ထိုင်ဝမ်ကို လက်နက်ရောင်းချမယ့်ကိစ္စနဲ့ လိုင်ချင်တီး ခရီးတစ်ထောက်နားခိုတဲ့ကိစ္စ အမေရိကန်ကို ပြတ်ပြတ်သားသား လက်တုံ့ပြန်မယ်လို့ တရုတ်ပြော
PUBLISHED - December 2, 2024
နိုင်ငံတကာ၊ ဒီဇင်ဘာ ၂
ထိုင်ဝမ်ကို လက်နက်ရောင်းချဖို့ မကြာသေးခင်က အမေရိကန်အစိုးရက သဘောတူခွင့်ပြုလိုက်တာနဲ့ ပတ်သက်ပြီး ပြတ်ပြတ်သားသား လက်တုံ့ပြန်သွားမှာဖြစ်ကြောင်း တရုတ်အစိုးရက ဒီဇင်ဘာ ၁ ရက်နေ့ (တနင်္ဂနွေနေ့) က ပြော ကြားလိုက်ပါတယ်။
ဒါ့အပြင် အမေရိကန်ပိုင်နက်ကိုဖြတ်သန်းသွားလာတဲ့ ထိုင်ဝမ်သမ္မတခရီးစဉ်ကို စီစဉ်ပေးတဲ့အတွက်လည်း အမေရိကန် အစိုးရကို တရုတ်ကမကျေနပ်ကြောင်း ပြောဆိုပါတယ်။
ထိုင်ဝမ် F-16 ဂျက်တိုက်လေယာဉ်တွေအတွက် ဒေါ်လာ သန်း ၃၈၀ တန်ကြေးရှိ အပိုပစ္စည်းတွေနဲ့ ရေဒါတွေရောင်းချပေးဖို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ခွင့်ပြုခဲ့ကြောင်း ပင်တဂွန်စစ်ဌာနချုပ်က နိုဝင်ဘာ ၂၉ ရက်နေ့က ပြောပါတယ်။
လက်နက်ရောင်းဝယ်ရေး ခွင့်ပြုချက်ကို ထိုင်ဝမ်သမ္မတ လိုင်ချင်တီး ခရီးစဉ်မတိုင်ခင် အမေရိကန်နိုင်ငံခြားရေး ဝန်ကြီး ဌာနက ကြေညာခဲ့တာဖြစ်ပါတယ်။
ထိုင်ဝမ်သမ္မတ လိုင်ချင်တီးဟာ ပစိဖတ်ဒေသက သံတမန်မဟာမိတ်သုံးနိုင်ငံကို သွားရောက်ရာမှာ အမေရိကန်ပိုင်နက် ဟာဝိုင်ယီကျွန်းနဲ့ ဂူဝမ်ကျွန်းတို့မှာ ခရီးတစ်ထောက် ဝင်ရောက်ရပ်နားသွားမှာဖြစ်ပါတယ်။
အဲဒီလက်နက်ရောင်းချမှုဟာ ထိုင်ဝမ်လွတ်လပ်ရေးတပ်ဖွဲ့တွေအတွက် “မှားယွင်းတဲ့ အချက်ပြမှု” တစ်ခုဖြစ်ပြီး အမေရိကန်- တရုတ် ဆက်ဆံရေးကို ထိခိုက်စေကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေညာခဲ့ပါတယ်။
အမေရိကန်နဲ့ ထိုင်ဝမ်ရဲ့ တရားဝင်ဆက်ဆံမှုမှန်သမျှကို ပြင်းပြင်းထန်ထန် ဆန့်ကျင်ပြီး ထိုင်ဝမ်သမ္မတအတွက် ခရီး တစ်ထောက်ဝင်ရောက်ရပ်နားဖို့ စီစဉ်ပေးတာကိုလည်း ပြင်းထန်စွာ ပြစ်တင်ရှုတ်ချကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး ဌာနရဲ့ နောက်ထပ်ကြေညာချက်တစ်စောင်မှာ ဖော်ပြထားပါတယ်။
တရုတ်ဟာ ထိုင်ဝမ်ကျွန်းကို ၎င်းတို့နိုင်ငံရဲ့ အစိတ်အပိုင်းတစ်ခုအဖြစ် ရှုမြင်ထားသလို ခွဲထွက်ရေးဝါဒီလို့ အမည်ပေးထားတဲ့ ထိုင်ဝမ်သမ္မတလိုင်ချင်တီးကိုလည်း တရုတ်နိုင်ငံက အလွန်သဘောမကျဖြစ်နေပါတယ်။
အမေရိကန်နဲ့ ထိုင်ဝမ်ကြားမှာ တရားဝင်သံတမန်ဆက်ဆံရေး ထူထောင်ထားခြင်းမရှိပေမဲ့ ထိုင်ဝမ်နိုင်ငံ ကိုယ့်ကိုယ် ကိုယ်ကာကွယ်နိုင်ရေး ထိုင်ဝမ်ကို ထောက်ပံ့ဖို့အတွက် အမေရိကန်မှာ ဥပေဒပြဋ္ဌာန်းထားပါတယ်။ ထိုင်ဝမ်နိုင်ငံဟာ ၎င်းတို့နိုင်ငံရဲ့ အစိတ်အပိုင်းဖြစ်တယ်ဆိုတဲ့ တရုတ်အစိုးရရဲ့ ပြောကြားချက်ကို ထိုင်ဝမ်က လက်မခံဘဲ ပယ်ချထားပါတယ်။
Ref: China Blasts US Arms Sale to Taiwan, President Lai’s US Transit
#PeopleMedia