ထိုင်းဓားစာခံတွေပြန်လည်လွတ်မြောက်ရေး ကြိုးပမ်းဆောင်ရွက်သွားမှာဖြစ်ကြောင်း ဝန်ကြီးချုပ်သံန္နိဋ္ဌာန် ချထား

PUBLISHED - October 23, 2023
နိုင်ငံတကာ၊ အောက်တိုဘာ ၂၃
အစ္စရေး-ဟားမတ်စ်စစ်ပွဲအတွင်း ဓားစာခံအဖြစ်ဖမ်းဆီးခံထားရတဲ့ ထိုင်းလူမျိုးတွေပြန်လည်လွတ်မြောက်ရေးအ တွက် နည်းလမ်းတွေရှာဖွေနိုင်ရေး ထိုင်းဝန်ကြီးချုပ်ဆရက်ထာထာဗီဆင်ဟာ တနင်္လာနေ့ (အောက်တိုဘာလ ၂၃ ရက်နေ့) မှာ အဖွဲ့အစည်းပေါင်းစုံနဲ့ တွေ့ဆုံဆွေးနွေးသွားမယ်လို့ ဆိုပါတယ်။
မိခင်နိုင်ငံကိုပြန်ချင်တဲ့ ထိုင်းလုပ်သားဦးရေ ထပ်မံတိုးလာသလို ဓားစာခံတွေပြန်လည်လွတ်မြောက်ရေးအတွက် စေ့စပ်ညှိနှိုင်းမှုတွေလုပ်ထားတာလည်း ရှိတဲ့အတွက် အခုပြဿနာဟာ သိမ်သိမ်မွေ့မွေ့ ကိုင်တွယ်ဆောင်ရွက်ဖို့ လိုအပ်ကြောင်း ဆရက်ထာက ပြောပါတယ်။
“ကျွန်တော်တို့ နိုင်ငံခြားရေးဝန်ကြီးရုံးမှာ တွေ့ဆုံဆွေးနွေးသွားကြမှာပါ။ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အစ္စရေးနိုင်ငံ ဆိုင်ရာထိုင်းသံအမတ်ကြီးနဲ့ လုံခြုံရေးအဖွဲ့အစည်းတွေဟာ ထိုင်းဓားစာခံတွေလွတ်မြောက်ရေးအတွက် ဦးစား ပေးဆောင်နေကြပါတယ်။” လို့ ဝန်ကြီးချုပ်က ပြောပါတယ်။
ထိုင်းဓားစာခံတွေ ပြန်လည်လွတ်မြောက်လာရေး စေ့စပ်ညှိနှိုင်းဖို့အတွက် ထိုင်းအာဏာပိုင်တွေဟာ ဖြစ်နိုင်တဲ့ နည်းလမ်းအားလုံးကို ကြိုးစားဆောင်ရွက်နေကြောင်း ၎င်းက ပြောပါတယ်။
“စေ့စပ်ညှိနှိုင်းမှုတွေပြုလုပ်ရာမှာ ပုဂ္ဂိုလ်ရေးရင်းနှီးကျွမ်းဝင်မှုတွေကိုလည်း အသုံးပြုသွားမှာဖြစ်ပါတယ်။ တနင်္လာနေ့မှာကျင်းပမယ့်အစည်းအဝေးမှာ တိုးတက်မှုတွေရှိလာမယ်လို့ မျှော်လင့်ထားပါတယ်။ ဒါပေမဲ့ တချို့ စေ့စပ်ညှိနှိုင်းမှုအသေးစိတ်ကိုတော့ ထုတ်ဖော်ပြောဆိုလို့ မရပါဘူး။ ဒါပေမဲ့ ဓားစာခံတွေပြန်လည်လွတ်မြောက် ရေးအတွက် ကျွန်တော်တို့ အစွမ်းကုန်ကြိုးပမ်းဆောင်ရွက်သွားမယ်ဆိုတာ ကတိပေးပါတယ်။” လို့ ဝန်ကြီးချုပ် ဆရက်ထာက ပြောပါတယ်။
အစ္စရေး-ဟားမတ်စ်စစ်ပွဲအတွင်း မိခင်နိုင်ငံကိုပြန်လာချင်တဲ့ ထိုင်းနိုင်ငံသား သုံးပုံတစ်ပုံ ထိုင်းနိုင်ငံတွင်းကို ပြန် လည်ရောက်ရှိနေပြီဖြစ်ကြောင်း အလုပ်သမားရေးရာဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဖိုင်ရာ့ဂျ်ချိုတီကာဆာတီ ယန်က ပြောပါတယ်။
ထိုင်းလုပ်သားအများစုဖြစ်တဲ့ ထိုင်းနိုင်ငံသား ၂၈၂၃ ဦးဟာ အစ္စရေးကနေ ပြန်ရောက်လာကြပြီဖြစ်ကြောင်း၊ အဲဒီအရေအတွက်ဟာ မိခင်နိုင်ငံကို ပြန်ချင်ကြောင်း စာရင်းပေးထားတဲ့ ထိုင်းနိုင်ငံသား ၈၄၃၉ ဦးထဲမှာပါဝင် ကြောင်း ၎င်းက ပြောပါတယ်။ ထိုင်းနိုင်ငံသား ၁၁၈ ဦးကတော့ အစ္စရေးနိုင်ငံမှာပဲ ဆက်လက်နေထိုင်ဖို့ သတင်းပို့ထားကြောင်း မစ္စတာဖိုင်ရာ့ဂျ် က ပြောပါတယ်။
Ref: PM vows to save hostages
#PeopleMedia