Sanctions US Firms over Arms Sales to Taiwan

 

#PeopleMedia


Share this post