• Follow Us on
Latest News

Home ထိုင်းနိုင်ငံက ဖိဆာနုလောက်တက္ကသိုလ် ဘွဲ့လက်မှတ်ရောင်းစားတယ်ဆိုတဲ့စွပ်စွဲချက်နဲ့ စစ်ဆေးခံရမည်

ထိုင်းနိုင်ငံက ဖိဆာနုလောက်တက္ကသိုလ် ဘွဲ့လက်မှတ်ရောင်းစားတယ်ဆိုတဲ့စွပ်စွဲချက်နဲ့ စစ်ဆေးခံရမည်

Share this post

နိုင်ငံတကာ၊ ဇူလိုင် ၈

 

ချမ်းသာကြွယ်ဝတဲ့ကျောင်းသားတွေကို ကျောင်းမတက်ဘဲ ဘွဲ့ပေးအပ်နေတယ်ဆိုတဲ့ သတင်းတွေနဲ့ပတ်သက် ပြီး ထိုင်းနိုင်ငံက ပုဂ္ဂလိကတက္ကသိုလ်တစ်ခုဟာ အရေးယူခံရနိုင်တဲ့ စွဲချက်တွေနဲ့ ရင်ဆိုင်နေရပါတယ်။

 

အဆိုပါကိစ္စကို စုံစမ်းစစ်ဆေးဖို့အတွက် အချက်အလက်ရှာဖွေရေးကော်မတီတစ်ရပ်ကို ဖွဲ့စည်းလိုက်ကြောင်း အဆင့်မြင့်ပညာရေး၊ သိပ္ပံ၊ သုတေသနနဲ့ တီထွင်ဖန်တီးမှု ဝန်ကြီးဌာနဝန်ကြီး ဆူပါမက်စ်အိုင်ဆာရာဘက်ခ်ဒီ က တနင်္လာနေ့ (ဇူလိုင်လ ၈ ရက်နေ့) က ပြောကြားလိုက်ပါတယ်။

 

အဲဒီအချက်အလက်ရှာဖွေရေးကော်မတီကို ဝန်ကြီးဌာနရဲ့ ဒုတိယအမြဲတမ်းအတွင်းဝန် ပါမောက္ခဒေါက်တာ ဆူပါချိုင်း ပါသမ်နကူလ်က ဦးဆောင်သွားမှာဖြစ်ပါတယ်။ အဆင့်မြင့်ပညာရေးဝန်ကြီးက နာမည်ထွက်နေတဲ့ တက္ကသိုလ်ရဲ့နာမည်ကို ထုတ်ဖော်ပြောကြားခြင်းမရှိပေမဲ့ ၎င်းအနေနဲ့ ဖိဆာနုလောက်တက္ကသိုလ်ကို ရည်ညွှန်းပြောဆိုနေတာလို့ ယုံကြည်ထားကြပါတယ်။

 

ကေ်ာမတီဟာ အဆိုပါကိစ္စကို စုံစမ်းစစ်ဆေးပြီး ၎င်းထံ အမြန်ဆုံးပြန်လည်အစီရင်ခံတင်ပြသွားမှာဖြစ်ကြောင်း မစ္စဆူပါမက်စ်က ပြောပါတယ်။

 

ထိုင်းလူမျိုးတချို့ကို ဖိဆာနုလောက်တက္ကသိုလ်မတက်ဘဲ ငွေကြေးအမြောက်အမြားပေးရင် ဘွဲ့ပေးမယ်လို့ အဲဒီ ဖောင်ဒေးရှင်းဥက္ကဋ္ဌက ကမ်းလှမ်းခဲ့ကြောင်း၊ ၎င်းတို့က ငွေပေးခဲ့ပေမဲ့ ကတိအတိုင်း ဘာဘွဲ့မှ မရရှိခဲ့ကြောင်း အစောပိုင်းကာလမှာ လူတချို့က ပြောပါတယ်။

 

ကနဦးမှာ ချမ်းသာကြွယ်ဝတဲ့ ကျောင်းသားတွေကို ကျောင်းမတက်ခိုင်းဘဲ ဘွဲ့ရောင်းစားခဲ့တယ်ဆိုတဲ့စွပ်စွဲချက် နဲ့ပတ်သက်ပြီး ဖိဆာနုလောက်တက္ကသိုလ်က ငြင်းဆိုခဲ့ပါတယ်။

