ထိုင်းရဲတပ်ဖွဲ့ ဒုတိယအကြီးအကဲ ရဲချုပ်ကြီးအိမ်ကို ဆိုင်ဘာပြစ်မှုရဲတပ်ဖွဲ့ဝင်ရောက်ရှာဖွေ

PUBLISHED - September 25, 2023
နိုင်ငံတကာ၊ စက်တင်ဘာ ၂၅
ထိုင်းနိုင်ငံရဲ့လောင်းကစားမှုတွေနဲ့ပတ်သက်နေတယ်လို့ စွပ်စွဲခံရပြီးနောက် ထိုင်းအမျိုးသားရဲတပ်ဖွဲ့ရဲ့ ဒုတိယ အကြီးအကဲ ရဲချုပ်ကြီးဆူရာချိတ်ဟတ်ဖန်းရဲ့ ဘန်ကောက်မြို့က နေအိမ်ကို တနင်္လာနေ့ (စက်တင်ဘာလ ၂၅ ရက် နေ့) မနက်ပိုင်းမှာ ထိုင်း ဆိုင်ဘာပြစ်မှုစုံစမ်းစစ်ဆေးရေးဗျူရို (Cyber Crime Investigation Bureau – CCIB) ရဲတပ်ဖွဲ့ဝင်တွေက ဝင်ရောက်ရှာဖွေခဲ့ပါတယ်။
ရဲချုပ်ကြီးဆူရာချိတ်ဟတ်ဖန်းရဲ့ အမည်ပြောင်ကို “ဟာသအိုးကြီး” (Big Joke) လို့ ထိုင်းနိုင်ငံမှာ လူသိများ ပါတယ်။ အခုဝင်ရောက်စီးနင်းမှုဟာ “မဟာရှင်းလင်းရေးနေ့” (Big Cleaning Day) လို့ အမည်ပေးထားတဲ့ အထူးစစ် ဆင်ရေးတစ်ရပ်ရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်တယ်လို့ ဘန်ကောက်ပို့စ်က ပြောပါတယ်။
တရားရုံးရဲ့ ရှာဖွေခွင့်ဝရမ်းတစ်စောင်နဲ့အတူ ဆိုင်ဘာပြစ်မှုရဲတပ်ဖွဲ့ဝင်တွေနဲ့အတူ အဂတိလိုက်စားမှုတိုက်ဖျက် ရေးဌာနက ရဲတပ်ဖွဲ့ဝင်တွေ၊ မြို့တော်ရဲတပ်ဖွဲ့က အထူးစစ်ဆင်ရေးကွန်မန်ဒိုတွေပါ လိုက်ပါလာကြောင်း သိရပါ တယ်။ ရဲတပ်ဖွဲ့ကလပ်ရဲ့အနောက်ဘက် ဆွိုင်းဗစ်ဘာဗာဒီ လမ်း ၆၀၊ ကွန်ဒိုတိုက်ခန်းတွေမှာရှိတဲ့ အိမ်ခန်း ငါးခန်းကို လည်း ရှာဖွေရေးဝရမ်းတွေနဲ့ ဝင်ရောက်ရှာဖွေခဲ့ကြပါတယ်။
အဲဒီတိုက်ခန်းတွေကို ဆူရာချိတ်က ၎င်းရဲ့လက်အောက်ငယ်သားတွေအတွက် ဝယ်ယူခဲ့တာဖြစ်တယ်လို့ သ တင်းတွေထွက်ပေါ်နေပါတယ်။
ရဲတပ်ဖွဲ့ဝင်တွေ မနက် ၈ နာရီ ရောက်ရှိလာတဲ့အချိန်မှာ ဘောင်းဘီတိုနဲ့ တီရှပ်တို့ဝတ်ဆင်ထားတဲ့ ရဲချုပ်ကြီး ဆူရာချိတ်က ၎င်းနေအိမ်မှာရှိနေပြီး ရဲတပ်ဖွဲ့ဝင်တွေကို လက်ခံတွေ့ဆုံခဲ့ပါတယ်။
