ထိုင်ဝမ်က MQ-9B ဒရုန်း ၄ စင်း ထပ်မံဝယ်ယူမည်
PUBLISHED - March 14, 2024
နိုင်ငံတကာ၊ မတ် ၁၄
ထိုင်ဝမ်နိုင်ငံ ၎င်းတို့ရဲ့ စောင့်ကြည့်ထောက်လှမ်းရေးနဲ့ ကင်းထောက်တာဝန်တွေ ထမ်းဆောင်ရာမှာ အဆင့်မြှင့် တင်ဖို့အတွက် MQ-9B SkyGuardian ဒရုန်း ၄ စင်း ထပ်မံဝယ်ယူသွားမှာဖြစ်ပါတယ်။
MQ-9B ဒရုန်း ၄ စင်း၊ မြေပြင်ထိန်းချုပ်ရေးစခန်းနှစ်ခု၊ အပိုပစ္စည်းတွေနဲ့ ထောက်ပံ့ရေးပစ္စည်းတွေပါဝင်တဲ့ မောင်းသူမဲ့လေယာဉ်စနစ်တွေဝယ်ယူဖို့အတွက် ဒေါ်လာ သန်း ၂၅၀ ဝန်းကျင်တန်ကြေးရှိ လုပ်ငန်းကို General Atomics ကုမ္ပဏီကို အပ်နှံလိုက်တာဖြစ်ပါတယ်။
General Atomics ကုမ္ပဏီက အဲဒီမောင်းသူမဲ့လေယာဉ်တွေကို အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ် မှာရှိတဲ့ စက်ရုံမှာ တည်ဆောက်သွားမှာဖြစ်ပြီး ၂၀၂၇ ခုနှစ် ဝန်းကျင်မှာ ထိုင်ဝမ်ကို တင်ပို့သွားမှာဖြစ်ပါတယ်။
တရုတ်နိုင်ငံက ကျူးကျော်တိုက်ခိုက်လာရင် ကာကွယ်နိုင်ဖို့အတွက် ထိုင်ဝမ်ကို ကူညီဖို့ ၂၀၂၃ ခုနှစ် မေလအ တွင်း အမေရိကန်လေတပ်က ဒေါ်လာ ၂၁၈ သန်းတန်ကြေးရှိ MQ-9B SkyGuardian ဒရုန်း ၄ စင်းကို မှာယူခဲ့ ပါတယ်။
အဲဒီ အမေရိကန်လေတပ်က မှာယူထားတဲ့ ပထမအသုတ် ဒရုန်း ၄ စင်းကို ၂၀၂၅ ခုနှစ်မှာ ပို့ဆောင်ပေးသွားမှာ ဖြစ်ပါတယ်။
တရုတ်အစိုးရက ထိုင်ဝမ်ကျွန်းအနီးတစ်ဝိုက် စစ်ရေးလှုပ်ရှားမှုတွေ မြင့်တင်ဆောင်ရွက်နေစဉ်အတွင်းမှာပဲ ထိုင် ဝမ်နိုင်ငံက အခုလို MQ-9B ဒရုန်းတွေကို ထပ်မံမှာယူခဲ့တာဖြစ်ပါတယ်။
ထိုင်ဝမ်လေကြောင်းရန်ကာကွယ်ရေးထုတ်ဖော်မှုနယ်မြေထဲကို ဒရုန်းတစ်စင်းအပါအဝင် တရုတ်စစ်လေယာဉ် ၁၀ ဝင်ရောက်လာတာကို ခြေရာခံမိကြောင်း ထိုင်ဝမ်အမျိုးသားကာကွယ်ရေးဝန်ကြီးဌာနက အင်္ဂါနေ့ (မတ်လ ၁၂ ရက်နေ့) က ပြောကြားလိုက်ပါတယ်။
အဲဒီကျူးကျော်ဝင်ရောက်လာမှုကို တုံ့ပြန်ဖို့အတွက် ထိုင်ဝမ်အစိုးရ လေယာဉ်တွေနဲ့ လေကြောင်းရန်ကာကွယ် ရေးဒုံးကျည်တွေကို အသင့်ပြင်ဆင်ထားခဲ့တယ်လို့ ဆိုပါတယ်။
MQ-9B SkyGuardian ဒရုန်းတွေဟာ နာရီ ၄၀ ကျော် တစ်ဆက်တည်း ပျံသန်းနိုင်တဲ့အတွက် ထိုင်ဝမ်နိုင်ငံ အနေနဲ့ တရုတ်နိုင်ငံကို ပိုမိုစောင့်ကြည့်နိုင်မှာဖြစ်ပါတယ်။
Ref: Taiwan Buys Four Additional MQ-9B SkyGuardian Drones from US
#PeopleMedia