ထိုင်းရဲနဲ့ တရုတ်ရဲ ပူးတွဲကင်းလှည့်မယ်ဆိုတဲ့သတင်း မမှန်ကြောင်း ထိုင်းရဲတပ်ဖွဲ့အကြီးအကဲပြော
PUBLISHED - November 14, 2023
နိုင်ငံတကာ၊ နိုဝင်ဘာ ၁၄
တရုတ်ကမ္ဘာလှည့်ခရီးသွားတွေ လုံခြုံရေးတိုးမြှင့်ဖို့အတွက် ထိုင်းရဲတပ်ဖွဲ့ဝင်တွေနဲ့အတူ ပူးတွဲကင်းလှည့်ဖို့ တရုတ်ရဲတပ်ဖွဲ့ဝင်တွေကို ဖိတ်ကြားထားတယ်ဆိုတဲ့သတင်းကို ထိုင်းအမျိုးသားရဲတပ်ဖွဲ့မင်းကြီးက ငြင်းဆိုလိုက် ပါတယ်။
အဲဒီအစီအစဉ်ဟာ အမျိုးသားလုံခြုံရေးနဲ့ပတ်သက်နေတဲ့အတွက် ဆောင်ရွက်လို့မဖြစ်နိုင်ကြောင်း၊ ထိုင်းနိုင်ငံရဲ့ အချုပ်အခြာအာဏာကို ချိုးဖောက်ရာရောက်တဲ့အတွက် သဘောမတူနိုင်ကြောင်း၊ ထိုင်းရဲတပ်ဖွဲ့ဝင်တွေဟာ ထိုင်းလူမျိုးတွေရော ကမ္ဘာလှည့်ခရီးသွားတွေအတွက်ပါ စောင့်ရှောက်နိုင်စွမ်းရှိကြောင်း ထိုင်းရဲချုပ်ကြီး ထော ဆိတ်ဆပ်ဗီမိုလ်က ပြောပါတယ်။
အခုလို ထိုင်းနဲ့ တရုတ်ရဲတပ်ဖွဲ့ဝင်တွေ ထိုင်းနိုင်ငံထဲမှာ ပူးတွဲကင်းလှည့်ဖို့ဆိုတဲ့အစီအစဉ်ကို တော်ဝင်ထိုင်းရဲ တပ်ဖွဲ့ကြီးက အဆိုပြုခဲ့တာဖြစ်တယ်ဆိုတဲ့သတင်းတွေနဲ့ ပတ်သက်ပြီး ထိုင်းရဲချုပ်ကြီးထောဆိတ်ဆပ်ဗီမိုလ်က ငြင်းဆိုလိုက်ပါတယ်။
အဲဒီအစီအစဉ်ဟာ ထိုင်းရဲတပ်ဖွဲ့ရဲ့အဆိုပြုချက်လို့ပြောနေကြတာ နားလည်မှုလွဲမှားတာဖြစ်ကြောင်း၊ ထိုင်းရဲ တပ်ဖွဲ့က အဆိုပြုထားတာက တရုတ်နိုင်ငံနဲ့ဆက်စပ်တဲ့ ရာဇဝတ်မှုတွေဖြစ်ပွားလာတဲ့အခါ သံသယရှိသူတွေ၊ အမှုအခင်းတွေနဲ့ပတ်သက်ပြီး သတင်းအချက်အလက်တွေဖလှယ်နိုင်အောင်လို့ တရုတ်နိုင်ငံနဲ့အတူ ပေါင်းစပ် ညှိနှိုင်းရေးစင်တာတစ်ခုဖွင့်လှစ်ဖို့သာ အဆိုပြုခဲ့တာဖြစ်ကြောင်း ၎င်းက ပြောပါတယ်။
တရုတ်ရဲတပ်ဖွဲ့ဝင်တွေနဲ့ ပူးတွဲကင်းလှည့်ဖို့ဆိုတဲ့ အစီအစဉ်ကို အီတလီမှာဆောင်ရွက်ခဲ့တာဖြစ်ကြောင်း၊ အဲဒီ လိုဆောင်ရွက်ခဲ့တာကလည်း အီတလီနိုင်ငံမှာ ဘာသာစကားအခက်အခဲကြောင့် ဆောင်ရွက်ခဲ့ရတာဖြစ်တယ် လို့ ယုံကြည်ကြောင်း၊ ဒါပေမဲ့ ထိုင်းနိုင်ငံမှာ အဲဒီလို ဘာသာစကားအခက်အခဲမရှိကြောင်း ၎င်းကပြောပါတယ်။
ထိုင်းရဲတပ်ဖွဲ့ဝင်တွေနဲ့ ပူးတွဲကင်းလှည့်ဖို့ တရုတ်ရဲတပ်ဖွဲ့ဝင်တွေကို ဖိတ်ခေါ်ရေးအစီအစဉ်ဟာ ထိုင်းဝန်ကြီးချုပ် ရဲ့အဆိုပြုချက်ဖြစ်ကြောင်း ထိုင်း ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းအာဏာပိုင်အဖွဲ့ရဲ့ အုပ်ချုပ်ရေးမှူး ထာပနီး ကီ ယတ်ဖိုင်ဘိုးလ်က ပြောပါတယ်။
ထိုင်းရဲတပ်ဖွဲ့ဝင်တွေနဲ့ တရုတ်ရဲတပ်ဖွဲ့ဝင်တွေ ပူးတွဲကင်းလှည့်ဖို့ အဆိုပြုထားတယ်ဆိုတဲ့အစီအစဉ်ဟာ မဟုတ် မှန်ကြောင်း အစိုးရပြောခွင့်ရပုဂ္ဂိုလ်တစ်ဦးကလည်း ပြောပါတယ်။
ကမ္ဘာလှည့်ခရီးသွားတွေ သွားလာနေတဲ့နေရာတွေမှာ ထိုင်းရဲတပ်ဖွဲ့ဝင်တွေနဲ့အတူ တရုတ်ရဲတပ်ဖွဲ့ဝင်တွေ ပူးတွဲ ကင်းလှည့်မယ်ဆိုတဲ့သတင်းဟာ မမှန်ကြောင်း၊ မီဒီယာတချို့က မမှန်တဲ့သတင်းကို ထုတ်လွှင့်ခဲ့တာသာ ဖြစ် ကြောင်း အစိုးရပြောခွင့်ရပုဂ္ဂိုလ် ချိုင်းဝါချာရွန်ကီက တနင်္လာနေ့က ပြောပါတယ်။
Ref: Top cop rejects presence of Chinese police in Thailand
#PeopleMedia