ထိုင်းနိုင်ငံမှာ စစ်တပ်အာဏာသိမ်းတဲ့ရက်တွေ ကုန်ဆုံးသွားပြီလို့ ဆုတင်ပြော

PUBLISHED - August 30, 2023
နိုင်ငံတကာ၊ သြဂုတ် ၃၀
ထိုင်းနိုင်ငံဟာ စစ်တပ်ကအာဏာသိမ်းတဲ့နေ့ရက်ပေါင်းများစွာကို ကျော်ဖြတ်ခဲ့ပြီးဖြစ်တယ်လို့ ၎င်းအနေနဲ့ ယုံ ကြည်ကြောင်း ဖီယူထိုင်းပါတီရဲ့ဒုတိယခေါင်းဆောင်ဖြစ်ပြီး ကာကွယ်ရေးဝန်ကြီးအသစ်အဖြစ် တစ်ပြေးနေသူ ဆုတင်ကလန်ဆန်းက သြဂုတ်လ ၂၉ ရက်နေ့က ပြောကြားလိုက်ပါတယ်။
တပ်မတော်အရာရှိဟောင်းကြီးတွေရဲ့အကူအညီနဲ့ နိုင်ငံရဲ့အရေးအကြီးဆုံးဝန်ကြီးဌာနကို ထိထိရောက်ရောက် ကိုင်တွယ်အုပ်ချုပ်နိုင်လိမ့်မယ်လို့ ၎င်းအနေနဲ့ယုံကြည်ကြောင်း ဆုတင်က ပြောပါတယ်။
ဒါပေမဲ့ ၎င်းကို ကာကွယ်ရေးဝန်ကြီးခန့်အပ်ဖို့လျာထားတယ်ဆိုတဲ့သတင်းနဲ့ပတ်သက်ပြီး “တရားဝင်ကြေညာ ချက် ထွက်လာတဲ့အထိ စောင့်ကြည့်ပါ။” လို့ ၎င်းက အစိုးရအိမ်တော်မှာ သတင်းထောက်တွေကိုပြောပါတယ်။
ဒါပေမဲ့ အစိုးရအဖွဲ့အတွင်းရေးမှူးရုံးကို ဝန်ကြီးဌာနတစ်ခုအတွက် အမည်စာရင်းတင်သွင်းထားတဲ့အထဲမှာ ဆုတင်နာမည်လည်းပါကြောင်း သတင်းတွေထွက်ပေါ်နေပါတယ်။
ထိုင်းတပ်မတော်ကို ပြုပြင်ပြောင်းလဲမယ်ဆိုတဲ့ ဖီယူထိုင်းပါတီရဲ့ နိုင်ငံရေးကြေညာချက်ကတိကဝတ်တွေနဲ့ပတ် သက်ပြီး မေးမြန်းတဲ့အခါ ဖီယူထိုင်းပါတီအနေနဲ့ ရွေးကောက်ပွဲကတိကဝတ်တွေအတိုင်း ကြိုးစားပြီးအကောင်အ ထည်ဖော်ဆောင်ရွက်သွားမှာဖြစ်ကြောင်း ဆုတင်က ပြောပါတယ်။
“မူဝါဒတိုင်းကို လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက်သွားမှာပါ။ ဒါပေမဲ့ ဘယ်လောက်ကြာမယ်ဆိုတာက တော့ ပကတိအခြေအနေနဲ့ တခြားအကြောင်းအမျိုးမျိုးပေါ် မူတည်ပါတယ်။” လို့ ၎င်းက ပြောပါတယ်။
ကနဦးက အမျိုးသားလုံခြုံရေးကောင်စီအထွေထွေအတွင်းရေးမှူး ဗိုလ်ချုပ်ကြီး နတ်တပိုလ်နတ်ဖာနစ်ကို ကာ ကွယ်ရေးဝန်ကြီးအဖြစ်အမည်စာရင်းတင်သွင်းခဲ့ရာမှာ ရှပ်နီအဖွဲ့ဝင်တွေက ဝိုင်းဝန်းကန့်ကွက်ခဲ့ကြလို့ ဝန်ကြီး ချုပ် ဆရက်သာသာဗီဆင်က ကျောင်းဆရာဟောင်းတစ်ဦးဖြစ်ပြီး ဝါရင့်နိုင်ငံရေးသမားဖြစ်သူ ဆုတင်ကို ကာ ကွယ်ရေးဝန်ကြီးအဖြစ် အမည်စာရင်းတင်သွင်းဖို့ ရွေးချယ်ခဲ့တာလို့ ဆိုပါတယ်။
နတ်တပိုလ်ဟာ ၂၀၁၀ ပြည့်နှစ်တုန်းက သက်ဆင်လိုလားတဲ့ ဆန္ဒပြပြည်သူတွေကို သွေးမြေကျတဲ့အထိ နှိမ် နှင်းခဲ့ရာမှာ ပါဝင်ပတ်သက်ခဲ့တယ်လို့ စွပ်စွဲခံထားရပါတယ်။
နိုင်ငံရေးပါတီနဲ့ ထိုင်းစစ်တပ်ကြား ဆက်ဆံရေး ခပ်တန်းတန်းဖြစ်နေတာနဲ့ ပတ်သက်ပြီးမေးမြန်းတဲ့အခါ “တိုင်း ပြည်ကို စုစည်းမှုနဲ့ စည်းလုံးညီညွတ်မှုဆီကိုရောက်အောင် ခေါ်ဆောင်သွားဖို့ဆိုတာ လူတိုင်းအတွက် ဦးစားပေး အလုပ်ဖြစ်ကြောင်း” ဆုတင်က ပြောပါတယ်။
ဝန်ကြီးချုပ်သက်ဆင်ရှင်နာဝပ်ထရာကို ၂၀၀၆ ခုနှစ်မှာ စစ်တပ်ကအာဏာသိမ်းဖြုတ်ချခဲ့သလို ၂၀၁၄ ခုနှစ်မှာ လည်း ဖီယူထိုင်းပါတီက ဝန်ကြီးချုပ်ယဉ်လတ်ရှင်နာဝပ်ထရာကို စစ်တပ်က အာဏာသိမ်းဖြုတ်ချခဲ့ပါတယ်။
ဖီယူထိုင်းပါတီဟာ မကြာသေးခင် မေလရွေးကောက်ပွဲကာလအတွင်းမှာ စစ်တပ်ဆန့်ကျင်ရေးကြွေးကြော်သံ တွေနဲ့အတူ ပြည်သူကို မဲဆွယ်ခဲ့တဲ့ပါတီဖြစ်ပါတယ်။
ထိုင်းတပ်မတော်ထဲက ဘယ်သူမှ နောက်ထပ် စစ်တပ်အာဏာသိမ်းတာကို မလိုချင်တော့ဘူးလို့ ၎င်းအနေနဲ့ ယုံကြည်ကြောင်း ဆုတင်က ပြောပါတယ်။
“အခုအချိန်ကစပြီး နောက်ထပ်စစ်တပ်အာဏာသိမ်းမှုတွေ ရှိတော့မှာ မဟုတ်ဘူးလို့ ကျွန်တော်ယုံကြည်ပါ တယ်။ ကျွန်တော်တို့ အဲဒီကာလနေ့ရက်တွေကို အချိန်အကြာကြီး ဖြတ်သန်းလာခဲ့ပြီးပါပြီ။” လို့ ၎င်းက ပြော ပါတယ်။
Ref: The days of military coups in Thailand are gone : Sutin
#PeopleMedia