ရဲချုပ်ကြီးဆူရာချိတ်က ၎င်းဟာ တော်ဝင်ထိုင်းရဲတပ်ဖွဲ့ရဲ့ ဒုတိယအကြီးအကဲဖြစ်တဲ့အတွက် ရဲတပ်ဖွဲ့ဝင်တွေကို ၎င်း ရဲ့အိမ်ထဲကို ဝင်ရောက်ရှာဖွေခွင့်မပြုခဲ့ဘူးလို့ သတင်းတွေထွက်ပေါ်ခဲ့ပါတယ်။ ရှာဖွေရေးရဲတပ်ဖွဲ့ဝင်တွေဟာ ရှာဖွေခွင့်ဝရမ်းအကြောင်း ရဲချုပ်ကြီးဆူရာချိတ်ကို ရှင်းပြဖို့အတွက် ဆိုင်ဘာပြစ်မှု စုံ စမ်းစစ်ဆေးရေးဗျူရို (CCIB) အကြီးအကဲ ဒုတိယရဲချုပ်ကြီး ဗိုရာဗက်ဝတ္ထနာခွန်ဘန်ချာကို စောင့်ဆိုင်းနေ ခဲ့ကြရပါတယ်။ ဒုတိယရဲချုပ်ကြီးဗိုရာဗက် ရောက်ရှိလာပြီးနောက် ရဲချုပ်ဆူရာချိတ်က ရှာဖွေရေးအဖွဲ့ကို ၎င်းအိမ်ထဲဝင်ရောက် ခွင့်ပြုခဲ့တယ်လို့ ဆိုပါတယ်။
ဆွိုင်းဗစ်ဘာဗာဒီ လမ်း ၆၀ မှာရှိတဲ့ ရဲချုပ်ကြီးဆူရာချိတ်ရဲ့အိမ်အပါအဝင် ဘန်ကောက်မြို့နဲ့ ဖတ်ချာဘူရီ ပြည် နယ်၊ ဆမွတ်ဆခုန်ပြည်နယ်၊ ခုန်ခီယမ်ပြည်နယ်၊ ဥဒါန်းဌာနီပြည်နယ်နဲ့ ဆရာဘူရီပြည်နယ် စတဲ့ပြည်နယ်ငါး ပြည်နယ်က အိမ်ပေါင်း ၃၀ ဝန်းကျင်ကို ရှာဖွေစစ်ဆေးခဲ့ပါတယ်။
အဲဒီတခြားအိမ်တွေကတော့ ရဲချုပ်ကြီးဆူရာချိတ်နဲ့ နီးစပ်တဲ့ ရဲအရာရှိငယ်တွေ ပိုင်ဆိုင်တဲ့အိမ်တွေဖြစ်ပြီး အဲဒီ ရဲတပ်ဖွဲ့ဝင်တွေဟာ လာအိုနိုင်ငံမှာလှုပ်ရှားနေပြီး ဘတ်ငွေ သန်းတစ်ထောင်ဝန်းကျင်လည်ပတ်နေတဲ့ အွန်လိုင်း လောင်းကစားလုပ်ငန်းတွေမှာ ပါဝင်ပတ်သက်နေတယ်လို့ စွပ်စွဲခံထားရပါတယ်။
ငွေကြေးအရောင်းအဝယ်လုပ်ငန်းတွေလုပ်ကိုင်နေတဲ့ ကွန်ရက်တွေကို စုံစမ်းစစ်ဆေးနေတဲ့ ဆိုင်ဘာပြစ်မှု စုံ စမ်းစစ်ဆေးရေးဗျူရို (CCIB) ရဲတပ်ဖွဲ့ဝင်တွေဟာ လုံလောက်တဲ့သက်သေအထောက်အထားတွေရှာဖွေတွေ့ရှိ ခဲ့တဲ့အတွက် တရားရုံးက အခုလို ရှာဖွေခွင့်နဲ့ ဖမ်းဝရမ်းတွေ ထုတ်ပေးခဲ့ာတဖြစ်တယ်လို့ဆိုပါတယ်။
