ထိုင်းဘုရင်စနစ်ကိုကာကွယ်ထားတဲ့ ပုဒ်မ ၁၁၂ ပြင်ဆင်ရေးကို ပြည်သူ့ပါတီက ဆက်လက်ဆောင်ရွက်မည်
PUBLISHED - August 10, 2024
နိုင်ငံတကာ၊ သြဂုတ် ၁၀
အလွန်ပြင်းတဲ့ ဘုရင်စနစ်ကိုကာကွယ်ထားတဲ့ ဥပဒေ ပြန်လည်ပြင်ဆင်ရေးကို ဆက်လက်တွန်း အားပေး ဆောင်ရွက်သွားမှာဖြစ်ကြောင်း ဖျက်သိမ်းခံ Move Forward ပါတီကို အသွင်ပြောင်းပြန်လည်ဖွဲ့စည်းထားတဲ့ ပြည်သူ့ပါတီ (People’s Party) က ၎င်းတို့ရဲ့ ပထမဦးဆုံး သတင်းစာရှင်းလင်းပွဲမှာ ပြောကြားလိုက်ပါတယ်။
Move Forward ပါတီကို ပြည်သူ့ပါတီအဖြစ် ပြန်လည်အသက်သွင်းပြီး ခေါင်းဆောင်သစ်နဲ့ မိတ်ဆက်ပေးဖို့ အတွက် Move Forward ပါတီဝင်တွေဟာ သင်ကာခါအိုချာအိုဗီလာပါတီနဲ့ သောကြာနေ့က တွေ့ဆုံခဲ့ပါတယ်။
ပြည်သူ့ပါတီကို နတ်သပေါင်ရောင်းပန်းယာဝတ်က ဦးဆောင်သွားမှာဖြစ်ပြီး ဆရာယွတ်ဂျိုင်လက်ခ်က အထွေ ထွေအတွင်းရေးမှူးအဖြစ် တာဝန်ထမ်းဆောင်သွားမှာဖြစ်ပါတယ်။
“ကျွန်တော်တို့ ပြည်သူ့ပါတီအဖြစ် ပြန်လည်ရှင်သန်ခဲ့ပါပြီ။ ဒီကနေ့အချိန်မှာ ဘန်ကောက်ကောင်စီဝင် ၁၁ ဦး၊ နိုင်ငံတစ်ဝန်းမှာရှိတဲ့ Move Forward ပါတီကွန်ရက်ဟောင်းတွေနဲ့အတူ တာဝန်ထမ်းဆောင်ဖို့ အကျုံးဝင်နေဆဲ ဖြစ်တဲ့ Move Forward ပါတီ လွှတ်တော်အမတ် ၁၄၃ ဦးတို့ဟာ ဒီအလံတော်သစ်အောက်မှာ တိုင်းပြည် တိုး တက်ရေး မောင်းနှင်နိုင်ဖို့ အတူတကွ စုရုံးခဲ့ကြပါပြီ။” လို့ ပါတီကိုယ်စားလှယ် ပရစ်ဝါချာရာဆက်ဒူက သတင်း စာရှင်းလင်းပွဲမှာ ပြောပါတယ်။
ပါတီသစ်ရဲ့နာမည်ဟာ ထိုင်းနိုင်ငံသားတွေထံက အန္တိမအာဏာသက်ဆင်းလာတဲ့ “ပြည်သူအတွက်၊ ပြည်သူ က ရွေးချယ်တယ်” ဆိုတဲ့ မူဝါဒကို လိုက်နာဆောင်ရွက်မယ့် နိုင်ငံရေးစနစ်တစ်ခုကိုအကောင်အထည်ဖော်မယ် ဆိုတဲ့ ပါတီရဲ့ ကတိကဝတ်ကို ထင်ဟပ်ပေါ်လွင်စေကြောင်း ၎င်းက ပြောပါတယ်။
ပါတီရဲ့ကနဦးရည်မှန်းချက်ဟာ Move Forward ပါတီဝင်အင်အား ၁၀၀၀၀၀ ကို စည်းရုံးစုဆောင်းရေးနဲ့ ပါတီ ရန်ပုံငွေ ဘတ်ငွေ ၁၀ သန်း ရရှိအောင် ရှာဖွေရေးဖြစ်ပါတယ်။
