• Follow Us on
Latest News

Home ထိုင်းနိုင်ငံ၌ကျင်းပသည့် ဘင်းမ်စတက်နိုင်ငံခြားရေးဝန်ကြီးများ၏ သီးသန့်အစည်းအဝေးသို့ မြန်မာပါဝင် တက်ရောက်

ထိုင်းနိုင်ငံ၌ကျင်းပသည့် ဘင်းမ်စတက်နိုင်ငံခြားရေးဝန်ကြီးများ၏ သီးသန့်အစည်းအဝေးသို့ မြန်မာပါဝင် တက်ရောက်

Share this post

နေပြည်တော်၊ ဇူလိုင် ၁၈

 

ဘင်းမ်စတက် အလှည့်ကျဥက္ကဋ္ဌဖြစ်သည့် ထိုင်းဘုရင့်နိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဒွန်ပရာမွတ်(ဒ်)ဝီနိုင်း၏ ဖိတ်ကြားချက်အရ နိုင်ငံခြားရေးဝန်ကြီး ဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် ဇူလိုင်လ ၁၇ ရက်နေ့တွင် ကျင်းပ ပြုလုပ်ခဲ့သည့် ဘင်းမ်စတက်နိုင်ငံခြားရေးဝန်ကြီးများ၏ သီးသန့်အစည်း အဝေးသို့ ပါဝင်တက်ရောက်ခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက သိရသည်။

 

ဘင်းမ်စတက်နိုင်ငံခြားရေးဝန်ကြီးများ၏ သီးသန့်အစည်းအဝေးသို့ ဘင်းမ်စတက် အဖွဲ့ဝင်နိုင်ငံများမှ နိုင်ငံခြား ရေးဝန်ကြီးများဖြစ်ကြသည့် ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး ဒေါက်တာ အေ ကေ အဗ္ဗဒူလ် မိုမန်၊ ဘူတန် နိုင်ငံခြားရေးနှင့်ပြည်ပကုန်သွယ်ရေးဝန်ကြီး ဒေါက်တာ တန်ဒီဒေါ်ဂျီ၊ အိန္ဒိယ ပြည်ပရေးရာဝန်ကြီး ဒေါက်တာ အက်စ်ဂျိုင်ရှန်ကာ၊ နီပေါ နိုင်ငံခြားရေးဝန်ကြီး မစ္စတာ နာရာရန် ပရာကက်ရှ်ဆော့ဒ်၊ သီရိလင်္ကာ နိုင်ငံခြားရေး ဝန်ကြီး မစ္စတာအလီဆာဘရီ၊ ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဒွန်ပရာမွတ်(ဒ်) ဝီနိုင်းနှင့် ဘင်းမ်စတက် အတွင်းရေးမှူးချုပ် မစ္စတာတန်ဇင်လက်ခ်ဖဲလ် တို့ ပါဝင်တက်ရောက်ခဲ့ကြသည်။

 

ဘင်းမ်စတက်နိုင်ငံခြားရေးဝန်ကြီးများ၏ သီးသန့်အစည်းအဝေးအတွင်း နိုင်ငံခြားရေးဝန်ကြီးများသည် ဘင်းမ်စ တက်ပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းစဉ်ဆိုင်ရာကိစ္စရပ်များ၊ ဒေသတွင်းနှင့် ကမ္ဘာ့ရေးရာကိစ္စရပ်များအပေါ် ရင်း နှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့သည်။

 

နိုင်ငံခြားရေးဝန်ကြီးများသည် ဘင်းမ်စတက် ပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းစဉ်တွင် ပြင်ပမိတ်ဖက်အဖွဲ့အစည်း များနှင့် ပူးပေါင်းဆောင်ရွက်ရေး၊ ဘင်းမ်စတက် အနာဂတ် ဦးတည်ချက်များဆိုင်ရာ ထင်ပေါ်ကျော်ကြားပညာ ရှင်များအဖွဲ့ ဖွဲ့စည်းထူထောင်ရေးနှင့် ဘင်းမ်စတက်နိုင်ငံခြားရေးဝန်ကြီးများ၏ အစည်းအဝေးများကျင်းပရေးတို့ အပေါ် ဆွေးနွေးခဲ့ကြသည်။

 

