ထိုင်းလေတပ်က ဆွီဒင်ထုတ် Gripen ဂျက်တိုက်လေယာဉ်တွေဝယ်ယူဖို့ အကြံပြုတယ်လို့ဆို

PUBLISHED - July 11, 2024
နိုင်ငံတကာ၊ ဇူလိုင် ၁၁
တော်ဝင်ထိုင်းလေတပ်ဟာ အမေရိကန်ထုတ် F-16 ဂျက်တိုက်လေယာဉ်ကို မရွေးဘဲ ဆွီဒင်ထုတ် ဂရစ်ပင် ဂျက်တိုက်လေယာဉ် (Gripen fighter jets) တွေကို ဝယ်ယူဖို့ အကြံပြုထောက်ခံလိုက်ကြောင်း လေတပ်သ တင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။
Gripen E/F ဂျက်တိုက်လေယာဉ်နဲ့ F-16 Block 70 ဂျက်တိုက်လေယာဉ်တို့ရဲ့ နှိုင်းယှဉ်ချက်တွေကို ကာကွယ် ရေးဝန်ကြီးဆုတင်ကလန်ဆန်းနဲ့ ဝန်ကြီးချုပ်ဆရက်ထာထာဗီဆင်တို့ကို လေတပ်ဦးစီးချုပ် လေတပ်ဗိုလ်ချုပ်ကြီး ပန်းပတ်ဒီးပတ္တနာကူလ်က အသေးစိတ်တင်ပြခဲ့ပါတယ်။
လေတပ်ဦးစီးချုပ်က ဆွီဒင်ထုတ် Gripen ဂျက်တိုက်လေယာဉ်ကို ဝယ်ယူဖို့ထောက်ခံခဲ့ကြောင်း အဆိုပါသတင်း ရင်းမြစ်က ဗုဒ္ဓဟူးနေ့ (ဇူလိုင်လ ၁၀ ရက်နေ့) က ပြောပါတယ်။
လေတပ်ဗိုလ်ချုပ်ကြီးပန်းပတ်ဒီးနဲ့ ထိပ်တန်းအရာရှိတွေဟာ ဗုဒ္ဓဟူးနေ့က လွှတ်တော်ကို တက်ရောက်ခဲ့ကြပြီး အောက်တိုဘာလ ၁ ရက်နေ့မှာစတင်မယ့် ၂၀၂၅ ခု ဘဏ္ဍာရေးနစ်အတွက် ဘတ်ဂျက်ဥပေဒကြမ်းကို စိစစ်နေ တဲ့ အောက်လွှတ်တော်ကော်မတီကို လေတပ်ကသုံးစွဲမယ့်ဘတ်ဂျက်အကြောင်း သွားရောက်ရှင်းလင်းတင်ပြခဲ့ ပါတယ်။
တိုက်လေယာဉ်ဝယ်ယူရေး အခြေအနေနဲ့ပတ်သက်ပြီး မေးမြန်းရာမှာ ၎င်းအနေနဲ့ ကာကွယ်ရေးဝန်ကြီးဆုတင် နဲ့ အင်္ဂါနေ့က ဆွေးနွေးခဲ့ပြီးဖြစ်ကြောင်း ဦးစီးချုပ်က ပြောပါတယ်။
Saab AB ကုမ္ပဏီနဲ့ Lockheed Martin ကုမ္ပဏီတို့က ရရှိမယ့် နောက်ဆက်တွဲထောက်ပံ့မှုတွေအပါအဝင် Gripen တိုက်လေယာဉ်နဲ့ F-16 တိုက်လေယာဉ်တို့ရဲ့ အားသာချက်/အားနည်းချက်တွေနဲ့ ရွေးချယ်မှုလုပ်ငန်း စဉ်အကြောင်းကို ဆွေးနွေးပွဲမှာ ရှင်းပြခဲ့ကြောင်း ၎င်းက ပြောပါတယ်။
ကာကွယ်ရေးဝန်ကြီးက ဗုဒ္ဓဟူးနေ့မှာပဲ ဝန်ကြီးချုပ်ထံ ဆက်လက်တင်ပြသွားမှာဖြစ်ကြောင်း လေတပ်ဦးစီးချုပ် ပန်းပတ်ဒီးက ပြောပါတယ်။
ဆုံးဖြတ်ချက်ချပြီးသွားတဲ့အချိန်မှာ ပြည်သူတွေကို ဝန်ကြီးချုပ်ကရှင်းပြမလား၊ ကာကွယ်ရေးဝန်ကြီးကရှင်းပြမ လားဆိုတာကို ဝန်ကြီးချုပ်ဆရက်ထာက ဆုံးဖြတ်သွားမှာဖြစ်ကြောင်း လေတပ်ဦးစီးချုပ်က ပြောပါတယ်။
“လေတပ်အနေနဲ့တော့ ဘယ်လို ဂျက်တိုက်လေယာဉ်အမျိုးအစားကို ရွေးချယ်မယ်ဆိုတာ မဆုံးဖြတ်ရသေးပါ ဘူး။” လို့ ဦးစီးချုပ်က ပြောပါတယ်။ ထိုင်းလေတပ်မှာ သက်တမ်းရင့် F-16 ဂျက်တိုက်လေယာဉ် ၁၂ စင်းကို အစားထိုးရမှာဖြစ်ပြီး ဆွီဒင်နိုင်ငံရော အမေရိကန်နိုင်ငံကပါ ၎င်းတို့ ဂျက်တိုက်လေယာဉ်တွေကို ဝယ်ယူဖို့ ထိုင်းအစိုးရကို စည်းရုံးနေပါတယ်။
မစ္စတာဆုတင်ဟာ အမေရိကန်ကာကွယ်ရေးဝန်ကြီး လွိုက်သြစတင်ရဲ့ဖိတ်ကြားချက်အရ အမေရိကန်ပြည် ထောင်စုကို သွားရောက်ဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။
F-16 ဂျက်တိုက်လေယာဉ်တွေဝယ်ယူနိုင်ရေးအတွက် အမေရိကန်အစိုးရက ထိုင်းနိုင်ငံကို ချေးငွေချေးပေး မှာဖြစ်ကြောင်း မစ္စတာဆုတင်ကို အမေရိကန်သံအမတ်က ရှင်းပြခဲ့ပေမဲ့ အတိုးနှုန်းမြင့်မားတဲ့အတွက် ချေးငွေ ကိစ္စကို စိုးရိမ်မိတယ်လို့ ထိုင်းကာကွယ်ရေးဝန်ကြီးက ပြောပါတယ်။
Ref: Air force chooses Swedish jets over US F-16s
#PeopleMedia