ထိုင်းနိုင်ငံမှာ လာရောက်ရင်းနှီးမြှုပ်နှံရေး တရုတ်ထိပ်တန်းနည်းပညာ ကုမ္ပဏီကြီးတွေနဲ့ ထိုင်းဝန်ကြီးချုပ်တွေ့ဆုံဆွေးနွေး

PUBLISHED - February 7, 2025
နိုင်ငံတကာ၊ ဖေဖော်ဝါရီ ၇
ထိုင်းဝန်ကြီးချုပ်ပေထောင်တန်ရှင်နာဝပ်ဟာ ဖေဖော်ဝါရီ ၆ ရက်နေ့က ဘေဂျင်းမြို့မှာ တရုတ်နည်းပညာဦးဆောင် ကုမ္ပဏီကြီးတွေက အမှုဆောင်အရာရှိတွေနဲ့ တွေ့ဆုံပြီး ထိုင်းနိုင်ငံရဲ့ အီလက်ထရောနစ်ပစ္စည်းတွေနဲ့ လျှပ်စစ်ကားထုတ် လုပ်ရေးလုပ်ငန်းမှာ ရင်းနှီးမြှုပ်နှံရေး ဆွေးနွေးခဲ့ပါတယ်။
ထိုင်းဝန်ကြီးချုပ်ဟာ Hisense Group Holdings ဥက္ကဋ္ဌဂျီယာရှောက်ချိယန်နဲ့ ရှောင်းမီကော်ပိုရေးရှင်းရဲ့ ဒုတိယဥက္ကဋ္ဌ နဲ့ ဘဏ္ဍာရေးအရာရှိချုပ် (CFO) အယ်လင်လမ်းတို့နဲ့ Diaoyutai ဟိုတယ်မှ တွေ့ဆုံဆွေးနွေးခဲ့တာဖြစ်ပါတယ်။
ထိုင်းနိုင်ငံမှာ လာရောက်ရင်းနှီးမြှုပ်နှံတဲ့ခါ ရင်းနှီးမြှုပ်နှံမှု အဆင်ပြေချောမွေ့စေရေးအတွက် ထိုင်းနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ဘုတ်အဖွဲ့ (BOI) က ကုမ္ပဏီနှစ်ခုစလုံးအတွက် ဘက်စုံထောက်ပံ့မှုတွေ ဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်း အစိုးရပြော ခွင့်ရပုဂ္ဂိုလ် ဂျီရာယုဟောင်ဆက်က ပြောပါတယ်။
ခေတ်မီအိမ်သုံးပစ္စည်းတွေ အဓိကထုတ်လုပ်တဲ့ Hisense Group နဲ့ ဆွေးနွေးရာမှာ ထိုင်းနိုင်ငံထဲက ၎င်းတို့ကုမ္ပဏီရဲ့ လက်ရှိရင်းနှီးမြှုပ်နှံမှုတွေကို ထပ်မံတိုးချဲ့သွားဖို့ အဓိကဆွေးနွေးခဲ့ပါတယ်။
ကမ္ဘာတစ်ဝန်း ဝန်ထမ်းပေါင်း ၅၆၀၀၀ ကျော်ရှိတဲ့ Hisense ကုမ္ပဏီဟာ ၂၀၅၀ ပြည့်နှစ်မတိုင်ခင် ကာဘွန်လျှော့ချရေး အပါအဝင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းတွေကို ဆောင်ရွက်သွားဖို့ ဆုံးဖြတ်ထားပါတယ်။
ရှောင်းမီကော်ပိုရေးရှင်းက အမှုဆောင်အရာရှိတွေနဲ့ ဆွေးနွေးရာမှာတော့ ကုမ္ပဏီရဲ့ပထမဦးဆုံး နိုင်ငံရပ်ခြား လျှပ်စစ် ကားထုတ်လုပ်မှုစက်ရုံကို ထိုင်းနိုင်ငံမှာ လာရောက်တည်ထောင်နိုင်ရေးအတွက် ဆွေးနွေးခဲ့ကြပါတယ်။ မကြာသေးခင်က ကုမ္ပဏီရဲ့ပထမဦးဆုံး လျှပ်စစ်ကား (SU7) ကို ၂၀၂၄ ခုနှစ် မတ်လမှာ စတင်ထုတ်လုပ်ခဲ့တဲ့ တရုတ် နည်းပညာကုမ္ပဏီကြီးက ထိုင်းနိုင်ငံရဲ့ တိုးတက်လာတဲ့ လျှပ်စစ်ကားဈေးကွက်ကို စိတ်ဝင်စားကြောင်း ပြောပါတယ်။
