ထိုင်ဝမ်ရေလက်ကြားကို ငရဲပြည်ဖြစ်အောင်လုပ်ပစ်မယ်ဆိုတဲ့ အမေရိကန်ကို AI နည်းပညာသုံးဒရုန်းတွေနဲ့ တန်ပြန်တိုက်ခိုက်နိုင်ကြောင်း တရုတ်ပြော
PUBLISHED - June 14, 2024
နိုင်ငံတကာ၊ ဇွန် ၁၄
တရုတ်နိုင်ငံက ထိုင်ဝမ်ကိုကျူးကျော်ခဲ့ရင် ထိုင်ဝမ်ရေလက်ကြားကို ငရဲပြည်ဖြစ်သွားအောင် တိုက်ခိုက်ပစ်မယ် ဆိုတဲ့ အမေရိကန်ရဲ့ဒရုန်းစစ်ဆင်ရေးကို တရုတ်နိုင်ငံက တုံ့ပြန်တိုက်ခိုက်နိုင်စွမ်းရှိကြောင်း တရုတ်ပြည်သူ့ လွတ်မြောက်ရေးတပ်မတော် (PLA) က ပြောကြားလိုက်ပါတယ်။
ထိုင်ဝမ်ကျွန်းကို တရုတ်က ကျူးကျော်တိုက်ခိုက်ခဲ့ရင် လျှို့ဝှက်လက်နက်တွေအသုံးပြုပြီး ထိုင်ဝမ်ရေလက်ကြား ကို ငရဲပြည်ဖြစ်သွားအောင် ပြောင်းလဲပစ်မှာဖြစ်ကြောင်း အမေရိကန် အင်ဒို-ပစိဖိတ်ဒေသ စစ်ဌာနချုပ်အကြီး အကဲရေတပ်ဗိုလ်ချုပ်ကြီးဆမ်မြူရယ်ပါပရိုက ရှန်ဂရီလာဆွေးနွေးပွဲမှာ ပြောကြားခဲ့တာဖြစ်ပါတယ်။
“အဲဒီနေရာမှာ တစ်လလောက် လုံးဝ ကမ္ဘာပျက်သလိုမျိုးခံစားရအောင် ကျွန်တော်လုပ်နိုင်ပါတယ်။” လို့ ရေတပ် ဗိုလ်ချုပ်ကြီးပါပရိုက ပြောပါတယ်။
ဒါပေမဲ့ တရုတ်နိုင်ငံဟာ အမေရိကန်ဘက်က အဲဒီလိုတိုက်ခိုက်လာမှာမျိုးကို တုံ့ပြန်ရင်ဆိုင်တိုက်ခိုက်နိုင်ဖို့အ တွက် AI နည်းပညာအပါအဝင် လိုအပ်တာတွေကို ပိုမိုပြင်ဆင်ထားကြောင်း PLA က ပြောပါတယ်။
တရုတ်နိုင်ငံဟာ အမေရိကန်ဒရုန်းတွေကို ဒရုန်းအချင်းချင်း ယှဉ်ပြိုင်တိုက်ခိုက်နိုင်စွမ်းရှိသလို အမေရိကန်ဒရုန်း တုံ့ပြန်မှုတွေကို လွှမ်းမိုးထိန်းချုပ်ထားနိုင်တဲ့ ဒရုန်းအရေအတွက် အများအပြားကိုလည်း အသုံးပြုနိုင်ကြောင်း တရုတ်စစ်ရေးဆန်းစစ်လေ့လာသူတွေက ပြောပါတယ်။
အမေရိကန်နိုင်ငံဟာ Replicator ဒရုန်းတွေကို စီမံကိန်းချထုတ်လုပ်နေပြီး ပထမဦးဆုံးဒရုန်းအသုတ်ကို အင်ဒို- ပစိဖိတ်ဒေသကို ပြီးခဲ့တဲ့လက ပို့ဆောင်လိုက်တယ်လို့ ဆိုပါတယ်။
ပင်တဂွန်စစ်ဌာနချုပ်အနေနဲ့ အခုနှစ်အတွင်း Replicator ဒရုန်းစီမံချက်အတွက် ဒေါ်လာ ၁ ဘီလျံ အသုံး ပြုသွားမှာဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယအတွင်းဝန်ကက်သလင်းဟစ်က မတ်လအတွင်းက ပြောပါတယ်။
Replicator ဒရုန်းစီမံချက်ဟာ တဖြည်းဖြည်းအင်အားကြီးမားလာတဲ့ တရုတ်စစ်တပ်ကို တိုက်ခိုက်နိုင်ဖို့အတွက် ရည်ရွယ်ဆောင်ရွက်နေတာဖြစ်ပြီး တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်ကို အမေရိကန်ဒရုန်းအများအ ပြားနဲ့ ရင်ဆိုင်သွားမှာဖြစ်ကြောင်း ပြီးခဲ့တဲ့နှစ် နွေရာသီတုန်းက ကက်သလင်းဟစ်ကပြောပါတယ်။
“တရုတ်နိုင်ငံဟာ ကမ္ဘာပေါ်မှာ ဒရုန်းအများဆုံးထတ်လုပ်နိုင်စွမ်းရှိတဲ့နိုင်ငံဖြစ်တယ်ဆိုတာ အမေရိကန်အနေနဲ့ မမေ့ဖို့ လိုပါတယ်။ ကျွန်တော်တို့ ရန်သူကို ကိုင်တွယ်ထိန်းချုပ်ဖို့အတွက် ဝေဟင်စက်ရုပ်တွေ အများအပြားကို လည်း အသုံးပြုသွားမှာဖြစ်ပါတယ်။ PLA ဒရုန်းတွေကို ဘယ်လိုရင်ဆိုင်ရမလဲဆိုတာ အမေရိကန်က စဉ်းစား ထားရမှာဖြစ်ပါတယ်။” လို့ တရုတ်စစ်ရေးလေ့လာသူဖူးရှန်ရှန်က ပြောပါတယ်။
“အမေရိကန်က ထိုင်ဝမ်ရေလက်ကြားမှာ ဒရုန်းအများအပြား အသုံးပြုနိုင်ပါတယ်။ ဒါပေမဲ့ တကယ့်အဓိက အ ချက်က အမေရိကန်စစ်စခန်းတွေ အတိုက်ခံရမှာဖြစ်တယ်။ ကျွန်တော်တို့အနေနဲ့ အီလက်ထရိုမဂ္ဂနစ်တိုက် ကြားဖြတ်တိုက်ခိုက်မှုတွေ၊ တခြားနည်းလမ်းနဲ့ ကြားဖြတ်တိုက်ခိုက်မှုတွေအပါအဝင် တိုက်ခိုက်မှုတွေ တသီတ တန်းကြီးဆောင်ရွက်သွားမှာဖြစ်ပါတယ်။” လို့ ၎င်းက ပြောပါတယ်။
Ref: China’s AI swarms can tackle US drone ‘hellscape’ in Taiwan, claims expert
#PeopleMedia