• Follow Us on

Home ထိုင်းဗဟိုဘဏ်အတိုးနှုန်းသင့်လျော်ကြောင်း ကမ္ဘာ့ဘဏ်ပြော

ထိုင်းဗဟိုဘဏ်အတိုးနှုန်းသင့်လျော်ကြောင်း ကမ္ဘာ့ဘဏ်ပြော

Share this post

နိုင်ငံတကာ၊ မတ် ၇

 

ထိုင်းနိုင်ငံရဲ့ အတိုးနှုန်းဟာ လက်ရှိအခြေအနေအရ သင့်လျော်ပြီး သဘာဝကျတဲ့အတိုးနှုန်းဖြစ်ကြောင်း ကမ္ဘာ့ ဘဏ်က ဗုဒ္ဓဟူးနေ့ (မတ်လ ၆ ရက်နေ့) က ပြောကြားလိုက်ပါတယ်။

 

ထိုင်းနိုင်ငံမှာ ငွေကြေးဖောင်းပွမှုနှုန်း ယာယီလျော့ကျနေပေမဲ့ ကုန်ဈေးနှုန်းကျဆင်းလာတာမဟုတ်ကြောင်း၊ ဒီကိစ္စနဲ့ပတ်သက်ပြီး အစိုးရနဲ့ ဗဟိုဘဏ်အမြင်မတူတာဟာ သဘာဝပဲဖြစ်ကြောင်း ထိုင်းနိုင်ငံဆိုင်ရာကမ္ဘာ့ ဘဏ် ထိပ်တန်းစီးပွားရေးပညာရှင် ကီယာတီပေါင်အရီယာပရူချာက ပြောပါတယ်။

 

ဝန်ကြီးချုပ်ဆရက်ထာထာဗီဆင်က ထိုင်းဗဟိုဘဏ်အတိုးနှုန်းကို အခြေခံ ၂၅ မှတ်အထိ လျှော့ချပေးဖို့ မေတ္တာ ရပ်ခံခဲ့တာကို ထိုင်းဗဟိုဘဏ်က ငြင်းပယ်ခဲ့တာနဲ့ပတ်သက်ပြီး ၎င်းက ကိုးကားပြောဆိုခဲ့တာဖြစ်ပါတယ်။

 

ငွေချေးယူတဲ့အတိုးနှုန်းကို လျှော့ချပေးဖို့ ထိုင်းအစိုးရရဲ့ မေတ္တာရပ်ခံချက်ကို ထိုင်းဗဟိုဘဏ်က ပယ်ချခဲ့ပြီး နောက် ဆယ်စုနှစ်အတွင်း အမြင့်ဆုံးဖြစ်တဲ့ အတိုးနှုန်း ၂.၅၀% ကို အခုအချိန်အထိ ဆက်လက်ထိန်းသိမ်း ထားပါတယ်။

 

ဗဟိုဘဏ်ရဲ့ ငွေကြေးမူဝါဒဆိုင်ရာကော်မတီဟာ ဧပြီလ ၁၀ ရက်နေ့မှာ ၎င်းတို့အဖွဲ့ရဲ့ အစည်းအဝေးကို ကျင်း ပသွားမှာဖြစ်ပါတယ်။

 

ဒီသဘောထားကွဲလွဲမှုဟာ အခြေခံကျတဲ့စိုးရိမ်ပူပန်မှုတစ်ခုဖြစ်ကြောင်း၊ ရှိရင်းစွဲဖွဲစည်းတည်ဆောက်မှုဆိုင်ရာ ပြဿနာတွေကြောင့် အတိုးနှုန်းလျှော့ချတာဟာ စီးပွားရေးကို ကြီးကြီးမားမား အထောက်အကူပြုမှာမဟုတ် ကြောင်း ဗဟိုဘဏ်အုပ်ချုပ်ရေးမှူး ဆီသာပတ်ဆူသီဝတ္တနာယူပတ်က ပြောပါတယ်။

 

ငွေကြေးဖောင်းပွမှုနှုန်း လျော့ကျနေတဲ့အတွက် အတိုးနှုန်းလျှော့ချဖို့ သင့်တော်ကြောင်း ဘဏ္ဍာရေးဝန်ကြီး လည်းဖြစ်တဲ့ ထိုင်းဝန်ကြီးချုပ်ဆရက်ထာက ပြောပါတယ်။

 

ပြီးခဲ့တဲ့နှစ်နဲ့ နှိုင်းယှဉ်ရင် ဖေဖော်ဝါရီလ စားသုံးသူဈေးနှုန်းညွှန်းကိန်းဟာ ပဉ္စမအကြိမ်မြောက် ကျဆင်းလာရာ ဝ.၇၇% အထိ ကျဆင်းလာခဲ့တယ်လို့ ဆိုပါတယ်။

 

“ဒါဟာ ယာယီအကျိုးသက်ရောက်မှုသာဖြစ်တဲ့ ငွေကြေးဖောင်းပွမှုနှုန်း ကျဆင်းတာဖြစ်ပါတယ်။ ငွေကြေး ဖောင်းပွမှုနှုန်းဟာ ပုံမှန်အခြေအနေကို ပြန်ရောက်သွားလိမ့်မယ်လို့ ကမ္ဘာ့ဘဏ်က မှန်းဆထားပါတယ်။” လို့ ထိပ်တန်းစီးပွားရေးပညာရှင် ကီယာတီပေါင်က ပြောပါတယ်။

 

အစိုးရက စုစုပေါင်းပြည်တွင်းထုတ်ကုန် (GDP) ၁% မြှင့်တင်ချင်တဲ့အတွက် digital wallet (အွန်လိုင်းငွေ ကြေးစနစ်) ကတစ်ဆင့် ထိုင်းပြည်သူတွေ သုံးစွဲနိုင်အောင် ပြည်သူ သန်း ၅၀ ကို ဘတ်ငွေ ၁၀,၀၀၀ ထုတ်ပေး မယ့်အစီအစဉ်ဆောင်ရွက်နေပေမဲ့ အဲဒီအစဉ်ကြောင့် အကြွေး ၃% ထိုးတက်သွားမှာဖြစ်ကြောင်း မစ္စတာကီယာ တီပေါင်က ပြောပါတယ်။

 

Ref: World Bank says Thai interest rates appropriate

 

#PeopleMedia


Share this post