ထိုင်ဝမ်ရေလက်ကြားကို စစ်သင်္ဘောမလွှတ်ဖို့ ဂျာမနီကို တရုတ်သတိပေး
PUBLISHED - August 21, 2024
နိုင်ငံတကာ၊ သြဂုတ် ၂၁
တရုတ်နဲ့ ထိုင်ဝမ်ကို ပိုင်းခြားထားတဲ့ မဟာဗျူဟာမြောက်ရေပြင်ထဲကို စစ်သင်္ဘောတွေ ထပ်မံစေလွှတ်တာမျိုးမ လုပ်ဖို့ ၂၀၀၂ ခုနှစ်ကစပြီး ပထမဦးဆုံးအကြိမ်အဖြစ် နေတိုးအဖွဲ့ဝင်နိုင်ငံဖြစ်တဲ့ ဂျာမနီနိုင်ငံကို တရုတ်က သတိ ပေးလိုက်ပါတယ်။
အဲဒီဒေသကို သင်္ဘောတွေစေလွှတ်တာဟာ တရုတ်နိုင်ငံရဲ့ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်တာမျိုးဖြစ်လိမ့် မယ်လို့ တရုတ်နိုင်ငံက ပြောပါတယ်။
ဂျာမန်အစိုးရက လက်ရှိအချိန်မှာ ပစိဖိတ်ဒေသမှာရှိနေတဲ့ ၎င်းတို့ရဲ့ Baden-Wuerttemberg ဖရီးဂိတ်သင်္ဘော နဲ့ ဆီဖြည့်သင်္ဘော Frankfurt am Main တို့ကို မိုင် ၁၁၀ ကျယ်ပြန့်တဲ့ ထိုင်ဝမ်ရေလက်ကြားကို စက်တင်ဘာ လမှာ စေလွှတ်ရမလား၊ မလွှတ်ရဘူးလားဆိုတာ မဆုံးဖြတ်ရသေးကြောင်း ဂျာမန်ရေတပ်ဗိုလ်ချုပ်ကြီးအတ် ဇယ်လ်ရှူကို ကိုးကားပြီး ရိုက်တာသတင်းဌာနက ရေးသားထားပါတယ်။
“ဂျာမန်ရေတပ်ဟာ ထိုင်ဝမ်ရေလက်ကြားကနေ ဖြတ်သန်းလာနိုင်သလား” လို့ ဘေဂျင်းမှာပြုလုပ်ခဲ့တဲ့သတင်း စာရှင်းလင်းပွဲမှာ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်မော်နင်းကို မေးတဲ့အခါ “ထိုင်ဝမ်နဲ့ ပတ်သက် တဲ့မေးခွန်းဟာ တရုတ်နိုင်ငံရဲ့ ပြည်တွင်းရေးဖြစ်ပါတယ်။ ထိုင်ဝမ်လွတ်လပ်ရေးကို ဆန့်ကျင်တာဟာ ရေလက် ကြားဖြတ်သန်းမှုဆက်ဆံရေးတွေအတွက် အဓိကကျတဲ့ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်မှုဖြစ်ပါတယ်။” လို့ မော်နင်းက ပြန်ဖြေပါတယ်။
“ပင်လယ်ရေကြောင်းလွတ်လပ်စွာသွားလာခွင့်ဆိုတဲ့ နာမည်နဲ့ တရုတ်နိုင်ငံရဲ့ နယ်မြေအချုပ်အခြာပိုင်စိုးမှုနဲ့ လုံ ခြုံရေးကို ထိခိုက်စေတဲ့ ကြိုးပမ်းမှုတွေကို တရုတ်နိုင်ငံက ဆန့်ကျင်ပါတယ်။” လို့ ၎င်းက ပြောပါတယ်။
ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရနေတဲ့ ထိုင်ဝမ်ကို ၎င်းတို့ရဲ့ အဝေးရောက်ပြညနယ်တစ်ခုအဖြစ် တရုတ်နိုင်ငံက ရှုမြင် ထားပြီး ထိုင်ဝမ်ကျွန်း ပြန်လည်ပေါင်းစည်းရေးအတွက် လိုအပ်လာရင် အင်အားသုံးမယ်လို့ ပြောဆိုထားပါ တယ်။