စနေနေ့ (သြဂုတ်လ ၁၀ ရက်နေ့) မှာ တစ်နိုင်ငံလုံး ပါတီဝင်သစ်တွေ ကြိုဆိုရေးနဲ့ အလှူငွေများလက်ခံရရှိရေး အတွက် စည်းရုံးလှုံ့ဆော်ပွဲတွေ ကျင်းပသွားမှာဖြစ်ပါတယ်။
Future Forward ပါတီနဲ့ Move Forward ပါတီရဲ့ မူဝါဒတွေကို စွဲကိုင်သွားမှာဖြစ်ကြောင်း ပါတီခေါင်းဆောင် နတ်သပေါင်က သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
ပွင့်လင်းမြင်သာမှုရှိဖို့နဲ့ ၂၀၂၇ ခုနှစ်မှာ အစိုးရအပြောင်းအလဲလုပ်နိုင်ရေး အဓိကအာရုံစိုက် ကြိုးပမ်းသွားမှာဖြစ် ကြောင်းလည်း ၎င်းက ပြောပါတယ်။
“ပါတီသစ်ဖွဲ့စည်းရေး၊ ဖွဲ့စည်းပုံအဆင့်မြှင့်တင်ရေး၊ ပါတီဝင်တွေ စုဆောင်းရေး၊ လူထုပိုမိုလက်ခံလာအောင် မူဝါဒတွေ မွမ်းမံရေးတို့လို ကျွန်တော်တို့လုပ်ရမယ့် အလုပ်တွေ အများကြီးရှိပါတယ်။ လွှတ်တော်ကိုယ်စားလှယ် အဖြစ် နှစ်ပေါင်းများစွာအလုပ်လုပ်လာပြီးဖြစ်တဲ့အတွက် ပြည်သူတွေနဲ့ တွေ့ဆုံရမယ့်တာဝန်တွေကို ကျွန်တော် ထမ်းဆောင်သွားမှာပါ။ ပါတီအားကောင်းလာဖို့ အရေးအကြီးဆုံးအပိုင်းကတော့ ခိုင်မာတဲ့တည်ဆောက်မှုနဲ့ အမာခံအဖွဲ့ဝင်တွေ ရရှိရေးပဲဖြစ်ပါတယ်။ ကျွန်တော်တို့ ဒီခရီးကို အတူလျှောက်လှမ်းလာကြကတည်းက ဆရာ ယွတ်ဟာ ဒီကဏ္ဍမှာ အလွန်ယုံကြည်အားကိုးရတဲ့ပုဂ္ဂိုလ်ပါ။” လို့ ပါတီခေါင်းဆောင်က ပြောပါတယ်။
“အတိုက်အခံပါတီတွေကို နှိပ်ကွပ်တာကို ကာကွယ်နိုင်ဖို့အတွက် ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၁၁၂ ကို ပြန်လည် ပြင်ဆင်မယ်ဆိုတဲ့ ကျွန်တော်တို့ရဲ့ အဆိုပြုချက်ကတိကဝတ်အတိုင်း ခိုင်ခိုင်မာမာ ရပ်တည်နေပါတယ်။ ဒီကိစ္စ အတွက် အလွန်သတိကြီးစွာ ချဉ်းကပ်နေစဉ်အတွင်းမှာပဲ ဒီကနေ့အချိန်အထိ ရှိနေဆဲဖြစ်တဲ့ အဲဒီပြဿနာကို ကိုင်တွယ်ဆောင်ရွက်ဖို့ အလွန်အရေးကြီးတယ်လို့ ကျွန်တော်တို့ ယုံကြည်ပါတယ်။” လို့ နတ်သပေါင်က ပြော ပါတယ်။
Ref: People’s Party steps forward with plans to amend lese majeste law
#PeopleMedia