ထိုင်းနိုင်ငံမှာ ဒေတာစင်တာတည်ဆောက်ဖို့ စင်္ကာပူက DayOne ကုမ္ပဏီ ဒေါ်လာ ၁ ဘီလျံ ရင်းနှီးမြှုပ်နှံမည်

PUBLISHED - March 19, 2025
နိုင်ငံတကာ၊ မတ် ၁၉
ထိုင်းနိုင်ငံထဲမှာ ဒေတာစင်တာတည်ဆောက်ဖို့အတွက် သုံးနှစ်ကြာကာလအတွင်း အသုံးပြုဖို့ စင်္ကာပူအခြေစိုက် ဒေတာ စင်တာကုမ္ပဏီတစ်ခုဖြစ်တဲ့ DayOne ကုမ္ပဏီက ဒေါ်လာ ၁ ဘီလျံ ရင်းနှီးမြှုပ်နှံသွားမှာဖြစ်ပါတယ်။
ထိုင်းနိုင်ငံက ဒေသတွငး အနိမ့်ဆုံးနှုန်းထားအဖြစ် လျှပ်စစ်ဓာတ်အားတစ်ယူနစ်ကို ဘတ်ငွေ ၂.၅၀ (နှစ်ဘတ်ခွဲ) အထိ ဈေးနှုန်းလျှော့ချပေးနိုင်မယ်ဆိုရင် ဒေတာစင်တာလုပ်ငန်းအတွက် အနာဂတ်အလားအလာ ပိုမိုကောင်းမွန်လာနိုင် ကြောင်း အဆိုပါဒေတာစင်တာကုမ္ပဏီက ပြောပါတယ်။
ထိုင်းနိုင်ငံ ဒေတာစင်တာတွေနဲ့ AI နည်းပညာအခြေခံအဆောက်အအုံရဲ့ ဗဟိုချက်မနိုင်ငံတစ်ခုဖြစ်လာစေဖို့အတွက် လာမယ့်နှစ်မတိုင်ခင် သမီးဖြစ်သူဦးဆောင်တဲ့ အစိုးရအဖွဲ့က လျှပ်စစ်ဓာတ်အားခတွေကို လျှော့ချချင်နေကြောင်း ဖီယူ ထိုင်းပါတီခေါင်းကိုင်ဖခင် ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်က မကြာသေးခင်က ပြောပါတယ်။
လက်ရှိ လျှပ်စစ်ဓာတ်အားခ တစ်ယူနစ်ကို ၄.၁၅ ဘတ်ရှိရာ ၂.၅၀ ဘတ်အထိ လျှော့ချသွားသင့်ကြောင်း သက်ဆင်က အကြံပြုထားပါတယ်။
ထိုင်းနိုင်ငံတွင်း DayOne ကုမ္ပဏီရဲ့ ရင်းနှီးမြှုပ်နှံမှုဟာ မလေးရှားနိုင်ငံမှာ ရင်းနှီးမြှုပ်နှံခဲ့တဲ့ ၎င်းတို့ရဲ့ ရင်းနှီးမြှုပ်နှံမှုပြီးရင် ဒေတာစင်တာ နယ်ပယ်မှာ ဒုတိယအကြီးမားဆုံး ရင်းနှီးမြှုပ်နှံမှုဖြစ်ပါတယ်။
အစိုးရရဲ့ ထောက်ပံ့ရေးမူဝါဒ၊ နိုင်ငံရဲ့ ဒစ်ဂျစ်တယ်လ်စီးပွားရေးနဲ့ အင်ဒိုနီးရှားနဲ့ ဆက်ဆံရေးတိုးချဲ့မှု၊ ကုမ္ပဏီတွေနဲ့ ကျွမ်းကျင်ပညာရှင်တွေရဲ့ ထောက်ပံ့ရေးကွင်းဆက်ကြောင့် ကမ္ဘာလုံးဆိုင်ရာဒေတာစင်တာ ဝန်ဆောင်မှုလုပ်ငန်းတွေရဲ့ အစိတ်အပိုင်းတစ်ရပ်အဖြစ် ထိုင်းနိုင်ငံမှာ ရင်းနှီးမြှုပ်နှံဖို့ ကုမ္ပဏီက ဆုံးဖြတ်ခဲ့တာဖြစ်ကြောင်း DayOne ကုမ္ပဏီရဲ့ အမှု ဆောင်အရာရှိချုပ်ဂျေမီခူးက ပြောပါတယ်။
လျှပ်စစ်ဓာတ်အား မီဂါဝပ် ၁၈၀ အသုံးပြုနိုင်တဲ့ ဒေတာစင်တာတည်ဆောက်ရေးလုပ်ငန်းမှာ ဒေါ်လာ ၁ ဘီလျံရင်းနှီး မြှုုပ်နှံမှုအတွက် ထိုင်းနိုင်ငံ ရင်းနှီးမြှုပ်နှံမှုဘုတ်အဖွဲ့က ခွင့်ပြုခဲ့ပါတယ်။
