ထိုင်းပြည်သူတွေအတွက် ချေးငွေထုတ်ချေးတဲ့အစီအစဉ်တွေ မြှင့်တင်ဆောင်ရွက်ဖို့ ပုဂ္ဂလိကဘဏ်တွေကို ထိုင်းအစိုးရ တိုက်တွန်း

PUBLISHED - March 18, 2025
နိုင်ငံတကာ၊ မတ် ၁၈
အိမ်ထောင်စုအကြွေးတွေနဲ့ ပြန်မဆပ်နိုင်တဲ့အကြွေးတွေ ထပ်မံမြင့်တက်လာနိုင်ဖွယ်မရှိတော့တဲ့အတွက် ချေးငွေ အစီ အစဉ်တွေတိုးချဲ့ရေး အရှိန်မြှင့်ဆောင်ရွက်ဖို့ ဘဏ္ဍာရေးအင်စတီကျူးရှင်းတွေကို တိုက်တွန်းအား ပေးသွားဖို့ လက်ရှိအ ချိန်ဟာ အချိန်ကောင်းဖြစ်ကြောင်း ထိုင်းနိုင်ငံ ဘဏ္ဍာရေးဝန်ကြီးဖိချိုင်းချန်ဟာဗာဂျီရာက ပြောပါတယ်။
ပြန်မဆပ်နိုင်တော့တဲ့ အိမ်ထောင်စုကြွေးတွေရဲ့ အဆင့်ဟာ တစ်လပြီးတစ်လ စတင်တည်ငြိမ်လာခဲ့ပြီဖြစ်ပေမဲ့ GDP ရဲ့ ၉၀% နီးပါးရောက်နေတဲ့ ထိုင်းနိုင်ငံရဲ့ လက်ရှိအိမ်ထောင်စုကြွေးတွေဟာ အမြင့်ဆုံးအခြေအနေမှာ ရောက်ရှိနေကြောင်း မစ္စတာဖိချိုင်းက ပြောပါတယ်။
သောကြာနေ့က ကျင်းပခဲ့တဲ့ အစိုးရငွေစုဘဏ် (GSB) ရဲ့ “ချေးငွေတည်ဆောက်ခြင်း၊ ချေးငွေအခွင့်အလမ်း ဖန်တီးခြင်း အစီအစဉ်” (Credit-Building, Opportunity-Creating Loan) ဖွင့်လှစ်ပွဲမှာ မိန့်ခွန်းပြောကြားစဉ် မစ္စတာဖိချိုင်းက အခု လို ပြောကြားခဲ့တာဖြစ်ပါတယ်။
လွန်ခဲ့တဲ့ ၇-၈ လနဲ့ နှိုင်းယှဉ်ရင် ဈေးနှုန်းတွေ မြင့်တက်လာပြီး တစ်ပတ်ရစ်ပစ်ကပ်ကားတွေ ဝယ်လိုအားမြင့် တက်လာ ကာ ထိုင်းနိုင်ငံရဲ့ စီးပွားရေးဟာ တဖြည်းဖြည်း ပြန်ပြီး နာလန်ထလာတယ်လို့ ၎င်းက ပြောပါတယ်။
“ထိုင်းစီးပွားရေး ပြန်ပြီး နာလန်ထလာပြီဖြစ်တဲ့အတွက် အခုအချိန်ဟာ ချေးငွေအစီအစဉ်တွေ တိုးချဲ့ဖို့အတွက် အချိန် ကောင်းပါပဲ။” လို့ ၎င်းက ပြောပါတယ်။
မနက်ဖြန်ကျင်းပမယ့် ထိုင်းဘဏ်လုပ်ငန်းရှင်များအစည်းအဝေးကို သွားတက်မှာဖြစ်ကြောင်း၊ အဲဒီအစည်း အဝေးမှာ ချေး ငွေခွင့်ပြုချက်တွေကို အရှိန်မြှင့်တင်ဖို့နဲ့ ချေးငွေချေးယူဖို့ လိုအပ်တဲ့အခါ လုပ်ငန်းတွေအတွက် ဘဏ္ဍာရေးကုန်ကျစရိတ် တွေကို လျှော့ချပေးဖို့ ပုဂ္ဂလိက ဘဏ်လုပ်ငန်းရှင်တွေကို တိုက်တွန်းသွားဖို့ ရည်ရွယ်ထားကြောင်း မစ္စတာဖိချိုင်းက ပြောပါတယ်။
အိမ်ခြံမြေကဏ္ဍနဲ့ ပတ်သက်ပြီး အားပေးလှုံ့ဆော်ရမယ့်အကြောင်းရင်းတွေအကြောင်း ပြောကြားရာမှာ “တန်ဖိုးဖြတ် ချေးငွေထုတ်ပေးဖို့” စဉ်းစားရာမှာ သက်သက်ညှာညှာ လျှော့ပေါ့စဉ်းစားပေးဖို့ ဘဏ္ဍာရေး ဝန်ကြီးဌာနက အဆိုပြုချက် ကို ထိုင်းဗဟိုဘဏ်က စဉ်းစားနေကြောင်း မစ္စတာဖိချိုင်းက ပြောပါတယ်။