 

ဒါပေမဲ့ “ကျောင်းတွင်း စုံစမ်းစစ်ဆေးရေးအဖွဲ့တစ်ဖွဲ့ ဖွဲ့စည်းစုံစမ်းခဲ့ရာမှာ ကထိကတစ်ဦးဟာ တက္ကသိုလ်ဘွဲ့ တစ်ခုကို ဘတ်ငွေ ၂၀၀,၀၀၀ နဲ့ ရောင်းစားနေတဲ့ ဂိုဏ်းတစ်ဂိုဏ်းနဲ့ ဆက်နွယ်ပတ်သက်နေတာကို စဲုစမ်းသိရှိရ ကြောင်း” အဆိုပါတက္ကသိုလ်က ဇူလိုင်လ ၄ ရက်နေ့မှာ ထုတ်ပြန်ကြေညာခဲ့ပါတယ်။

 

အဆိုပါကထိကကို အလုပ်ဖြုတ်လိုက်ပြီဖြစ်သလို ဥပဒေအရ တရားစွဲဆိုသွားမှာဖြစ်ကြောင်း တက္ကသိုလ်က ပြောခဲ့ပေမဲ့ အဲဒီကထိကနာမည်ကိုတော့ ထုတ်ဖော်ပြောကြားခြင်းမရှိပါဘူး။

 

ဖိဆာနုလောက်တက္ကသိုလ်ဟာ အရည်အချင်းပြည့်ဝတဲ့ကထိကတွေကို ခန့်ထားရမယ်ဆိုတဲ့ စည်းမျဉ်းတွေကို လိုက်နာဖို့ ပျက်ကွက်ခဲ့တာကြောင့် ဝန်ကြီးဌာနအုပ်ချုပ်မှုအောင်ကို ထည့်သွင်းခဲ့ကြောင်း ဆူပါမက်စ်က ပြောပါ တယ်။

 

အဆိုပါတက္ကသိုလ်ကို ၂၀၂၃ ခုနှစ် မတ်လ ၁၄ ရက်နေ့ကနေ ၂၀၂၄ ခုနှစ် ဇွန်လ ၄ ရက်နေ့အထိ ဝန်ကြီးဌာန က ကိုင်တွယ်ထိန်းချုပ်ခဲ့ကြောင်း ၎င်းက ပြောပါတယ်။

 

ဖိဆာနုလောက်တက္ကသိုလ် ဝန်ကြီးဌာနထိန်းချုပ်မှုအောက်မှာရှိနေစဉ် အနီးကပ်ကြီးကြပ်အုပ်ချုပ်ခဲ့တာကြောင့် စွပ်စွဲထားတဲ့ ဘွဲ့လက်မှတ်ရောင်းစားတဲ့ကိစ္စဟာ အဲဒီကာလအတွင်းမှာ ဖြစ်ပေါ်ခဲ့တာ မဖြစ်နိုင်ကြောင်း ၎င်းက ပြောပါတယ်။ ဒီကိစ္စဟာလည်း ဘွဲ့လက်မှတ်ဝယ်ယူသူတွေလို့ ပြောဆိုထားတဲ့သူတွေရဲ့ မကျေနပ်မှုကြောင့် ပေါ်ထွက်လာ တာဖြစ်နိုင်ကြောင်း ၎င်းက ပြောပါတယ်။

 

“သတင်းရထားတဲ့အတိုင်း ဘွဲ့လက်မှတ် အရောင်းအဝယ်လုပ်မလုပ် အဲဒီတက္ကသိုလ်ကို ဝန်ကြီးဌာနက စစ်ဆေး သွားမှာဖြစ်ပါတယ်။” လို့ ၎င်းက ပြောပါတယ်။

 

ဘွဲ့လက်မှတ်ရောင်းစားထားကြောင်း စစ်ဆေးတွေ့ရှိခဲ့ရင် ဥပေဒအရ အရေးယူဆောင်ရွက်သွားမှာဖြစ်သလို တက္ကသိုလ်လိုင်စင်ကိုလည်း ပိတ်သိမ်းသွားမှာဖြစ်ကြောင်း ဝန်ကြီးဆူပါမက်စ်က ပြောပါတယ်။

 

Ref: Uni will face legal action if found to be selling degrees: Supamas

 

#PeopleMedia


Share this post