ထိုင်းနိုင်ငံထုတ် သံချပ်ကာယာဉ်တွေနဲ့ ပစ္စတိုသေနတ်တွေ ဘူတန်နိုင်ငံ ဝယ်ယူ
PUBLISHED - May 28, 2024
နိုင်ငံတကာ၊ မေ ၂၈
ဘူတန်ရဲတပ်ဖွဲ့အတွက် ထိုင်းနိုင်ငံထုတ် သံချပ်ကာယာဉ် ၁၀ စီးနဲ့ ပစ္စတိုသေနတ် အလက် ၂၃၀ လွှဲ ပြောင်းပေးတဲ့အခမ်းအနားကို တနင်္လာနေ့ (မေလ ၂၇ ရက်နေ့) က ကျင်းပခဲ့ရာ ထိုင်းကာကွယ်ရေး ဝန်ကြီး ဆုတင်ကလန်ဆန်း ဦးဆောင်တက်ရောက်ခဲ့ပါတယ်။
အဆိုပါအခမ်းအနားကို ကာကွယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်ရုံးရှေ့မှာ ကျင်းပခဲ့တာဖြစ်ပါတယ်။
ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်ရှိ ကာကွယ်ရေးနည်းပညာအင်စတီကျုနဲ့ ပူးပေါင်းဆောင်ရွက်ခဲ့တဲ့ ထိုင်းကုမ္ပဏီနှစ်ခုက ထုတ်လုပ်တဲ့ လက်နက်တွေကို ဘူတန်အစိုးရကိုယ်စား ထိုင်းနိုင်ငံဆိုင်ရာ ဘူတန်သံ အမတ်ကြီး က အခမ်းအနားတက်ရောက် လက်ခံရယူခဲ့ပါတယ်။
ပစ္စတိုသေနတ်တွေကို လက်နက်ထုတ်လုပ်ရေးလုပ်ငန်းကုမ္ပဏီလီမိတက် (WMI) ထုတ်လုပ်တာဖြစ်ပြီး “First Win 4×4” သံချပ်ကာယာဉ် ၁၀ စီးကိုတော့ ကာကွယ်ရေးနည်းပညာအင်စတီကျုရဲ့ ပူးပေါင်း ဆောင်ရွက်မှုနဲ့ ထိုင်းကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေး ကုမ္ပဏီလီမိတက် (TDI) က ထုတ်လုပ်ခဲ့တာ ဖြစ်ပါတယ်။
ကာကွယ်ရေးနည်းပညာအင်စတီကျုနဲ့ ပူးပေါင်းပြီး ထိုင်းကုမ္ပဏီနှစ်ခုက ထုတ်လုပ်တဲ့ စစ်လက်နက်ပစ္စည်း တွေ အခုလို ပြည်ပနိုင်ငံကို တင်ပို့တာဟာ ထိုင်းစစ်လက်နက်ပစ္စည်းထုတ်လုပ်ရေးလုပ်ငန်းကို ယုံကြည်မှု တွေ ပိုမိုမြင့်တက်လာစေမှာဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီးဆုတင်က ပြောပါတယ်။
အခုလို ပြည်ပနိုင်ငံကိုတင်ပို့နိုင်တာဟာ နိုင်ငံရဲ့ စစ်လက်နက်ပစ္စည်းထုတ်လုပ်ရေးလုပ်ငန်းမြှင့်တင်ရာမှာ ကာကွယ်ရေးနည်းပညာအင်စတီကျုရဲ့ အခန်းကဏ္ဍအရေးကြီးတယ်ဆိုတာ သက်သေပြလိုက်တာလည်း ဖြစ် ကြောင်း ၎င်းက ပြောပါတယ်။
ထိုင်းကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေး ကုမ္ပဏီလီမိတက် (TDI) ရဲ့ အမှုဆောင်အရာရှိချုပ် (CEO) နုတ်ပရက် ကူလ်ဟီရန်ကလည်း အခမ်းအနားကို တက်ရောက်ခဲ့ပါတယ်။ ဘူတန်နို်င်ငံဟာ သံချပ်ကာယာဉ် ၁၀ စီးကို ဗဟိုအာဖရိက နိုင်ငံတွေမှာ ငြိမ်းချမ်းရေးထိန်းသိမ်းမှုတာဝန်တွေ ဆောင်ရွက်ရာမှာ အသုံးပြုသွား မှာဖြစ်ကြောင်း နုတ်ပရက်က ပြောပါတယ်။
TDI ကုမ္ပဏီက ဘူတန်နိုင်ငံကို ၂၀၀၁ ခုနှစ်က သံချပ်ကာယာဉ် ၄၅ စီး ပို့ဆောင်ထားပြီးဖြစ်သလို အာရပ်နိုင်ငံ တစ်နိုင်ငံကလည်း သံချပ်ကာယာဉ်တွေ ဘယ်လိုပြုပြင်ထိန်းသိမ်းရမယ်ဆိုတာ သင်ယူဖို့ အတွက် ၎င်းတို့တပ်ဖွဲ့ ဝင်တွေကို စေလွှတ်ထားကြောင်း နုတ်ပရက်က ပြောပါတယ်။
အလားတူ ဖိလစ်ပိုင်နိုင်ငံကလည်း သံချပ်ကာယာဉ် အစီးရေ ၉၀၀ ဝယ်ယူဖို့အတွက် စီစဉ်ထားတယ်ဆို တာ TDI ကုမ္ပဏီကို အကြောင်းကြားထားကြောင်း ၎င်းက ပြောပါတယ်။
နိုင်ငံပေါင်း ၄၆ နိုင်ငံက တပ်မတော်တွေဟာ ချိုင်းဆီရီ သတ္တုနဲ့ ရော်ဘာကုမ္ပဏီထံက သံချပ်ကာယာဉ် တွေကို လည်း ဝယ်ယူထားပြီးဖြစ်ကြောင်း ချိုင်းဆီရီကုမ္ပဏီရဲ့ ဒုတိယဥက္ကဋ္ဌလည်းဖြစ်တဲ့ နုတ်ပရက်က ပြောပါတယ်။
အဲဒီသံချပ်ကာယာဉ်တွေဟာ ဒရုန်းတိုက်ခိုက်မှုတွေကို ကာကွယ်နိုင်အောင် ထိပ်ပိုင်းမှာ အကာ အကွယ်တွေ တပ်ဆင်ပြီး ဒီဇိုင်းရေးဆွဲထုတ်လုပ်ထားတာဖြစ်ကြောင်း ၎င်းက ပြောပါတယ်။
ဘူတန်နိုင်ငံဟာ MI-9 ၉ မမ ပစ္စတို အလက် ၃၀ နဲ့ MI-47 ၇.၆၂ မမ ပစ္စတို အလက် ၂၀၀ ကိုလည်း ဝယ်ယူခဲ့ ကြောင်း ကာကွယ်ရေးဝန်ကြီးဆုတင်က ပြောပါတယ်။
Ref: Made-in-Thailand armoured vehicles, pistols delivered to Bhutan
#PeopleMedia