ထိုင်ဝမ်အတွက် NASAMS လေကြောင်းရန်ကာကွယ်ရေးဒုံးကျည်တွေနဲ့ တာဝေးရေဒါတွေ ရောင်းချပေးဖို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ခွင့်ပြု

PUBLISHED - October 29, 2024
နိုင်ငံတကာ၊ အောက်တိုဘာ ၂၉
ထိုင်ဝမ်နိုင်ငံအတွက် ဒေါ်လာ ၁.၉၄ ဘီလျံတန်ကြေးရှိ လေကြောင်းရန် ကာကွယ်ရေးလက်နက်စနစ်တွေနဲ့ တာ ဝေးရေဒါတွေရောင်းချဖို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ခွင့်ပြုလိုက်ပါတယ်။
ခွင့်ပြုလိုက်တဲ့ စစ်လက်နက်ပစ္စည်းရောင်းချရေးမှာ NASAMS ဒုံးကျည်တွေ (National Advanced Surface-to-Air Missile Systems) နဲ့ AN/TPS-77 နဲ့ AN/TPS-78 တာဝေး ရေဒါစနစ်တွေပါဝင်ပါတယ်။
လက်နက်စနစ်နှစ်ခုစလုံး ရောင်းချဖို့အတွက် အမေရိကန်ကွန်ဂရက်လွှတ်တော်ရဲ့ ခွင့်ပြုချက် စောင့်ဆိုင်းရဦးမှာ ဖြစ်ပါတယ်။ ထိုင်ဝမ်အစိုးရဟာ ဒေါ်လာ ၁.၁၆ ဘီလျံ တန်ကြေးရှိ NASAMS ဒုံးကျည်စနစ် သုံးစုံနဲ့ ဆက်စပ်ကိရိယာတွေကို မှာယူခဲ့တာဖြစ်ပါတယ်။
ယူကရိန်းစစ်ပွဲမှာ လက်တွေ့အသုံးပြုခဲ့ပြီးဖြစ်တဲ့ NASAMS ဒုံးကျည်စနစ်ဟာ ဂျက်တိုက်လေယာဉ်တွေ၊ ဒရုန်း တွေနဲ့ ခရုစ်ဒုံးကျည်တွေကို ကာကွယ်ဖို့အတွက် တာလတ်ပစ် လေကြောင်းရန်ကာကွယ်ရေးလက်နက်တွေအ ဖြစ် ထိုင်ဝမ်အစိုးရရဲ့ ကာကွယ်ရေးစွမ်းရည်ကို မြှင့်တင်ပေးသွားမှာဖြစ်ပါတယ်။
ဒီ NASAMS ဒုံးကျည်စနစ်တွေဟာ ထိုင်ဝမ်နိုင်ငံရဲ့ မြေပြင်-ဝေဟင်ပစ် Hawk ဒုံးကျည်စနစ်တွေကို အစားထိုး သွားနိုင်ဖွယ်ရှိကြောင်း ထိုင်ဝမ်လေတပ်အငြိမ်းစားအရာရှိ ချိုယုပိုင်က ပြောကြောင်း CAN သတင်းဌာနက ပြော ပါတယ်။
ကောင်းဇ်ဘတ်ကုမ္ပဏီ (Kongsberg ) နဲ့ ရေသီယွန်ကုမ္ပဏီ (Raytheon) တို့ ပူးတွဲထုတ်လုပ်တဲ့ NASAMS ဒုံး ကျည်စနစ်ဟာ ကီလိုမီတာ ၅၀ (၃၁ မိုင်) အကွာအဝေးကလာတဲ့ ပစ်မှတ်ပေါင်း ၇၂ ခုကို တပြိုင်တည်းပစ်ခတ် နိုင်တယ်လို့ ဆိုပါတယ်။
NASAMS ဒုံးကျည်စနစ်ရဲ့ ပစ်မှတ်ရှာဖွေထောက်လှမ်းနိုင်တဲ့ အကွာအဝေးက ကီလိုမီတာ ၁၂၀ (၇၄ မိုင်) ဖြစ် ပါတယ်။
NASAMS ဒုံးကျည်စနစ်တွေကို ခရုစ်ဒုံးကျည်တွေနဲ့ ဂျက်တိုက်လေယာဉ်တွေကို ကာကွယ်ရာမှာအသုံးပြုဖို့ တပ်ဖြန့်ချသွားမယ်လို့ ခန့်မှန်းထားကြောင်း လေတပ်အငြိမ်းစားအရာရှိ ယုပိုင်က ပြောပါတယ်။