ဒေသတွင်းနှင့် ကမ္ဘာ့ရေးရာကိစ္စရပ်များအား ဆွေးနွေးရာတွင် ကပ်ရောဂါ၊ ငွေကြေးအကျပ်အတည်း၊ သဘာဝ ဘေးအန္တရာယ်တို့နှင့် ရင်ဆိုင်တွေ့ကြုံရပါက ကြံ့ကြံ့ခံနိုင်စွမ်းရှိရေး၊ ကိုဗစ်-၁၉ အလွန် စီးပွားရေးဖွံ့ဖြိုးတိုးတက် ရေးနှင့် အခြားသောဒေသတွင်းနှင့် ကမ္ဘာ့ရေးရာကိစ္စများဖြစ်သည့် နိုင်ငံဖြတ်ကျော်ငွေပေးချေရေးစနစ် ထူ ထောင်ရေး၊ ကျန်းမာရေး၊ စွမ်းအင်နှင့် စားနပ်ရိက္ခာဖူလုံရေးတို့ကို ထည့်သွင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

 

ဘင်းမ်စတက်နိုင်ငံခြားရေးဝန်ကြီးများ၏ သီးသန့်အစည်းအဝေးသို့ တက်ရောက်လျက်ရှိသည့် ပြည်ထောင်စု ဝန်ကြီး ဦးသန်းဆွေ အား ဘင်းမ်စတက်အတွင်းရေးမှူးချုပ် မစ္စတာ တန်ဇင်လက်ခ်ဖဲလ်က ဇူလိုင်လ ၁၆ရက်နေ့၊ မွန်းလွဲပိုင်းတွင် လာရောက် တွေ့ဆုံ ခဲ့သည်။ အတွင်းရေးမှူးချုပ်နှင့်တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက ဘင်းမ်စတက် ပဋိညာဉ် (BIMSTEC Charter) အား မြန်မာနိုင်ငံက အတည်ပြုပါဝင်ခဲ့သည့် စာလွှာ (မူရင်း) ကို အတွင်းရေးမှူးချုပ်ထံ ကိုယ်တိုင်အပ်နှံခဲ့ကြောင်း သိရသည်။ မြန်မာနိုင်ငံသည် ပဋိညာဉ်ပါ ပြဋ္ဌာန်းချက်များ အတိုင်း ဘင်းမ်စတက်ပဋိညာဉ်အား အတည်ပြုပါဝင်ခဲ့ပြီးဖြစ်သည်။

 

ဘင်္ဂလားပင်လယ်အော်ဒေသတွင်း ကဏ္ဍပေါင်းစုံ၊ နည်းပညာနှင့် စီးပွားရေးပူးပေါင်း ဆောင်ရွက်မှုအစီအစဉ် သည် ၁၉၉၇ ခုနှစ်တွင် စတင်ဖွဲ့စည်းထူထောင်ခဲ့သည့် ဒေသတွင်းအဖွဲ့အစည်းတစ်ရပ်ဖြစ်ပြီး၊ ဘင်္ဂလားဒေ့ရှ်၊ ဘူတန်၊ အိန္ဒိယ၊ မြန်မာ၊ နီပေါ၊ သီရိလင်္ကာနှင့် ထိုင်း စသည့် အဖွဲ့ဝင် (၇) နိုင်ငံ ပါဝင်သည်။

 

ဘင်္ဂလားပင်လယ်အော်ဒေသတွင်း နိုင်ငံများအကြား စီးပွားရေးပူးပေါင်းဆောင်ရွက်မှု မြှင့်တင်နိုင်ရန်အတွက် ရည်ရွယ်ဖွဲ့စည်း ထားခြင်းဖြစ်သည်။ ဘင်းမ်စတက်၏ လက်ရှိ ပူးပေါင်းဆောင်ရွက်မှု ကဏ္ဍ (၇) ခုရှိသည့် အနက် မြန်မာနိုင်ငံသည် လက်ယာစိုက်ပျိုးရေးနှင့်စားနပ်ရိက္ခာဖူလုံရေးကဏ္ဍ၏ ဦးဆောင်နိုင်ငံအဖြစ် တာဝန် ယူလျက်ရှိကြောင်း သိရသည်။

 

#Newvisionmedia


Share this post