“မဟာရှင်းလင်းရေးနေ့” (Big Cleaning Day) စစ်ဆင်ရေးအတွင်း ရဲချုပ်တစ်ဦးနဲ့ ရဲမှူးကြီးတစ်ဦးအပါအဝင် ရဲချုပ်ကြီးဆူရာချိတ်လက်အောက်မှာ တာဝန်ထမ်းဆောင်နေတဲ့ စုံစမ်းစစ်ဆေးရေးရဲတပ်ဖွဲ့ဝင်တစ်ခုလုံး အ ဖမ်းခံခဲ့ရတယ်လို့ ဆိုပါတယ်။
အဲဒီရဲတပ်ဖွဲ့ဝင်တွေကို ဆာတွန်လမ်းပေါ်မှာရှိတဲ့ အမှတ် ၅ မြို့တော်ရဲတပ်ဖွဲ့ဌာနချုပ်ကို စစ်ဆေးမေးမြန်းဖို့ ခေါ် ဆောင်သွားတယ်လို့ ခန့်မှန်းထားကြပါတယ်။ ရဲချုပ်ကြီးဆူရာချိတ်ဟာ ရဲတပ်ဖွဲ့ရဲ့ဒုတိယအကြီးအကဲ ၄ ဦးထဲက တစ်ဦးဖြစ်ပြီး စက်တင်ဘာလအကုန်မှာ ရဲချုပ်ကြီး ဒမ်ရောင်းဆတ်ကစ်တီပရာပတ်စ် အနားယူတဲ့အခါ အမျိုးသားရဲတပ်ဖွဲ့အကြီးအကဲဖြစ်လာလိမ့်မယ် လို့ ခန့်မှန်းထားသူဖြစ်ပါတယ်။
ရဲချုပ်ကြီးဆူရာချိတ်က ၎င်းရဲ့လက်အောက်မှာတာဝန်ထမ်းဆောင်နေတဲ့ အရာရှိလေးငါးဦး လောင်းကစားဂိုဏ်း တွေမှာပါဝင်ပတ်သက်နေတယ်ဆိုတဲ့စွပ်စွဲချက်နဲ့ အဖမ်းခံရဖို့ ရင်ဆိုင်နေရတာမှန်ကြောင်း၊ ၎င်းနဲ့ ၎င်းရဲ့အရာရှိ တွေ အပြစ်ကင်းစင်တာကို သက်သေပြသွားမှာဖြစ်ကြောင်း သတင်းထောက်တွေကို ပြောပါတယ်။
ရဲချုပ်ကြီးက ၎င်းအနေနဲ့ ရှာဖွေရေးရဲတပ်ဖွဲ့ဝင်တွေနဲ့ ပူးပေါင်းဆောင်ရွက်ခဲ့ရာ ၎င်းနေအိမ်မှာ ဘယ်လိုတရားမ ဝင်ပစ္စည်းမျိုးမှ ရှာဖွေတွေ့ရှိခြင်းမရှိကြောင်း ပြောပါတယ်။
၎င်းအနေနဲ့ ဘယ်လောင်းကစားဝက်ဆိုက်ကမှ ဘယ်တုန်းကမှ ငွေကြေးတစ်စုံတရာလက်ခံရယူခဲ့ခြင်းမရှိတဲ့အ ပြင် အဲဒီလောင်းကစားဝက်ဆိုက်တွေကို နှိမ်နှင်းဖို့သာ ဆောင်ရွက်ခဲ့ကြောင်း၊ ၎င်းရဲ့လက်အောက်အရာရှိတွေ လည်း အပြစ်ကင်းစင်တယ်လို့ ယုံကြည်ကြောင်း ရဲချုပ်ကြီးဆူရာချိတ်က ပြောပါတယ်။
Ref: Big Joke’s house searched by cyber crime police
#PeopleMedia