ထိုင်းနိုင်ငံတွင်ဖမ်းဆီးခံရသည့် မြန်မာအလုပ်သမား ၉၆၀ ဦးတို့ကို ပြန်လည်ကြိုဆိုလက်ခံခဲ့
PUBLISHED - September 6, 2024
နေပြည်တော်၊ စက်တင်ဘာ ၆
ထိုင်းနိုင်ငံတွင် အကြောင်းအမျိုးမျိုးကြောင့် ဖမ်းဆီးခံရသည့် မြန်မာအလုပ်သမားများကို ပြန်လည်ကြိုဆို လက်ခံလျက်ရှိရာ ၂၀၂၄ ခုနှစ်၊ ဩဂုတ်လအတွင်း ကျား ၇၅၂ ဦး၊ မ ၂ဝ၈ ဦး၊ စုစုပေါင်း ၉၆၀ ဦးတို့ကို ပြန်လည်ကြိုဆိုလက်ခံခဲ့ကြောင်း သိရသည်။
အမေရိကန်အစိုးရ၏ ၂ဝ၂၄ ခုနှစ်၊ လူကုန်ကူးမှုတိုက်ဖျက်ရေးဆိုင်ရာ အစီရင်ခံစာပါ အကြံပြုချက်များနှင့် စပ်လျဉ်း၍ ၂ဝ၂၄ ခုနှစ်၊ ဩဂုတ်လအတွင်း အကောင်အထည်ဖော် ဆောင်ရွက်နေမှုအခြေအနေအား အလုပ်သမားဝန်ကြီးဌာန ထုတ်ပြန်ရာတွင် ထည့်သွင်းဖော်ပြထားခြင်းဖြစ်သည်။
Safe Migration Facebook Page တွင် အလုပ်သမားရေးရာ သတင်းအချက်အလက်များအား ဖြန့်ဝေ လျက်ရှိပြီး လက်ရှိတွင် ပြည်ပအလုပ်အကိုင်အကျိုးဆောင်လိုင်စင်ရအေဂျင်စီများမှ အလုပ်သမားစေလွှတ်ရေး လုပ်ငန်းစဉ်များ၊ အေဂျင်စီအစီအစဉ်ဖြင့် စေလွှတ်သည့် အလုပ်သမားများ၏ ပြည်ပအလုပ်အကိုင် အလုပ်သမား သက်သေခံကတ် (Overseas Worker Identification Card – OWIC) ပြုလုပ်ခွင့်ပြုသည့် စာရင်းများ၊ ပြည်ပ အလုပ်အကိုင်လမ်းညွှန်သင်တန်း တက်ရောက်ခွင့်ပြုသည့် စာရင်းများအား စဉ်ဆက်မပြတ် ကြေညာပေး လျက်ရှိကြောင်း သိရသည်။
Complaint Mechanism Center များ၊ မြို့နယ်အလုပ်အကိုင်နှင့် အလုပ်သမားရှာဖွေရေးရုံးများ၊ ရွှေ့ပြောင်း အလုပ်သမားထောက်ပံ့ကူညီပေးရေးဗဟိုဌာနများ (MRC)၊ အလုပ်သမားသံအရာရှိရုံးများနှင့် ဝန်ကြီးဌာနသို့ အလုပ်သမားရေးရာ တိုင်ကြားမှုများအပေါ် လက်ခံဖြေရှင်းပေးလျက်ရှိရာ ၂၀၂၄ ခုနှစ်၊ ဇူလိုင်လအတွင်း စုစုပေါင်းတရားစွဲဆိုမှု (၂) မှု၌ တရားစွဲဆိုခံရသူ (၂) ဦး ရှိကြောင်း သိရသည်။
အလုပ်သမားညွှန်ကြားရေးဦးစီးဌာနအနေဖြင့် ပြည်ထောင်စုနယ်မြေအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ် (၁၅) ခုတွင် အလုပ်အကိုင်နှင့် အလုပ်သမားရှာဖွေရေးရုံး (၈၉) ရုံး၊ အထူးစီးပွားရေးဇုန်ရုံး (၃) ရုံးဖွင့်လှစ်၍ ၁၉၅၉ ခုနှစ်၊ အလုပ်ခန့်ထားမှုကန့်သတ်မံရေးအက်ဥပဒေနှင့်အညီ အလုပ်သမားရှာဖွေသူများအား အလုပ်သမားမှတ်ပုံတင်ပေးခြင်း၊ အစိုးရဌာန၊ အလုပ်သမား ၅ ဦး နှင့်အထက်ရှိသော သမဝါယမ၊ ဖက်စပ်နှင့် ပုဂ္ဂလိကလုပ်ငန်းများထံမှ အမှာစာများလက်ခံခြင်း၊ အမှာစာအရ သင့်တော်သည့် မှတ်ပုံတင်အလုပ်သမားများ အား စုဆောင်းပေးပို့ခြင်း၊ အလုပ်ရှင်များမှ ရွေးချယ်ထားသူများကို အလုပ်ခန့်အပ်နိုင်ရန် အလုပ်ခန့်ထားရေး ကတ်ပြား (အလလခပုံစံ-၇) ထုတ်ပေးခြင်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ပြည်ပမှ ပြန်လည်ဝင်ရောက်လာသည့် အလုပ်သမားများသည် ပြည်ထောင်စုနယ်မြေအပါအဝင် တိုင်းဒေသ ကြီးနှင့် ပြည်နယ် (၁၅) ခုရှိ အလုပ်အကိုင်နှင့် အလုပ်သမားရှာဖွေရေးရုံးများတွင် အလုပ်ရှာဖွေသူများအနေဖြင့် အလုပ်သမားမှတ်ပုံတင်နိုင်ပြီး ယင်းကဲ့သို့ အလုပ်သမားမှတ်ပုံတင်ထားသော အလုပ်ရှာဖွေသူများအတွက် အလုပ်အကိုင်နှင့် အလုပ်သမားရှာဖွေရေးရုံးများအနေဖြင့် အလုပ်ရှင်များထံမှ အမှာစာများလက်ခံ၍ ၎င်းတို့၏ ကျွမ်းကျင်မှုအလိုက် အလုပ်ရရှိရေး ချိတ်ဆက်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
နိုင်ငံခြားသား အလုပ်သမားများနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် (Mynamar Investment Commission -MIC) ခွင့်ပြုမိန့်ဖြင့် လုပ်ကိုင်လျက်ရှိသော ပြည်တွင်း/ ပြည်ပရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများတွင် နိုင်ငံခြားသားအကြီးတန်းစီမံခန့်ခွဲသူများနှင့် ကျွမ်းကျင်ပညာရှင်များ၏ အလုပ်လုပ်ကိုင်ခွင့်ကို မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်က ခွင့်ပြုပေးလျက်ရှိပြီး မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၊ ဌာနဆိုင်ရာပူးပေါင်း လုပ်ငန်းအဖွဲ့တွင် အဖွဲ့ဝင်အဖြစ်ပါဝင်၍ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေပုဒ်မ ၅၁ (က) အရ နိုင်ငံခြားသား အလုပ်သမားမှတ်ပုံတင်ခြင်း၊ သက်သေခံကတ်ပြားထုတ်ပေးခြင်း၊ သက်တမ်းတိုးခြင်းတို့ကို ဆောင်ရွက်ပေး လျက်ရှိပါကြောင်းနှင့် အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီတွင် အဖွဲ့ဝင်အဖြစ်ပါဝင်၍ ထားဝယ်၊ သီလဝါနှင့် ကျောက်ဖြူအထူးစီးပွားရေးဇုန်များတွင် လာရောက်လုပ်ကိုင်လျက်ရှိသည့် နိုင်ငံခြားသားအလုပ်သမားများအား ၂ဝ၁၄ ခုနှစ်၊ မြန်မာအထူးစီးပွားရေးဇုန်ဥပဒေ ပုဒ်မ ၇၇ အရ နိုင်ငံခြားသားအလုပ်သမားမှတ်ပုံတင်ခြင်း၊ သက်သေခံကတ်ပြားထုတ်ပေးခြင်း၊ သက်တမ်းတိုးခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
#PoepleMedia