ထိုင်ဝမ်အရေးနဲ့ပတ်သက်ပြီး “မီးနဲ့မကစားဖို့” ဖိလစ်ပိုင်ကို တရုတ်သတိပေး
PUBLISHED - February 10, 2024
နိုင်ငံတကာ၊ ဖေဖော်ဝါရီ ၁၀
ထိုင်ဝမ်အရေးနဲ့ ပတ်သက်ပြီး ကြိုးကိုင်ခြယ်လှယ်ခံရခြင်းနဲ့ ထိခိုက်နစ်နာခြင်းတို့ကနေ ရှောင်ရှားနိုင်ဖို့အတွက် ဖိလစ်ပိုင်နိုင်ငံအနေနဲ့ မီးနဲ့ မကစားသင့်ကြောင်း တရုတ်အစိုးရက ပြောကြားလိုက်ပါတယ်။
ဘာတားနက်စ်ပြည်နယ်မှာ တပ်ဖွဲ့ဝင်တွေ ပိုမိုတပ်ဖြန့်ချထားဖို့ ဖိလစ်ပိုင်ကာကွယ်ရေးဝန်ကြီး ဂီဘာတို သီယိုဒို ရိုက ညွှန်ကြားခဲ့တာနဲ့ပတ်သက်ပြီး မှတ်ချက်ပြုပြောကြားရာမှာ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ ပုဂ္ဂိုလ် ဝန်ဝန်းဘင်းက အခုလိုပြောကြားလိုက်တာဖြစ်ပါတယ်။
ဖိလစ်ပိုင်နိုင်ငံ ကာကွယ်ရေးအတွက် ပိုမိုအားဖြည့်ဖို့အတွက် ထိုင်ဝမ်ကျွန်းနဲ့ ကီလိုမီတာ ၂၀၀ ဝန်းကျင်သာဝေး ကွာတဲ့ နယ်စွန်နယ်ဖျားက ဘာတားနက်စ်ကျွန်းစုပြည်နယ်မှာ တပ်ဖွဲ့ဝင်တွေကို ပိုမိုချထားဖို့ သီယိုဒိုရိုက ညွှန် ကြားခဲ့တာဖြစ်ပါတယ်။
“ထိုင်ဝမ်အရေးဟာ တရုတ်နိုင်ငံရဲ့ အဓိကအကျိုးစီးပွားတွေထဲက အရေးအကြီးဆုံးအစိတ်အပိုင်းတစ်ခုဖြစ်ပါ တယ်။ ထိုင်ဝမ်အရေးဟာ ဖြတ်သန်းလို့မရတဲ့ အနီရောင်မျဉ်းနဲ့ အခြေခံမျဉ်းဖြစ်ပါတယ်။” လို့ ဝန်က သတင်းစာ ရှင်းလင်းပွဲတစ်ခုမှာ ပြောပါတယ်။
ထိုင်ဝမ်ကျွန်းဟာ တရုတ်ပြည်မကြီးရဲ့ အစိတ်အပိုင်းတစ်ရပ်ဖြစ်ကြောင်း တရုတ်အစိုးရက တောက်လျှောက် ပြောဆိုနေသလို ဖိလစ်ပိုင်ကလည်း တရုတ်တစ်နိုင်ငံတည်းမူဝါဒကို လက်ခံထားကြောင်း ဇန်နဝါရီလက ထပ် လောင်းပြောကြားခဲ့ပါတယ်။
မနီလာမှာရှိတဲ့ တရုတ်သံရုံးက ဝန်ဝန်းဘင်းရဲ့ သတင်းစာရှင်းလင်းပွဲမှတ်တမ်းကို ကြာသပတေးနေ့ (ဖေဖော်ဝါ ရီလ ၈ ရက်နေ့) က မျှဝေခဲ့ပါတယ်။
ဖိလစ်ပိုင်မှာရှိတဲ့ သက်ဆိုင်ရာအဖွဲ့အစည်းတွေအနေနဲ့ ဒီကိစ္စကို ရှင်းရှင်းလင်းလင်း သိထားဖို့ လိုအပ်ပြီး သတိ ကြီးစွာ ကိုင်တွယ်ဆောင်ရွက်ရမှာဖြစ်ကြောင်း ဝန်က ပြောပါတယ်။
တရုတ်နိုင်ငံနဲ့ ဖိလစ်ပိုင်နိုင်ငံဟာ ပင်လယ်ပြင်တစ်ဝန်း အိမ်နီးချင်းနိုင်ငံတွေဖြစ်ပြီး နှစ်နိုင်ငံသမိုင်းကြောင်းတစ် လျှောက် အပြန်အလှန်ချစ်ကြည်ရင်းနှီးစွာ ဆက်ဆံခဲ့ကြကြောင်း ဝန်က ပြောပါတယ်။
“အနီးမှာရှိတဲ့ အိမ်နီးချင်းဟာ အဝေးကဆွေမျိုးသားချင်းထက် ပိုပြီးအထောက်အကူဖြစ်နိုင်ပါတယ်။” လို့ ဝန်ဝန်း ဘင်းက ပြောပါတယ်။
“ကောင်းမွန်တဲ့ အိမ်နီးချင်းဆက်ဆံရေးရှိခြင်း၊ ချစ်ကြည်ရင်းနှီးမှုရှိခြင်း၊ အချုပ်အခြာအာဏာနဲ့ နယ်နိမိတ် တည်တံ့မှုကို အပြန်အလှန်လေးစားခြင်း၊ တစ်နိုင်ငံရဲ့ ပြည်တွင်းရေးကို တစ်နိုင်ငံက ဝင်ရောက်စွက်ဖက်မှု မရှိခြင်း စတဲ့မူဝါဒတွေပေါ် အခြေခံပြီး အိမ်နီးချင်းနိုင်ငံတွေဟာ တစ်နိုင်ငံနဲ့ တစ်နိုင်ငံ ချစ်ကြည်ရင်းနှီးစွာ ဆက် ဆံရမှာဖြစ်ပါတယ်။” လို့ ၎င်းက ပြောပါတယ်။
Ref: China warns PH ‘not to play with fire’ on Taiwan: The Manila Times
#PeopleMedia