တည်ဆောက်မှု ပထမအဆင့်ကို ၂၀၂၆ ခုနှစ် ဒုတိယသုံးလပတ်မှာ အပြီးသတ်ဆောင်ရွက်သွားမှာဖြစ်သလို ဒုတိယ အဆင့် တည်ဆောက်မှုကိုတော့ ဆန်းစစ်လေ့လာနေဆဲဖြစ်ပြီး ၂၀၂၇ ခုနှစ်မှာ အစောဆုံးစတင်ဆောင်ရွက်နိုင်မယ်လို့ ခန့်မှန်းထားပါတယ်။
ဒေတာစင်တာကို တနင်္လာနေ့က ဖွင့်ပွဲကျင်းပခဲ့တဲ့ ချွန်ဘူရီစက်မှုဇုံ အမာတာမြို့မှာ တည်ဆောက်သွားမှာဖြစ်ပါတယ်။ DayOne ကုမ္ပဏီဟာ စင်္ကာပူ၊ မလေးရှားနိုင်ငံ ဂျိုဟာ၊ အင်ဒိုနီးရှားနိုင်ငံ ဘာတမ်၊ ဂရိတ်တားဘန်ကောက်၊ ဟောင် ကောင်၊ တိုကျိုတို့အပါအဝင် အာရှတိုက်ရဲ့ အဓိကဈေးကွက်တွေမှာ ဒေတာစင်တာတွေ တည်ဆောက်ထားတဲ့ ကုမ္ပဏီ ဖြစ်ပါတယ်။
“အရှေ့တောင်အာရှမှာ အဓိကတိုးချဲ့သွားဖို့ ကျွန်မတို့ ရည်ရွယ်ထားပြီး နောက်ပိုင်းမှာ ကမ္ဘာတစ်ဝန်းတိုးချဲ့သွားမှာဖြစ် ပါတယ်။” လို့ မစ္စခူးက ပြောပါတယ်။
DayOne ကုမ္ပဏီဟာ အဓိကအားဖြင့် cloud ဝန်ဆောင်မှုထောက်ပံ့ရေး၊ လူမှုကွန်ရက်ပလက်ဖောင်းများနဲ့ e-commerce အော်ပရေတာတွေမှာ အမေရိကန်ဖောက်သည်တွေရော အမေရိကန်မဟုတ်တဲ့ဖောက်သည်တွေအတွက် ရော ရည်မှန်းထားတယ်လို့ ဆိုပါတယ်။
ကမ္ဘာ့နည်းပညာ ကုမ္ပဏီကြီးတွေဟာ ထိုင်းနိုင်ငံတွင်းမှာ ဒေတာစင်တာတွေ လာရောက်တည်ဆောက်ထားပေမဲ့ ၎င်းတို့ အတွက် မတူကွဲပြားတဲ့နေရာတွေမှာ အလုပ်လုပ်နိုင်ဖို့လည်း လိုအပ်ကြောင်း၊ DayOne ကုမ္ပဏီအနေနဲ့ အဆိုပါကုမ္ပဏီ ကြီးတွေရဲ့ဝန်ဆောင်မှုတွေအတွက် hosted equipment (ဆာဗာတွေ၊ ကွန်ရက်ကိရိယာတွေလို hardware တွေ) ထောက်ပံ့သွားနိုင်ကြောင်း မစ္စခူးက ပြောပါတယ်။
“ထိုင်းနိုင်ငံအနေနဲ့ အောင်မြင်တိုးတက်တဲ့ ဒစ်ဂျစ်တယ်ဗဟိုချက်နိုင်ငံတစ်နိုင်ငံဖြစ်လာဖို့ အခြေခံအဆောက်အအုံတွေ ထက် ပိုမိုလိုအပ်တာတွေရှိပါတယ်။ ရှင်းလင်းပြတ်သားတဲ့မူဝါဒတွေ၊ ခိုင်မာအားကောင်းတဲ့ ဒေတာကာကွယ်မှုတွေနဲ့ ပထဝီအနေအထား ယဉ်ကျေးမှုကွာဟချက်တွေ ဘယ်လိုပဲရှိရှိ ပညာရှင်တွေ၊ လုပ်ငန်းတွေနဲ့ အတွေးအခေါ်တွေ အပြန် အလှန် ကူးလူးဆက်ဆံပြီး ထိထိရောက်ရောက် ပူးပေါင်းဆောင်ရွက်နိုင်မယ့် အခြေအနေတစ်ရပ်ကို ဖန်တီးဖို့ ကတိက ဝတ် စတာတွေလည်း လိုအပ်ပါတယ်။” လို့ ၎င်းက ပြောပါတယ်။
Ref: Singapore firm commits copybn to Thai data centre
#PeopleMedia