• Follow Us on
Latest News

Home ထိုင်ဝမ်က တရုတ်ပြည်မကြီးအထိ တိုက်ခိုက်နိုင်တဲ့ ခရုစ်ဒုံးကျည် စမ်းသပ်ပစ်ခတ်

ထိုင်ဝမ်က တရုတ်ပြည်မကြီးအထိ တိုက်ခိုက်နိုင်တဲ့ ခရုစ်ဒုံးကျည် စမ်းသပ်ပစ်ခတ်

Share this post

နိုင်ငံတကာ၊ သြဂုတ် ၁၈

 

ထိုင်ဝမ်တပ်မတော်ဟာ မြေပြင်အခြေစိုက် ခရုစ်ဒုံးကျည်တစ်စင်းကို သြဂုတ်လ ၁၆ ရက်နေ့က စမ်းသပ်ပစ်ခတ် ခဲ့ကြောင်း ဒေသတွင်းမီဒီယာတစ်ခုက ရေးသားဖော်ပြထားပါတယ်။

 

အခုပစ်ခတ်ပြလိုက်တဲ့ Hsiung Feng IIE (HF-2E) (စီယောင်ဖန် ၂ အီး) ဒုံးကျည်ဟာ ထိုင်ဝမ်တပ်မတော်မှာ အသုံးပြုနေတာ ဆယ်နှစ်ကျော်လာပြီဖြစ်ပေမဲ့ အများပြည်သူကို ထုတ်ဖော်ပြသခြင်းမရှိခဲ့ပါဘူး။

 

ထိုင်ဝမ်ကျွန်း ပင်တောင်းမြို့မှာရှိတဲ့ ဂျိပန်းစစ်အခြေစိုက်စခန်းကနေ ထိုင်ဝမ်လေတပ်က အဲဒီဒုံးကျည်ကို စမ်း သပ်ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။ ဒုံးကျည်ဟာ တစ်နာရီကျော်ကြာပျံသန်းသွားပြီး ရည်မှန်းထားတဲ့ပစ်မှတ်ကို ထိမှန်ခဲ့တယ်လို့ဆိုပါတယ်။

 

ထိုင်ဝမ် Central News Agency ကတော့ ဗုဒ္ဓဟူးနေ့က ဒုံးကျည်စမ်းသပ်ပစ်ခတ်မှုကို အတည်ပြုခဲ့ပေမဲ့ အဲဒီ ဒုံးကျည်ဟာ စီယောင်ဖန် ၂ အီး (HF-2E) ဟုတ်မဟုတ် အတည်ပြုခြင်းမရှိပါဘူး။

 

အခုစမ်းသပ်ပစ်ခတ်မှုဟာ သုံးရက်ကြာကျင်းပခဲ့တဲ့ ဂျက်တိုက်လေယာဉ်တွေက ဝေဟင်-ဝေဟင်ပစ် ဒုံးကျည် စမ်းသပ်ပစ်ခတ်မှုတွေရဲ့ အစိတ်အပိုင်းတစ်ရပ်လို့ ဆိုပါတယ်။

 

ထိုင်ဝမ်အစိုးရထောက်ပံ့ထားတဲ့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးသုတေသနဌာနက ပညာရှင်တစ်ဦးက တော့ ဗီဒီယိုဖိုင်ကြည့်ပြီးနောက် အဲဒီဒုံးကျည်ဟာ စီယောင်ဖန် ၂ အီး (HF-2E) ဖြစ်ကြောင်း ပြောပါတယ်။

 

ထိုင်ဝမ်တပ်မတော်ဟာ အမေရိကန်ထုတ် တိုမာဟော့ဒုံးကျည်တွေနဲ့ ပုံစံတူတဲ့ အဲဒီဒုံးကျည်တွေကို ၂၀၀၀ ပြည့်လွန်နှစ်များတုန်းက စတင်ထုတ်လုပ်ခဲ့တာဖြစ်ပါတယ်။

 

အဲဒီဒုံးကျည်တွေကို ၂၀၂၂ ခုနှစ် မတ်လအတွင်း လွှတ်တော်အမတ်တွေရဲ့ အစီရင်ခံစာထဲမှာစတင်ဖော်ပြလာ ပြီးနောက် အများပြည်သူသိရှိခဲ့ရတယ်ဖြစ်ကြောင်း Central News Agency က ပြောပါတယ်။

 

၂၀၂၄ ခုနှစ်မှာ ထုတ်လုပ်မှုစွမ်းရည်တိုးမြှင့်ခဲ့ပြီးသွားတဲ့အချိန်မှာ ထိုင်ဝမ်နိုင်ငံအနေနဲ့ HF-2 ဒုံးကျည်နဲ့ အကွာ အဝေးတိုးမြှင့်ထားတဲ့ HF-2E ဒုံးကျည် နှစ်စဉ် ၁၃၁ စင်းထုတ်လုပ်သွားနိုင်မှာဖြစ်ကြောင်း အဲဒီအစီရင်ခံစာထဲ မှာ ဖော်ပြထားတယ်လို့ ဆိုပါတယ်။

 

မူရင်းဒုံးကျည်နဲ့ ပစ်ခတ်မှုအကွာအဝေးတိုးမြှင့်ထားတဲ့ဒုံးကျည်နှစ်မျိုးဟာ တရုတ်ပြည်မကြီးကို တန်ပြန်ပစ်ခတ် နိုင်ဖို့အတွက် ရည်ရွယ်ထုတ်လုပ်ခဲ့တဲ့ တန်ပြန်တိုက်ခိုက်ရေးလက်နက်အမျိုးအစားဖြစ်ပါတယ်။

 

မူရင်းဒုံးကျည်ဟာ ကီလိုမီတာ ၃၀၀ ကနေ ၆၀၀ (၁၈၆ မိုင်ကနေ ၃၇၃ မိုင်) အကွာအဝေးအထိ ပစ်ခတ်နိုင်ပြီး ပစ်ခတ်မှုအကွာအဝေးတိုးမြှင့်ထားတဲ့ဒုံးကျည်ကတော့ ကီလိုမီတာ ၁၀၀၀ ကနေ ၁၅၀၀ (၆၂၁ မိုင်ကနေ ၉၃၂ မိုင်) အထိ ပစ်ခတ်နိုင်ပါတယ်။

 

GPS အထောက်အကူပြု ပဲ့ထိန်းလမ်းညွှန်စနစ်ကိုအသုံးပြုထားတဲ့ HF-2E ဒုံးကျည်ဟာ ပြင်းထန်မာကျောတဲ့ ပစ်မှတ်တွေကို ထိုးဖောက်ဝင်ရောက်နိုင်တယ်လို့ ဆိုပါတယ်။

 

Ref: Taiwan Test-Fires ‘Secret’ Cruise Missile Capable of Striking China

 

#PeopleMedia


Share this post