ထိုင်းဝန်ကြီးချုပ်ဆရက်ထာ တက်ဆလာကုမ္ပဏီအကြီးအကဲ အီလွန်မတ်နဲ့ ဆွေးနွေး

PUBLISHED - September 22, 2023
နိုင်ငံတကာ၊ စက်တင်ဘာ ၂၂
ထိုင်းဝန်ကြီးချုပ်နဲ့ ဘဏ္ဍာရေးဝန်ကြီး ဆရက်ထာထာဗီဆင်ဟာ နယူးယောက်ခရီးစဉ်မှာ တက်ဆလာ ကုမ္ပဏီ အကြီးအကဲ အီလွန်မတ်နဲ့ လျှပ်စစ်ကား (EV) ထုတ်လုပ်မှုအကြောင်း ဆွေးနွေးခဲ့ကြောင်း ကြာသပတေးနေ့က ပြောကြားလိုက်ပါတယ်။
အာရှတိုက်ရဲ့ စတုတ္ထမြောက်ကားထုတ်လုပ်တဲ့နိုင်ငံဖြစ်တဲ့ ထိုင်းနိုင်ငံဟာ လျှပ်စစ်ကားတွေနဲ့ ဘက်ထရီတွေ ထုတ်လုပ်ဖို့ လျှပ်စစ်ကားထုတ်လုပ်ရေးကုမ္ပဏီတွေကို မက်လုံးပေးကမ်းလှမ်းထားသလို လျှပ်စစ်ကားဝယ်ယူ မယ့်သူတွေကိုလည်း အခွန်လျှော့ပေါ့ပေးဖို့ ကမ်းလှမ်းထားပါတယ်။
၎င်းအနေနဲ့ လျှပ်စစ်ကားထုတ်လုပ်ရေး တက်ဆလာကုမ္ပဏီနဲ့ အင်တာနက် Starlink အပါအဝင် ဂြိုဟ်တု ကုမ္ပဏီ SpaceX အကြောင်းတွေကို အီလွန်မတ်နဲ့ ဆွေးနွေးခဲ့ကြောင်း ၇၈ ကြိမ်မြောက်ကုလသမဂ္ဂအထွေ ထွေညီလာခံတက်ရောက်နေတဲ့ မစ္စတာဆရက်ထာက ပြောပါတယ်။ “ထပ်မံဆွေးနွေးဖို့ ကျွန်တော်တို့ မျှော်လင့်စောင့်စားနေပါတယ်။” လို့ အိမ်ခြံမြေလုပ်ငန်းရှင်ဟောင်းဖြစ်သူ မစ္စတာဆရက်ထာက X လူမှုကွန်ရက်ပေါ်မှာ ရေးသားခဲ့ပါတယ်။
ထိုင်းအစိုးရအနေနဲ့ လက်ရှိချမှတ်ထားတဲ့မက်လုံးပေးတဲ့မူဘောင်အတွင်းမှာ ရင်းနှီးမြှုပ်နှံမှုတွေကို အားပေး ထောက်ပံ့သွားဖို့ အသင့်ရှိနေတယ်လို့ မစ္စတာဆရက်ထာက အီလွန်မတ်ကို အွန်လိုင်းအစည်းအဝေးကတစ် ဆင့် ပြောကြားခဲ့ကြောင်း ထိုင်းအစိုးရက ထုတ်ပြန်ကြေညာခဲ့ပါတယ်။
“ရင်းနှီးမြှုပ်နှံမှုအတွက် လိုက်လျောညီထွေရှိတဲ့ ထိုင်းနိုင်ငံရဲ့လူသားအရင်းအမြစ်ကို တက်ဆလာ ကုမ္ပဏီက ချီးကျူးခဲ့ကြောင်း” ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ထိုင်းနိုင်ငံထဲမှာ စက်ရုံတွေတည်ထားတဲ့ ကားကုမ္ပဏီတွေကတော့ တိုယိုတာနဲ့ ဟွန်ဒါတို့ပဲဖြစ်ပါတယ်။
ထိုင်းနိုင်ငံဟာ နှစ်စဉ် မော်တော်ကားအစီးရေ ၁.၅ သန်းကနေ ၂ သန်းဝန်းကျင်အထိ ထုတ်လုပ်လျက်ရှိပြီး အဲဒီ အထဲက အစီးရေတစ်ဝက်ကို ပြည်ပနိုင်ငံတွေကို တင်ပို့နေတာဖြစ်ပါတယ်။
ဂျပန်ကားထုတ်လုပ်ရေး ကုမ္ပဏီတွေလွှမ်းမိုးထားတဲ့ ဈေးကွက်တစ်ခုဖြစ်တဲ့ အရှေ့တေင်အာရှမှာ လျှပ်စစ်ကား တွေဟာ တဖြည်းဖြည်း ဆွဲဆောင်အားကောင်းလာပါတယ်။
လျှပ်စစ်ကားတွေဟာ ဒေသတွင်း လူစီးကားအရောင်းရာခိုင်နှုန်းတွေထဲမှာ ပထမသုံးလပတ်မှာ ၃.၈% ရောင်းချ ရပြီး ဒုတိယသုံးလပတ်မှာ ၆.၄% ရောင်းချရတယ်လို့ Counterpoint သုတေသနအဖွဲ့ရဲ့ထုတ်ပြန်ချက်အရ သိရ ပါတယ်။
ဒေသတွင်း လျှပ်စစ်ကားအားလုံးရောင်းချမှုရဲ့ထက်ဝက်ဝန်းကျင်ဟာ ထိုင်းနိုင်ငံကဖြစ်ပြီး ထိုင်းနောက်က ဗီယက်နမ်နဲ့ အင်ဒိုနီးရှားတို့ လိုက်တယ်လို့ဆိုပါတယ်။
တက်ဆလာကုမ္ပဏီဟာ ထိုင်းနိုင်ငံမှာ ထင်ရှားတဲ့ကုမ္ပဏီတစ်ခုဖြစ်ပြီး ပြီးခဲ့တဲ့နှစ်က တိုးတက်နေတဲ့ထိုင်းဈေး ကွက်ထဲမှာ တက်ဆလာကုမ္ပဏီထုတ်ကားတွေကို စတင်ရောင်းချခဲ့ပါတယ်။
အရှေ့တောင်အာရှဒေသမှာရှိတဲ့ တက်ဆလာရဲ့ရောင်းအားဟာ တက်ဆလာကုမ္ပဏီ နိုင်ငံတကာရောင်းအားရဲ့ ၁% အောက်မှာပဲရှိသေးကြောင်း Counterpoint သုတေသနအဖွဲ့က ပြောပါတယ်။
Ref: Srettha holds talks with Tesla chief Musk
#PeopleMedia