ထိုင်းနိုင်ငံသားအားလုံး မိခင်နိုင်ငံကို ပြန်လာကြဖို့ ထိုင်းဝန်ကြီးချုပ် အနူးအညွတ်မေတ္တာရပ်ခံ
PUBLISHED - October 24, 2023
နိုင်ငံတကာ၊ အောက်တိုဘာ ၂၄
လက်ရှိဖြစ်ပွားနေတဲ့ အစ္စရေး-ဟားမတ်စ် စစ်ပွဲဟာ ပိုမိုကျယ်ပြန့်အရှိန်မြင့်လာဖွယ်ရာရှိပြီး ထပ်မံပြုလုပ်မယ့် မြေပြင်ထိုးစစ်ကလည်း ဘေးကင်းလုံခြုံရာရွှေ့ပြောင်းမှုအစီအစဉ်တွေကို ပိတ်ဆို့တားဆီးလာနိုင်တာကြောင့် ထိုင်းလုပ်သားအားလုံး အစ္စရေးနိုင်ငံကနေ ထွက်ခွာလာကြဖို့ ထိုင်းဝန်ကြီးချုပ်ဆရက်ထာထာဗီဆင်က အနူး အညွတ်မေတ္တာရပ်ခံ ပန်ကြားလိုက်ပါတယ်။
အစ္စရေးနဲ့ ဂါဇာကမ်းမြောင်ဒေသမှာဖြစ်ပွားနေတဲ့ အခြေအနေတွေနဲ့ပတ်သက်ပြီး နိုင်ငံခြားရေးဝန်ကြီးဌာနက အရာရှိတွေနဲ့ တွေ့ဆုံဆွေးနွေးပြီးနောက်မှာ ဝန်ကြီးချုပ်က အခုလိုတောင်းဆိုလိုက်တာဖြစ်ပါတယ်။
“တိုက်ခိုက်မှုတွေ ကျဆင်းလာပြီလို့ သတင်းတွေထွက်ပေါ်နေပေမဲ့ စစ်ပွဲရဲ့ပြင်းပြတဲ့အရှိန်ဟာ လျောကျမသွား ဘဲ ပိုမိုအရှိန်မြင့်လာပြီး အိမ်နီးချင်းနိုင်ငံတွေအထိ ကူးစက်သွားနိုင်ဖွယ်ရာရှိနေကြောင်း စစ်ဘက်ဆိုင်ရာအရာရှိ တွေ၊ နိုင်ငံခြားရေးဝန်ကြီးဌာနဲ့ လုံခြုံရေးဆိုင်ရာအရာရှိတွေက ပြောပါတယ်။” လို့ ဝန်ကြီးချုပ်ကပြောပါတယ်။
“ကျေးဇူးပြုပြီး ပြန်လာကြပါ။ ဒီမှာရှိနေတဲ့ မိသားစုဝင်တွေကလည်း သူတို့ပြန်လာအောင် ပြောပေးကြပါ။ အခု နေအချိန် ပြန်လာမယ်ဆိုရင် ပြန်လာလို့ရနေပါသေးတယ်။ မြေပြင်ထိုးစစ်စတင်ပြီးဆိုတာနဲ့ ပြန်လာဖို့ ခက်ခဲ သွားမှာဖြစ်ပါတယ်။ အဲဒီအချိန်မျိုးကျရင် ဘေးကင်းလုံခြုံရေးစင်တာတို့၊ လေဆိပ်တို့ကို သွားလာရတာ ပိုမိုခက် ခဲသွားမှာဖြစ်ပါတယ်။” လို့ မစ္စတာဆရက်ထာက ပြောပါတယ်။
“လက်ရှိအချိန်မှာ ထိုင်းလူမျိုး ၁၀၀၀ ကို နေ့စဉ် ကယ်ထုတ်နိုင်ပြီဖြစ်ပါတယ်။ အားလုံးကို ပြန်လာစေ့ချင်ပါ တယ်။ ပြန်လာမယ်လို့ စာရင်းပေးလက်မှတ်ထိုးပြီးရင် ဆုံးဖြတ်ချက်ကို ပြန်မပြင်စေချင်ပါဘူး။ ပိုက်ဆံဘယ် လောက်ရရ ခင်ဗျားတို့အသက်လောက် တန်ဖိုးမရှိပါဘူး။ ထိုင်းနိုင်ငံသားအားလုံး ဘေးကင်းလုံခြုံစွာ မိခင်နိုင်ငံ ကို ပြန်လာစေ့ချင်ပါတယ်။ တခြားအကြောင်းအရာတွေက အရေးမကြီးပါဘူး။ ကျေးဇူးပြုပြီး ပြန်လာကြပါ။ ကိုယ့်အသက်ကိုယ်တန်ဖိုးထားကြပါ။ အခုချက်ချင်းပြန်လာကြပါ။” လို့ ၎င်းက ပြောပါတယ်။
အစ္စရေးကနေ ထိုင်းနိုင်ငံကိုပြန်လာသူတွေအတွက် လက်ရှိအချိန်မှာ ပေးအပ်ထားတဲ့ ထောက်ပံ့ကြေး ဘတ်ငွေ ၁၅၀၀၀ ကို ထပ်မံတိုးမြှင့်ပေးဖို့နဲ့ ပြည်တော်ပြန်တွေအတွက် အလုပ်ရရှိရေးကူညီဆောင်ရွက်ပေးကြဖို့ ထိုင်းအ ရာရှိတွေကို ဆရက်ထာက ပြောပါတယ်။
ဟားမတ်စ်တွေဖမ်းဆီးထားတဲ့ ထိုင်းလူမျိုးဓားစာခံတွေ လွတ်မြောက်ရေးအတွက်လည်း ထိုင်းအစိုးရဟာ လုပ် နိုင်တာမှန်သမျှ အာလုံးဆောင်ရွက်နေပါတယ်။
ရီယာ့ဒ်မြို့မှာ အာဆီယံ-ပင်လယ်ကွေ့နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးကောင်စီအစည်းအဝေးမှာ ထိုင်းလူမျိုး ဓားစာခံတွေလွတ်မြောက်ရေးအတွက် မလေးရှားဝန်ကြီးချုပ်၊ အိုမန်ဘုရင်၊ ဘာရိန်းဘုရင်၊ ဆော်ဒီအာရေးဗီး ယားအိမ်ရှေ့မင်းသားတို့နဲ့ ဆွေးနွေးခဲ့ကြောင်း မစ္စတာဆရက်ထာက ပြောပါတယ်။
အစ္စရေးနိုင်ငံမှာရောက်ရှိနေတဲ့ ထိုင်းနိုင်ငံသား ၃၀၀၀၀ ဝန်းကျင်အနက် အောက်တိုဘာလ ၇ ရက်နေ့တိုက်ပွဲ တွေစတင်ဖြစ်ပွားလာချိန်မှာ ထိုင်းလုပ်သား ၈၅၀၀ ဝန်းကျင်က နေရပ်ပြန်ဖို့ စာရင်းပေးထားကြပြီး ထိုင်းအစိုးရ က ၎င်းတို့ကို ပြန်လည်ခေါ်ယူလျက်ရှိရာ နေ့စဉ် ထိုင်းနိုင်ငံကို ပြန်လည်ဝင်ရောက်လျက်ရှိပါတယ်။
Ref: PM urges all Thai workers to leave Israel while they still can
#PeopleMedia