ခွင့်ပြုထားတဲ့ လက်နက်ရောင်းချမှုထဲမှာ AN/MPQ-64F1 Sentinel ရေဒါစနစ် ၃ စုံ၊ ပစ်ခတ်မှုအကွာအဝေး တိုးမြှင့်ထားတဲ့ အဆင့်မြင့်တာလတ်ပစ် AMRAAM-ER ဒုံးကျည် ၁၂၃ စင်း၊ AMRAAM-C8 လမ်းညွှန်ကိရိယာ ၂ စုံနဲ့ ဘက်စုံသတင်းဖြန့်ဖြူးရေးစနစ် ၄ စုံ ပါဝင်ပါတယ်။
“ခွင့်ပြုလိုက်တဲ့လက်နက်ရောင်းချမှုဟာ လက်ရှိခြိမ်းခြောက်မှုတွေနဲ့ အနာဂတ်ခြိမ်းခြောက်မှုတွေကို ရင်ဆိုင်ဖို့ နဲ့ ထိုင်ဝမ်လေကြောင်းပိုက်နက်နဲ့ ဒေသတွင်းလုံခြုံရေးအတွက် ထိုင်ဝမ်နိုင်ငံရဲ့ စွမ်းရည်တွေကို မြှင်တင်ပေးသွား မှာဖြစ်သလို NASAMS program ကတစ်ဆင့် အမေရိကန်နိုင်ငံနဲ့ အပြန်လှန်ဆက်သွယ်မှုတွေကိုလည်း တိုးမြှင့် သွားမှာဖြစ်ပါတယ်။” လို့ ကာကွယ်ရေးလုံခြုံရေး ပူးပေါင်းဆောင်ရွက်မှုအေဂျင်စီ (DSCA) က ပြောပါတယ်။
AN/TPS-77 နဲ့ AN/TPS-78 ရေဒါစနစ်တွေဟာ ခန့်မှန်း ဒေါ်လာ ၈၂၈ သန်းဝန်းကျင်ကုန်ကျမှာဖြစ်ပြီး L-band AN/TPS-77 ရေဒါစနစ်ဟာ ကီလိုမီတာ ၄၇၀ (၂၉၂ မိုင်) အကွာအဝေးအထိ ဖမ်းယူနိုင်ပြီး S-band AN/TPS-78 ရေဒါစနစ်ဟာ ၄၄၄ ကီလိုမီတာ (၂၇၆ မိုင်) အကွာအဝေးအထိ ဖမ်းယူနိုင်ပါတယ်။
ရေဒါစနစ်နှစ်ခုစလုံးကို C-130 ကုန်တင်လေယာဉ်တွေနဲ့ဖြစ်စေ၊ ရဟတ်ယာဉ်တွေနဲ့ဖြစ်စေ၊ ထရပ်ကားတွေနဲ့ ဖြစ်စေ၊ မီးရထားနဲ့ဖြစ်စေ သယ်ယူရွှေ့ပြောင်းနိုင်ပါတယ်။
အမေရိကန်ရဲ့လက်နက်ရောင်းချရေး ခွင့်ပြုမှုအတွက် တရုတ်အစိုးရက ပြစ်တင်ရှုတ်ချလိုက်ပြီး တရုတ်နိုင်ငံရဲ့ အချုပ်အခြာအာဏာနဲ့ နယ်နိမိတ်တည်တံ့ခိုင်မြဲမှုအတွက် တန်ပြန်ဆောင်ရွက်သွားမှာဖြစ်ကြောင်း ပြောကြားပါ တယ်။
အမေရိကန်ခွင့်ပြုချက်ကို ထိုင်ဝမ်အစိုးရက ကြိုဆိုကြောင်း ကြေညာလိုက်ပြီးနောက် တရုတ်နိုင်ငံခြားရေးဝန် ကြီးဌာနက “အဲဒီလက်နက်ရောင်းချရေးခွင့်ပြုချက်ဟာ တရုတ်-အမေရိကန် ဆက်ဆံရေးကို ဆိုးဆိုးရွားရွား ထိ ခိုက်စေမှာဖြစ်သလို ထိုင်ဝမ်ရေလက်ကြားက ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်မှုကိုလည်း ထိခိုက်စေမှာဖြစ်ကြောင်း” ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။
Ref: US Approves $2 Billion Air Defense, Radar Sale to Taiwan
#PeopleMedia