ထိုင်းတပ်မတော် တာဝန်ပြောင်းလဲပေးအပ်ရေး အစိုးရသစ်ဖွဲ့စည်းမှုကို စောင့်ဆိုင်းနေ

PUBLISHED - July 22, 2023
နိုင်ငံတကာ၊ ဇူလိုင် ၂၂
နိုင်ငံရေးပါတီတွေက အစိုးရသစ်ဖွဲ့စည်းနိုင်ရေးအတွက် ဆောင်ရွက်နေဆဲကာလဖြစ်တာကြောင့် ထိုင်းတပ်မ တော်တွင်း တာဝန်များပြောင်းလဲပေးအပ်ပြီး ပြန်လည်ဖွဲ့စည်းရေးအတွက် စောင့်ဆိုင်းနေဆဲဖြစ်ကြောင်း ထိုင်း ဝန်ကြီးချုပ်နဲ့ ကာကွယ်ရေးဝန်ကြီး ပရာယွတ်ချန်အိုချာက ပြောကြားလိုက်ပါတယ်။
သောကြာနေ့ကကျင်းပခဲ့တဲ့ ကာကွယ်ရေးကောင်စီအစည်းအဝေးမှာ မိန့်ခွန်းပြောကြားစဉ် တပ်မတော်တွင်း ပြောင်းလဲတာဝန်ပေးအပ်မှုတွေကို ဘယ်အချိန်စလုပ်မယ်ဆိုတာ ၎င်းအနေနဲ့ မသိသေးကြောင်း ဗိုလ်ချုပ်ကြီး ပရာယွတ်က ပြောပါတယ်။
နိုင်ငံရေးပါတီတွေဟာ အစိုးရသစ်ဖွဲ့စည်းဖို့ ပြင်ဆင်ဆောင်ရွက်နေဆဲဖြစ်တာမို့ တပ်မတော်တွင်း တာဝန်ပြောင်း လဲမှုတွေလုပ်ဖို့အတွက် စောင့်ဆိုင်းရဦးမှာဖြစ်ကြောင်း ပရာယွတ်ကပြောပါတယ်။
မကြာခင်က ရွေးကောက်ပွဲမှာ ရှုံးနိမ့်ခဲ့ပြီးနောက် နိုင်ငံရေးနဲ့ပတ်သက်ပြီး မှတ်ချက်ပြုပြောကြားဖို့ ဗိုလ်ချုပ်ကြီး ပရာယွတ်ဟာ ပုံမှန်အားဖြင့် ငြင်းပယ်လေ့ရှိသူဖြစ်ပါတယ်။
ဒါပေမဲ့ ထိုင်းတပ်မတော်ခေါင်းဆောင်တွေအနေနဲ့ ဝန်ကြီးချုပ်နဲ့ ကာကွယ်ရေးဝန်ကြီး ဘယ်သူတွေပဲဖြစ်ဖြစ် အ ရေးမထားဘဲ မိမိတို့တာဝန်တွေကို အကောင်းဆုံး ဆက်လက်ထမ်းဆောင်သွားဖို့ အဲဒီအစည်းအဝေးမှာ ဗိုလ် ချုပ်ကြီးပရာယွတ်က မှာကြားခဲ့ကြောင်း ကာကွယ်ရေးကောင်စီနဲ့ နီးစပ်တဲ့သတင်းရင်းမြစ်တစ်ဦးက ပြောပါ တယ်။
အစည်းအဝေးအပြီးမှာ ထိုင်းတပ်မတော်ခေါင်းဆောင်တွေဟာ ဗိုလ်ချုပ်ကြီးပရာယွတ်နဲ့အတူ ရုံးဘက်ကို လမ်း လျှောက်သွားရင်း စကားစမြည်ပြောသွားကြတယ်လို့ ဆိုပါတယ်။
လာမယ့်လအစောပိုင်းမှာ ထိုင်းတပ်မတော်တွင်း တာဝန်ပြောင်းလဲပေးအပ်ဖို့အတွက် အပြီးသတ်ပြင်ဆင်ထားဖို့ တပ်မတော်ခေါင်းဆောင်တွေကို ဗိုလ်ချုပ်ကြီးပရာယွတ်က မှာကြားခဲ့တယ်လို့ ဆိုပါတယ်။
တပ်မတော်ကလက်နက်တိုက်တွေကို လုံခြုံရေးတိုးမြှင့်ထားဖို့နဲ့ အဲဒီလက်နက်တိုက်တွေကို ပုံမှန်သွားရောက် စစ်ဆေးဖို့ ဗိုလ်ချုပ်ကြီးပရာယွတ်က ညွှန်ကြားခဲ့ကြောင်း၊ တာဝန်ပေါ့လျော့တဲ့အရာရှိတွေကို စစ်စည်းကမ်းနဲ့ ဥပဒေအရ အရေးယူသွားမှာဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယပြောခွင့်ရပုဂ္ဂိုလ် ဒုတိယဗိုလ်မှူးကြီး ချစ်တနတ်ပန်နော့သောက်က ပြောပါတယ်။
ချွန်ဘူရီမြို့မှာရှိတဲ့ ဆတ္တာဟစ်ရေတပ်အခြေစိုက်စခန်းကနေ အမြောက်ကျည်အမြောက်အများကို အမြောက် တပ်အရာရှိတစ်ဦးက ခိုးယူသွားခြင်းရှိမရှိ ရေတပ်က စုံစမ်းစစ်ဆေးနေစဉ်အတွင်းမှာ အခုလိုကာကွယ်ရေးဝန် ကြီးရဲ့ ညွှန်ကြားချက်ထွက်ပေါ်လာတာဖြစ်ပါတယ်။
ထိုင်းနိုင်ငံရေတပ်လက်နက်တိုက်တစ်ခုကနေ အမြောက်ကျည်နဲ့ ဗုံးပစ်လောင်ချာကျည် အများအပြား ပျောက် ဆုံးနေကြောင်း လော့အင်ဂျလိစ် ရာဇဝတ်မှုစုံစမ်းစစ်ဆေးရေး (CSI-LA) Facebook page မှာ ဖော်ပြထားပါ တယ်။
Ref: Military reshuffle awaits new govt
#PeopleMedia