ထိုင်းတောင်ပိုင်းပြည်နယ်တွေက စစ်သားတွေကို ပြန်လည်ရုပ်သိမ်းပြီး စေတနာ့ဝန်ထမ်းတပ်ဖွဲ့တွေနဲ့ အစားထိုးသွားဖို့ စီစဉ်နေ
PUBLISHED - October 2, 2024
နိုင်ငံတကာ၊ အောက်တိုဘာ ၂
ထိုင်းနိုင်ငံတောင်ပိုင်းပြည်နယ်တွေမှာ စေတနာ့ဝန်ထမ်းတပ်တွေကို တိုးမြှင့်ချထားဖို့ စီစဉ်နေတဲ့အတွက် အဲဒီ ဒေသမှာ တပ်ဖြန့်ချထားတဲ့တပ်ဖွဲ့တွေကို ၂၀၂၇ ခုနှစ် မတိုင်ခင် ပြန်လည်ရုပ်သိမ်းဖို့ ပြည်ထဲရေးဝန်ကြီးဌာနနဲ့ ပြည်တွင်းလုံခြုံရေး စစ်ဆင်ရေးဌာနချုပ် (ISOC) က စဉ်းစားနေပါတယ်။
စေတနာ့ဝန်ထမ်းတပ်ဖွဲ့ဝင်တွေကို လေ့ကျင့်သင်ကြားပေးဖို့အတွက် ပြည်ထဲရေးဝန်ကြီးဌာနနဲ့ ပြည်တွင်းလုံခြုံ ရေး စစ်ဆင်ရေးဌာနချုပ် (ISOC) တို့ နားလည်မှုစာချွန်လွှာ (MoU) လက်မှတ်ရေးထိုးခဲ့ကြပါတယ်။
အဲဒီအခမ်းအနားကို ပြည်ထဲရေးဝန်ကြီး အနူတင်ချန်းဗီရာကူလ်နဲ့ ကြည်းတပ်ဦးစီးချုပ်ချာရွန်ချိုင်းဟင်တာအိုတို့ တက်ရောက်ခဲ့ကြပါတယ်။
၂၀၂၇ ခုနှစ်မှာ ပြည်သူ့ဘဝလုံခြုံရေး တိုးမြှင့်ဆောင်ရွက်မယ့်အစီအစဉ်တွေ စတင်နေစဉ်အတွင်း စစ်ရေးတာ ဝန်တွေ လျှော့ချနိုင်ဖို့ ရည်ရွယ်ပြီး စေတနာ့ဝန်ထမ်းတပ်ဖွဲ့ဝင်တွေကို လေ့ကျင့်သင်ကြားပေးရာမှာ ပြည်ထဲရေး ဝန်ကြီးဌာနနဲ့ ISOC တို့ ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ပါတယ်။
စေတနာ့ဝန်ထမ်းတပ်ဖွဲ့ဝင်တွေဟာ ဒေသခံပြည်သူတွေနဲ့ ဒေသခံတွေနဲ့ ရင်းနှီးကျွမ်းဝင်တဲ့သူတွေဖြစ်ကြောင်း မစ္စတာအနူတင်က ပြောပါတယ်။
စေတနာ့ဝန်ထမ်းတပ်ဖွဲ့ဝင်တွေဟာ ကျွမ်းကျင်မှုတချို့ရှိပြီးသားဖြစ်ပေမဲ့ လူထုကာကွယ်ရေးနဲ့ လုံခြုံရေးဆောင် ရွက်ရာမှာ နောက်ထပ်သင်ကြားဖို့ လိုအပ်နေသေးတယ်လို့ ၎င်းက ပြောပါတယ်။
ဒေသတွင်း တိုးတက်မှုအခြေအနေတွေကို လေ့လာဖို့အတွက် ၎င်းနဲ့ ကြည်းတပ်စစ်ဦးစီးချုပ်တို့ဟာ အဲဒီဒေသ တွေကို အကြိမ်ကြိမ်သွားရောက်ခဲ့ကြောင်း မစ္စတာအနူတင်က ပြောပါတယ်။
“တာဝန်ကျတဲ့အချိန်မှာ စေတနာ့ဝန်ထမ်းတပ်ဖွဲ့ဝင်တွေဟာ သူတို့တာဝန်ကို အမြန်ဆုံးထမ်းဆောင်နိုင်လိမ့်မယ် လို့ ကျွန်တော်တို့ ယုံကြည်ပါတယ်။” လို့ မစ္စတာအနူတင်က ပြောပါတယ်။
တောင်ပိုင်းနယ်စပ်ပြည်နယ်တွေမှာ ဆောင်ရွက်နေတဲ့ စစ်ဆင်ရေးတွေဟာ ISOC ရဲ့ မူဘောင်အရ အရပ်သား တွေ၊ ရဲတပ်ဖွဲ့ဝင်တွေနဲ့ တပ်မတော်သားတွေ ပူးပေါင်းဆောင်ရွက်နေကြတာဖြစ်ကြောင်း ကြည်းတပ်ဦးစီးချုပ် ချာရွန်ချိုင်းက ပြောပါတယ်။
ISOC ဟာ ဒေသတွင်း နယ်မြေထိန်းချုပ်ရေးတာဝန်တွေကို ၂၀၂၇ ခုနှစ်မှာ ပြည်နယ်အုပ်ချုပ်ရေးဦးစီးဌာန၊ စေတနာ့ဝန်ထမ်းများနဲ့ ရဲတပ်ဖွဲ့ထံကို လွှဲပြောင်းပေးသွားမှာဖြစ်ပြီး အဲဒီအချိန်လောက်ဆို လုံခြုံရေးအခြေအနေ တွေ တိုးတက်နေလောက်ပြီလို့ ခန့်မှန်းထားကြောင်း ၎င်းက ပြောပါတယ်။
လုံခြုံရေးအခြေအနေ မတိုးတက်ဘူးဆိုရင် နောက်ထပ် အစီအစဉ်တွေကို အစိုးရအဖွဲ့က စဉ်းစားသွားမှာဖြစ် ကြောင်း ဗိုလ်ချုပ်ကြီးချာရွန်ချိုင်းက ပြောပါတယ်။
စေတနာ့ဝန်ထမ်းတပ်ဖွဲ့တွေဟာ ခိုင်မာတဲ့ အခြေခံအုတ်မြစ်ရှိပြီးသားဖြစ်ပေမဲ့ ပိုမိုပူးပေါင်းဆောင်ရွက်လာနိုင် ရေးအတွက် ပူးပေါင်းဆောင်ရွက်တဲ့လေ့ကျင့်ခန်းတွေ သင်ကြားပေးဖို့လိုအပ်ကြောင်း ၎င်းကပြောပါတယ်။
Ref: Military to withdraw from South, volunteers to step in
#PeopleMedia