“ထိုင်းနိုင်ငံဟာ ကြီးမားတဲ့အခြေခံအဆောက်အအုံနဲ့ အထောက်အပံ့ဖြစ်စေတဲ့ အစိုးရမူဝါဒတွေက အားပေးထောက်ပံ့ ထားတဲ့အတွက် အာဆီယံဒေသတွင်းမှာ လျှပ်စစ်ကားဝယ်ယူသုံးစွဲမှု ရာခိုင်နှုန်းအမြင့်ဆုံးရရှိအောင် ထိုင်းနိုင်ငံက ပေး စွမ်းနိုင်ပါတယ်။” လို့ BOI ကိုယ်စားလှယ်တစ်ဦးက ပြောပါတယ်။
ထိုင်းနိုင်ငံရဲ့ အခိုင်မာဆုံးထောက်ပံ့ရေးကွင်းဆက်ဂေဟစနစ်နဲ့ ကျွမ်းကျင်လုပ်သားအင်အားစုကြီးက အနာဂတ်ကာလ မှာ ရင်းနှီးမြှုပ်နှံမယ့်သူတွေအတွက် အဓိကအားသာချက်တွေဖြစ်ကြောင်း BOI အဖွဲ့က ပြောပါတယ်။
နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုကို အဆင်ပြေချောမွေ့စေတဲ့ ပြည်တွင်းထောက်ပံ့ရေးကွင်းဆက်အချိန်ကာလကို အားပေးမြှင့် တင်သွားမှာဖြစ်ကြောင်း ထိုင်းအစိုးရက ပြောပါတယ်။
သယ်ယူပို့ဆောင်ရေးကုန်ကျစရိတ်တွေလျှော့ချဖို့နဲ့ ရေရည်တည်တံ့ခိုင်မြဲတဲ့တိုးတက်မှုရရှိအောင် ရည်ရွယ်ပြီး တရုတ် ထုတ်လုပ်ရေး ကုမ္ပဏီတွေနဲ့ ဒေသတွင်း စက်ပစ္စည်းအစိတ်အပိုင်းထောက်ပံ့ရေးကုမ္ပဏီတွေကို ချိတ်ဆက်ပေးဖို့အ တွက် “စီးပွားရေးလိုက်ဖက်ညီဝန်ဆောင်မှုလုပ်ငန်းတွေ” ကို အကောင်အထည်ဖော်ဆောင်ရွက်ဖို့ BOI အဖွဲ့က စီစဉ်နေ ပါတယ်။
ကမ္ဘာ့နည်းပညာထုတ်လုပ်ရေးနယ်ပယ်မှာ ထိုင်းနိုင်ငံရဲ့အခန်းကဏ္ဍကို သိသိသာသာ မြှင့်တင်ပေးနိုင်တဲ့ အလားအလာ ရှိတဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို ထောက်ပံ့ဖို့အတွက် ရင်းနှီးမြှုပ်နှံမှု အားပေးမြှင့်တင်ရေးအစီအစဉ်အမျိုးမျိုးနဲ့ ထိရောက်မြန် ဆန်တဲ့ လုပ်ငန်းဆောင်ရွက်မှုတွေကို ပံ့ပိုးပေးသွားဖို့ အစိုးရကရော BOI အဖွဲ့ကပါ ပြင်ဆင်ဆောင်ရွက်နေကြောင်း ဝန် ကြီးချုပ်ပေထောင်တန်က ပြောပါတယ်။
Ref: Thai PM courts Chinese tech giants for electronics, EV investments
#PeopleMedia