ထိုင်းနဲ့ တရုတ် ကြည်း၊ ရေ၊ လေ ပူးပေါင်းစစ်ရေးလေ့ကျင့်မှုတွေပြုလုပ်မည်
PUBLISHED - July 17, 2023
နိုင်ငံတကာ၊ ဇူလိုင် ၁၇
ထိုင်းနိုင်ငံနဲ့ တရုတ်နိုင်ငံဟာ ၎င်းတို့နှစ်နိုင်ငံ ကြည်း၊ ရေ၊ လေ တပ်များပူးပေါင်းပြီး ဇူလိုင်လမှ စက်တင်ဘာလ အထိ စစ်ရေးလေ့ကျင့်မှုပြုလုပ်သွားမှာဖြစ်ကြောင်း စစ်ဘက်ဆိုင်ရာသတင်းရင်းမြစ်တစ်ဦးကပြောပါတယ်။
ဒေသတွင်း ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို ထိန်းသိမ်းထားဖို့အတွက် ထိုင်းလေတပ်နဲ့ တရုတ်လေတပ်တို့ကြား ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်သွားဖို့ရည်ရွယ်ပြီး “Falcon Strike 2023″လို့အမည်ပေးထားတဲ့ ပထမဦးဆုံး လေကြောင်း လေ့ကျင့်ရေးတစ်ခုကို ဇူလိုင်လ ၉ ရက်နေ့က စတင်ပြုလုပ်ခဲ့ပါတယ်။
ဖွင့်ပွဲအခမ်းအနားကို ဥဒါန်းဌာနီမြို့မှာရှိတဲ့ လေတပ်အခြေစိုက်စခန်းတစ်ခုမှာ ပြုလုပ်ခဲ့ပြီး အဲဒီလေတပ် လေ့ ကျင့်မှုကို ဇူလိုင်လ ၂၁ ရက်နေ့အထိ ဆက်လက်ကျင်းပသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။
Falcon Strike စစ်ရေးလေ့ကျင့်မှုကို၂၀၁၅ ခုနှစ်မှာ စတင်ဆောင်ရွက်ခဲ့ပြီး အဲဒီနောက် ၂၀၁၇၊ ၂၀၁၈ နဲ့ Covid-19 ကပ်ရောဂါဘေးအပြီး ၂၀၁၉ ခုနှစ်မှာ ဆက်လက်ဆောင်ရွက်ခဲ့ပါတယ်။
ထိုင်းလေတပ်က “Falcon Strike 2023” စစ်ရေးလေ့ကျင့်မှုမှာ Gripen 39 C/D ဂျက်တိုက်လေယာဉ်တွေ၊ Alpha ဂျက်တိုက်လေယာဉ်တွေနဲ့ Saab 340 AEW လေယာဉ်တွေပါဝင်မှာဖြစ်ပြီး တရုတ်လေတပ်က J-10C ဂျက်တိုက်လေယာဉ်တွေ၊ S, JH-7 A တိုက်လေယာဉ်တွေ၊ AII ,J-11B ဂျက်တိုက်လေယာဉ်တွေနဲ့ KJ-500 ကင်းထောက်လေယာဉ်တွေပါဝင်ပါတယ်။
ထိုင်းနိုင်ငံနဲ့ အမေရိကန်ပြည်ထောင်စုတို့ကြားက သဘောတူညီချက်အရ တော်ဝင်ထိုင်းလေတပ်က F16 ဂျက် တိုက်လေယာဉ်တွေနဲ့ F5 ဂျက်တိုက်လေယာဉ်တွေကိုတော့ တရုတ်နိုင်ငံနဲ့ ပူးတွဲပြုလုပ်မယ့် စစ်ရေးလေ့ကျင့်မှု မှာ အသုံးပြုခွင့်မပေးထားဘူးလို့ သိရပါတယ်။
သြဂုတ်လ ၁၆ ရက်နေ့ကနေ စက်တင်ဘာလ ၂ ရက်နေ့အထိ လော့ဘူရီပြည်နယ်မှာ ကျင်းပမယ့် ပူးတွဲစစ်ရေး လေ့ကျင့်မှုမှာတော့ ထိုင်းကြည်းတပ်နဲ့ တရုတ်ကြည်းတပ်က အထူးလက်ရွေးစင်တပ်ဖွဲ့တွေ ပါဝင်ဆင်နွှဲသွားမှာ ဖြစ်ပါတယ်။
နှစ်နိုင်ငံရေတပ် ပူးတွဲစစ်ရေးလေ့ကျင့်မှုကိုတော့ စက်တင်ဘာလ ၃ ရက်နေ့ကနေ ၁၀ ရက်နေ့အထိ ထိုင်းနိုင်ငံ အရှေ့ပိုင်းက ချွန်ဘူရီရာယောင်ပြည်နယ်နဲ့ ချမ်းသာဘူရီပြည်နယ်တို့မှာ ကျင်းပသွားမှာဖြစ်ပါတယ်။
ဒီရေတပ် စစ်ရေးလေ့ကျင့်မှုကိုတော့ နှစ်နှစ်တစ်ကြိမ် အမြဲကျင်းပလေ့ရှိပြီး နှစ်နိုင်ငံအလှည့်ကျ အိမ်ရှင်အဖြစ် လက်ခံ ကျင်းပလေ့ရှိတယ်လို့ဆိုပါတယ်။
သြဂုတ်လ ၃၁ ရက်နေ့မှာ တရုတ်စစ်သင်္ဘောတွေနဲ့ ကုန်းရေနှစ်သွယ်သွား တိုက်ခိုက်ရေးယာဉ်တွေဟာ ချွန်ဘူ ရီပြည်နယ်က ဆတ္တာဟစ်မြို့ကို ဆိုက်ရောက်လာမှာဖြစ်ပါတယ်။
တောင်တရုတ်ပင်လယ်အရေးနဲ့ပတ်သက်ပြီး တရုတ်နိုင်ငံနဲ့ အမေရိကန်ကြား တင်းမာမှုတွေမြင့်တက်နေတဲ့အ တွက် အခုနှစ် စစ်ရေးလေ့ကျင့်မှုတွေကို တိုးတိုးတိတ်တိတ်ပဲ ပြုလုပ်သွားမှာဖြစ်ကြောင်း ထိုင်းရေတပ်သတင်း ရင်းမြစ်တစ်ဦးက ပြောပါတယ်။
Ref: Thailand, China holding 3 joint military exercises: Bangkok Post
#PeopleMedia