• Follow Us on
Latest News

Home ထိုင်းလုပ်သားတွေ ထပ်မံခေါ်ယူဖို့ အစ္စရေးစဉ်းစားနေ

ထိုင်းလုပ်သားတွေ ထပ်မံခေါ်ယူဖို့ အစ္စရေးစဉ်းစားနေ

Share this post

နိုင်ငံတကာ၊ မေ ၃၀

 

အစ္စရေးနိုင်ငံက တစ်နှစ်ကို ခေါ်ယူမယ့် ထိုင်းနိုင်ငံက လယ်ယာလုပ်သား ၆၀၀၀ ကနေ ၂၀၀၀၀ အထိ တိုးမြှင့် ပေးဖို့ ထိုင်းနိုင်ငံရဲ့အဆိုပြုချက်ကို အစ္စရေးအစိုးရက ကြိုဆိုလိုက်ကြောင်း အလုပ်သမားဝန်ကြီး ဖိဖတ်ရတ်ချာ ကစ်ပရာကန်က ပြောကြားလိုက်ပါတယ်။

 

မစ္စတာဖိဖတ်ဟာ ထိုင်းကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့ကို ဦးဆောင်ပြီး အစ္စရေးနိုင်ငံ တဲလ်ဗစ်မြို့မှာ အလုပ်သမား ရေးရာကိစ္စတွေ ဆွေးနွေးစဉ် အင်္ဂါနေ့ (မေလ ၂၈ ရက်နေ့) က အခုလို ပြောကြားလိုက်တာဖြစ်ပါတယ်။

 

မစ္စတာဖိဖတ်နဲ့ အဖွဲ့ဟာ အစ္စရေးပြည်ထဲရေးဝန်ကြီး၊ အလုပ်သမားဝန်ကြီးနဲ့ လယ်ယာစိုက်ပျိုးရေးနဲ့ ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးတို့နဲ့ တွေ့ဆုံခဲ့ပါတယ်။

 

အစ္စရေးဝန်ကြီးအားလံးဟာ ထိုင်းလုပ်သားတွေပေါ် ကောင်းမွန်တဲ့သဘောထားရှိကြောင်း ထုတ်ဖော်ပြောဆိုခဲ့ ပြီး အစ္စရေးအလုပ်ရှင်တွေနဲ့ ထိုင်းလုပ်သားတွေကြားထဲက စာချုပ်တွေကိုလည်း အသိအမှတ်ပြုကြောင်း ပြော ဆိုခဲ့ပါတယ်။

 

ထိုင်းလယ်ယာလုပ်သားတွေကို တစ်နှစ်ကို ၆၀၀၀ ကနေ ၂၀၀၀၀ အထိ အရေအတွက် တိုးမြှင့်ခေါ်ယူဖို့၊ အစ္စရေးနိုင်ငံမှာ အနည်းဆုံး ငါးနှစ်နဲ့သုံးလ အလုပ်လုပ်ကို်င်ခဲ့တဲ့ ထိုင်းလူမျိုးတွေကို အစ္စရေးနိုင်ငံထဲမှာ အလုပ် ပြန်လည်ခန့်အပ်ဖို့နဲ့ အစိုးရအချင်းချင်း ချိတ်ဆက်ထားတဲ့လမ်းကြောင်းကတစ်ဆင့် ဆောက်လုပ်ရေးလုပ်သား အရေအတွက်ကိုလည်း တိုးမြှင့်ခေါ်ယူဖို့ ထိုင်းကိုယ်စားလှယ်အဖွဲ့က အစ္စရေးအစိုးရကို တင်ပြတောင်းဆိုခဲ့ပါ တယ်။

 

ထိုင်းကိုယ်စားလှယ်အဖွဲ့ရဲ့ အဆိုပြုချက်ကို အစ္စရေးအာဏာပိုင်တွေက အပြုသဘောဆောင်တုံ့ပြန်ခဲ့ကြပြီး အစ္စရေးနိုင်ငံအနေနဲ့ နောက်ထပ် ဆောက်လုပ်ရေးလုပ်သား ၂၅,၀၀၀ ထက်မနည်း လိုအပ်ကြောင်း မစ္စတာ ဖိဖတ်က ပြောပါတယ်။

 