ဒါ့အပြင် လွှဲပြောင်းခြင်းနဲ့ အပေါင်စာချုပ်ချေးငွေ စရိတ်ကိုလည်း တခြားစရိတ်တွေနဲ့ နှိုင်းယှဉ်ရင် ၂% နဲ့ ၁% ကနေ ဝ.၀၁% အထိ လျှော့ချပေးဖို့ ဖြစ်နိုင်ဖွယ်ရှိကြောင်း ၎င်းက ပြောပါတယ်။
အဲဒီစရိတ်လျှော့ချမှုဆောင်ရွက်ချက်ဟာ ပြီးခဲ့တဲ့နှစ် နှစ်ကုန်ပိုင်းမှာပဲ သက်တမ်းကုန်ဆုံးသွားတယ်လို့ ဆိုပါတယ်။
GSB) ရဲ့ ချေးငွေတည်ဆောက်ခြင်း၊ ချေးငွေအခွင့်အလမ်းဖန်တီးခြင်း အစီအစဉ်နဲ့ ပတ်သက်ပြီး ပြောကြားရာမှာ “အခု နှစ်အတွက် ရည်မှန်းချက်က လူတစ်ဦးကို အမြင့်ဆုံးချေးငွေ ဘတ်ငွေ ၂၀၀၀၀ နှုန်းနဲ့ ဘဏ္ဍာရေးစနစ်ထဲမှာ တစ်ခါမှ အ ကြွေးမယူဖူးသေးသူ လူဦးရေ ၃၀၀,၀၀၀ ကို ချေးငွေတွေထောက်ပံ့သွားမှာဖြစ်ကြောင်း” မစ္စတာဖိချိုင်းက ပြောပါတယ်။
အစိုးရရဲ့ “ကြိုးစားရုန်းကန် ကူညီရန်” အကြွေးသက်သာခွင့်အစီအစဉ် (You Fight, We Help debt relief programme) အတွက် လျှောက်လွှာပေါင်း တစ်သန်းကျော်ရရှိထားပြီဖြစ်ပြီး နောက်ထပ်ရောက်လာတဲ့ လျှောက်လွှာ တွေနဲ့အတူ အပြီးသတ်စာရင်းတွေ ပြုစုနေကြောင်း ၎င်းက ပြောပါတယ်။
ဒီအစီအစဉ်အတွက်သတ်မှတ်ထားတဲ့ ရန်ပုံငွေတချို့ ကျန်ရှိနေသေးပြီး အသုံးပြုနိုင်သေးတဲ့အတွက် အဆိုပါရန်ပုံငွေ တွေကို တခြားအစီအစဉ်အတွက် သုံးနိုင်အောင် ဖြန့်ခွဲပေးသွားဖို့လည်း ဘဏ္ဍာရေးဝန်ကြီးဌာနက စဉ်းစားနေကြောင်း မစ္စတာဖိချိုင်းက ပြောပါတယ်။
ချေးငွေအစီအစဉ်သစ်ရဲ့ အတိုးနှုန်းဟာ တစ်လကို ဝ.၆၀% ဖြစ်ပြီး ချေးငွေသက်တမ်းက ၁၂ လ သက်တမ်းဖြစ် ကြောင်း အစိုးရငွေစုဘဏ် (GSB) ဥက္ကဋ္ဌ ဗီထိုင်းရာတနာကွန်က ပြောပါတယ်။
ငွေချေးယူမယ့်သူတွေက ယုံကြည်လေးစားရလောက်တဲ့အဆင့်မြှင့်တင်နိုင်တာနဲ့ တပြိုင်တည်း ဘဏ်က အဆိုပါပုဂ္ဂိုလ် တစ်ဦးကို နောက်ထပ် ချေးငွေ ၃၀,၀၀၀ ကနေ ၅၀,၀၀၀ အထိ ထုတ်ချေးသွားမှာဖြစ်ပါတယ်။
ဒီအစီအစဉ်ဟာ သုံးနှစ်အတွင်း ချေးငွေလျှောက်ထားသူ ၁ သန်းကို ချေးငွေထုတ်ချေးပေးသွားမယ့် အစီအစဉ်ဖြစ်ပြီး ချေးငွေလျှောက်လွှာတွေကိုတော့ ဘဏ်ရဲ့ application ကနေ တစ်ဆင့် လျှောက်ထား ရမှာဖြစ်ကြောင်း မစ္စတာဗီထိုင်း က ပြောပါတယ်။
Ref: Banks urged to ramp up lending to Thais
#PeopleMedia