အမေရိကန်ပြည်ထောင်စုနဲ့ မဟာမိတ်နိုင်ငံတွေက ထိုင်ဝမ်ရေလက်ကြားကို နိုင်ငံတကာရေပိုင်နက်အဖြစ် သတ်မှတ်ထားပေမဲ့ တရုတ်နိုင်ငံကတော့ ထိုင်ဝမ်ရေလက်ကြားဟာ ၎င်းတို့ရဲ့ တရားစီရင်ရေးနယ်ပယ်ထဲမှာ ရှိကြောင်း ပြောပါတယ်။
အမေရိကန်စစ်တပ်ဟာ ထိုင်ဝမ်ရေလက်ကြားကို ပုံမှန်ဖြတ်သန်းသွားလာလေ့ရှိပြီး မကြာသေးခင်ကာလ မေလ အတွင်းက အမေရိကန်ဖျက်သင်္ဘော USS Halsey ဖြတ်သန်းခဲ့ပါသေးတယ်။
နေတိုးအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံဖြစ်တဲ့ ကနေဒါနိုင်ငံကလည်း ၎င်းတို့ရေတပ်ရဲ့ HMCS Montreal ဖရီးဂိတ်သင်္ဘော ကို ဇူလိုင်လ ၃၁ ရက်နေ့က အဲဒီဒေသကို စေလွှတ်ခဲ့ပါတယ်။
ကနေဒါအစိုးရအနေနဲ့ အင်ဒိုပစိဖိတ်ဒေသ လွတ်လပ်စွာ ခရီးသွားလာခွင့်၊ ပွင့်လင်းမြင်သာရှိမှုနဲ့ နိုင်ငံအားလုံး ပါဝင်မှုအတွက် ဆောင်ရွက်သွားဖို့ သံန္နိဋ္ဌာန်ချထားကြောင်း ကနေဒါကာကွယ်ရေးဝန်ကြီး ဘီလ်ဘလဲက ပြော ပါတယ်။
တရုတ်နိုင်ငံကတော့ ခြိမ်းခြောက်မှုနဲ့ ကျူးကျော် ရန်စမှုတွေကို တုံ့ပြန်သွားမှာဖြစ်တယ်လို့ ပြောပါတယ်။
ဂျာမန်သင်္ဘောတွေ ထိုင်ဝမ်ရေလက်ကြားကို ဖြတ်သန်းသွားခဲ့ရင် ဘယ်လိုလုံခြုံရေးဆောင်ရွက်မှုမျိုးကိုမှ လုပ် ဆောင်မှာမဟုတ်ပေမဲ့ တရုတ်ရေတပ်နဲ့ ကမ်းခြေစောင့်တပ်က သေင်္ဘာတွေဟာ ဂျာမန်သင်္ဘောတွေကို နောက် ယောင်ခံလိုက်လာမယ်လို့ မျှော်လင့်ထားကြောင်း ဂျာမန်ရေတပ်ဗိုလ်ချုပ်ကြီးအတ် ဇယ်လ်ရှူက ပြောပါတယ်။
“ကျွန်တော်တို့ရဲ့မိတ်ဖက်နိုင်ငံတွေ၊ မိတ်ဆွေနိုင်ငံတွေနဲ့အတူ ရပ်တည်ကြောင်း၊ တရားဥပဒေအခြေပြုစိုးမိုး ရေးအတွက်ဆောင်ရွက်မယ့်ကတိကဝတ်တွေရှိနေကြောင်း၊ ရေပိုင်နက်ပဋိပက္ခတွေကို ငြိမ်းချမ်းစွာဖြေရှင်းဖို့ လိုအပ်ကြောင်း၊ လွတ်လပ်ပြီး ဘေးကင်းလုံခြုံတဲ့ ရေလမ်းကြောင်းတွေဖြစ်ဖို့ လိုအပ်ကြောင်း ပြသဖို့အတွက် ကျွန်တော်တို့ရဲ့ အလံကို လွှင့်ထူသွားမှာဖြစ်ပါတယ်။” လို့ ၎င်းက ပြောပါတယ်။
Ref: China Issues Warship Warning to NATO Member: Newsweek
#PeopleMedia