ပြီးခဲ့တဲ့နှစ် အေက်တိုဘာလ ၇ ရက်နေ့ ဟားမတ်စ်တိုက်ခိုက်မှု မဖြစ်ပွားခင်က အစ္စရေးနိုင်ငံမှာ ထိုင်းလုပ်သား ၃၀,၀၀၀ ဝန်းကျင် အလုပ်လုပ်ကိုင်နေပြီး အဲဒီအထဲက ၉၅% ဟာ လယ်ယာစိုက်ပျိုးရေးကဏ္ဍမှာ အလုပ်လုပ် နေကြတာဖြစ်ပါတယ်။

 

ထိုင်းအစိုးရက ထိုင်းလုပ်သား ၉၅၀၀ ဝန်းကျင်ကို မိခင်နိုင်ငံကို ပြန်လည်ခေါ်ယူခဲ့တဲ့အတွက် အဲဒီအချိန်ကစပြီး အစ္စရေးလယ်ယာကဏ္ဍမှာ လုပ်သားပြတ်လပ်ခဲ့တယ်လို့ ဆိုပငါတယ်။

 

မိခင်နိုင်ငံမှာ ပြန်လည်ရောက်ရှိနေတဲ့ ထိုင်းလုပ်သားတွေကလည်း အန္တရာယ်ရှိပေမဲ့ အစ္စရေးနိုင်ငံမှာပဲ ပြန် လည် အလုပ်လုပ်ကိုင်ဖို့ စိတ်ဝင်စားကြောင်း ပြောပါတယ်။

 

ထိုင်းလုပ်သားတွေ ဘေးကင်းလုံခြုံတဲ့နေရာမှာ အလုပ်လုပ်ကိုင်ခွင့်ရဖို့နဲ့ လုံခြုံရေးတင်းကျပ်စွာရှိတဲ့နယ်မြေ တွေမှာသာ အလုပ်ရှင်က ခိုင်းစေနိုင်ရေးအတွက် ကူညီဆောင်ရွက်ပေးဖို့ အစ္စရေး လယ်ယာစိုက်ပျိုးရေးနဲ့ ကျေး လက်ဒေသဖွံံ့ဖြိုးတိုးတက်ရေးဝန်ကြီးကို ထိုင်းကိုယ်စားလှယ်အဖွဲ့က အကူအညီတောင်းခံခဲ့ပါတယ်။

 

ဒါ့အပြင် ထိုင်းကျောင်းသားတွေကို လုပ်ငန်းခွင်လေ့လာသင်ကြားခွင့် (အလုပ်သင်) ပေးဖို့အတွက်လည်း ထိုင်း ကိုယ်စားလှယ်အဖွဲ့က မေတ္တာရပ်ခံခဲ့ရာ ဆိုင်ရာအဖွဲ့အစည်းတွေနဲ့ ဆက်လက်ဆွေးနွေးသွားမှာဖြစ်ကြောင်း အစ္စရေးအစိုးရဘက်က အကြောင်းပြန်ခဲ့တယ်လို့ ဖိဖတ်က ပြောပါတယ်။

 

ဒါ့အပြင် အစ္စရေးနိုင်ငံရဲ့ ဧည့်ခံဖျော်ဖြေရေးကဏ္ဍမှာက လစ်လပ်နေရာတွေမှာလည်း ထိုင်းလုပ်သားတွေကို ခေါ်ယူခန့်ထားပေးဖို့ အစ္စရေးအလုပ်သမားဝန်ကြီးကို ထိုင်းကိုယ်စားလှယ်အဖွ့ဲက တောင်းဆိုခဲ့ပါတယ်။

 

အစောပိုင်းက အစ္စရေးနိုင်ငံ Chemo Aharon ကုမ္ပဏီက အရာရှိတွေနဲ့ တွေ့ဆုံစဉ် စီမံချက်လုပ်ငန်းသစ်အ တွက် ထိုင်းလုပ်သားတွေ ထပ်မံခေါ်ယူဖို့ စိတ်ဝင်စားကြောင်း ပြောဆိုခဲ့ပြီး နောက်ထပ် လုပ်သား ၂၃၀၀၊ ဂဟေ ဆော်သမား ၃၀၀ နဲ့ ဆောက်လုပ်ရေးလုပ်သားတွေ ထပ်မံခေါ်ယူဖို့ သဘောတူခဲ့ပါတယ်။

 

Ref: Israel considers taking more Thai workers: Bangkok Post

 

#PeopleMedia


Share this post