ထိုင်းရဲတပ်ဖွဲ့အတွင်း အာဏာလုနေတယ်ဆိုတဲ့ကောလာဟလ ရဲချုပ်ကြီး ပယ်ချ
PUBLISHED - October 3, 2023
နိုင်ငံတကာ၊ အောက်တိုဘာ ၃
အသစ်ခန့်အပ်လိုက်တဲ့ တော်ဝင်ထိုင်းရဲတပ်ဖွဲ့အကြီးအကဲ ရဲချုပ်ကြီးထောဆိတ်ဆတ်ဝီမိုလ်က ထိုင်းရဲတပ်ဖွဲ့ထဲ မှာ အာဏာလုနေတယ်ဆိုတဲ့ ကောလာဟလကို တနင်္လာနေ့ကပယ်ချလိုက်ပြီး ၎င်းရဲ့လက်ထက်မှာ တော်ဝင် ထိုင်းရဲတပ်ဖွဲ့ဟာ ရဲအရာရှိအားလုံးအတွက် မိသားစုအိမ်တစ်အိမ်ဖြစ်လာရမယ်လို့ ပြောကြားလိုက်ပါတယ်။
ထိုင်းရဲတပ်ဖွဲ့ဒုတိယအကြီးအကဲ ရဲချုပ်ကြီး ဆူရာချိတ်ဟတ်ဖန်းရဲ့ အိမ်တွေကို ဝင်ရောက်စစ်ဆေးပြီးနောက်ပိုင်း ထိုင်းရဲတပ်ဖွဲ့အတွင်း သဘောထားကွဲပြားမှုကိစ္စတွေ မကြာသေးခင်က ပေါ်ပေါက်လာခဲ့တာဖြစ်ပါတယ်။
ရဲချုပ်ကြီးဆူရာချိတ်ဟာ ရဲတပ်ဖွဲ့အကြီးအကဲရာထူးအတွက် ယှဉ်ပြိုင်ဘက်တစ်ဦးဖြစ်တဲ့အတွက် ဆူရာချိတ်ကို သိက္ခာကျအောင်လို့ ၎င်းရဲ့အိမ်တွေကို အခုလိုဝင်ရောက်စီးနင်းခဲ့တာဖြစ်နိုင်ကြောင်း ဆန်းစစ်လေ့လာသူတွေ က ပြောပါတယ်။
အခုလို ၎င်းရဲ့အိမ် ၆ လုံးကို ဝင်ရောက်စီးနင်းစစ်ဆေးခဲ့တာဟာ ရဲတပ်ဖွဲ့အတွင်း နိုင်ငံရေးကိစ္စတွေက လှုံ့ဆော် ခဲ့လို့ဖြစ်တယ်လို့ ယုံကြည်ကြောင်း အစောပိုင်းတုန်းက ဆူရာချိတ်က ပြောပါတယ်။
“ကျွန်တော် လက်စားချေမှာမဟုတ်ပါဘူး။ ဒါပေမဲ့ ကျွန်တော့်ဆီမှာ သတင်းအချက်အလက်တွေ အသေးစိတ် ရှိ နေပါတယ်။ ကျွန်တော်သာဖော်ထုတ်လိုက်ရင် တော်ဝင်ထိုင်းရဲတပ်ဖွဲ့တစ်ခုလုံး ကျွမ်းထိုးမှောက်ခုံဖြစ်ကုန်ပါလိမ့် မယ်။” လို့ ၎င်းက ပြောပါတယ်။
ဒါပေမဲ့ ၎င်းရဲ့အုပ်ချုပ်မှုအောက်မှာ ထိုင်းရဲတပ်ဖွဲ့အတွင်း အာဏာလုတိုက်ခိုက်မှုတွေ ရှိမှာမဟုတ်ကြောင်း အသစ်ခန့်အပ်လိုက်တဲ့ ထိုင်းရဲတပ်ဖွဲ့အကြီးအကဲက ထိုင်းဘာသာစကားနဲ့ထုတ်ဝေတဲ့ မီဒီယာတစ်ခုကို တနင်္လာနေ့က ပြောပါတယ်။
“တော်ဝင်ထိုင်းရဲတပ်ဖွဲ့ကို ရဲအရာရှိအားလုံးအတွက် မိသားစုအိမ်လေးတစ်ခုလို တည်ဆောက်ချင်ပါတယ်။ ရဲ တပ်ဖွဲ့အတွင်းမှာ ဘာအငြင်းပွားတိုက်ခိုက်မှုတွေမှ မရှိပါဘူးဗျာ။ လူတွေက ထင်ကြေးတွေနဲ့ လျှောက်ပြောနေ တာပါ။” လို့ ရဲချုပ်ကြီးထောဆိတ်က ပြောပါတယ်။
ပြီးခဲ့တဲ့သောကြာနေ့ (စက်တင်ဘာလ ၂၉ ရက်နေ့) က လူမှုကွန်ရက်ပေါ်မှာ ရဲချုပ်ကြီးဆူရာချိတ်ရဲ့ဘေးမှာ ရဲ ချုပ်ကြီးထောဆိတ်ရပ်နေတဲ့ပုံတွေ ထွက်ပေါ်လာတဲ့အတွက် ပဋိပက္ခတွေအဆုံးသတ်သွားပြီလားလို့ အင်တာ နက်အသုံးပြုသူတွေက သိချင်နေကြပါတယ်။ ၎င်းတို့နှစ်ယောက်ကြားမတူညီမှုများကို ဆွေးနွေးဖို့အတွက် ရဲချုပ်ကြီးဆူရာချိတ်ကို အဲဒီနေ့က ဖိတ်ကြားခဲ့တယ် လို့ ရဲချုပ်ကြီးထောဆိတ်က ပြောပါတယ်။
“ကျွန်တော့်ထက် ရိုးသားတဲ့သူကို ခင်ဗျားရှာမတွေ့နိုင်ပါဘူး။ ကျွန်တော်ဟာ ဘာလှည့်ဖျားမှုမှမပါတဲ့ ရိုးရိုးသား သားလူတစ်ယောက်ဖြစ်ပါတယ်။ ကျွန်တော်ယုံကြည်တာကိုပဲ ကျွန်တော်ပြောပါတယ်။ ကျွန်တော် ဘယ်သူ့ နောက်ကျောကိုမှ ဓားနဲ့မထိုးခဲ့ပါဘူး။” လို့ ထောဆိတ်က ဆူရာချိတ်ကို ပြောခဲ့တယ်လို့ သတင်းတွေထွက်ပေါ် လာခဲ့ပါတယ်။
ရဲချုပ်ကြီးထောဆိတ်ဟာ သူ့လက်အောက်က ရဲချုပ်ကြီးတွေကို ဘယ်လိုတာဝန်ခွဲဝေပေးသွားမလဲဆိုတာ လူ တိုင်းက စောင့်ကြည့်နေကြပါတယ်။
ရဲချုပ်ကြီးဆူရာချိတ်ကိုတော့ လုံခြုံရေးနဲ့ပတ်သက်တဲ့ကိစ္စတွေကို ကိုင်တွယ်ဆောင်ရွက်ခိုင်းလိမ့်မယ်လို့ ခန့်မှန်း ထားကြပါတယ်။
Ref: No infighting, ‘people are just imagining things’, says new police chief
#PeopleMedia