• Follow Us on
Latest News

Home ထိုင်းဝန်ကြီးချုပ်ဆရက်ထာရဲ့ ပိုင်ဆိုင်မှု ဘတ်ငွေ သန်း ၆၅၀ ကျော်ရှိကြောင်း NACC ရုံး ကြေညာ

ထိုင်းဝန်ကြီးချုပ်ဆရက်ထာရဲ့ ပိုင်ဆိုင်မှု ဘတ်ငွေ သန်း ၆၅၀ ကျော်ရှိကြောင်း NACC ရုံး ကြေညာ

Share this post

နိုင်ငံတကာ၊ ဒီဇင်ဘာ ၂၉

 

ထိုင်းဝန်ကြီးချုပ်ဆရက်ထာထာဗီဆင်ဟာ ဘတ်ငွေ သန်း ၅၀ တန် ဇိမ်ခံကားတစ်စီးနဲ့ လက်ပတ်နာရီ ၃၈ လုံး အပါအဝင် ဘတ်ငွေ သန်းပေါင်း ၆၅၀ ပိုင်ဆိုင်ကြောင်း ထိုင်းနိုင်ငံ အဂတိလိုက်စားမှုစောင့်ကြည့်ရေးအဖွဲ့တစ်ဖွဲ့ က ကြာသပတေးနေ့ (ဒီဇင်ဘာလ ၂၈ ရက်နေ့) က ကြေညာလိုက်ပါတယ်။

 

အိမ်ခြံမြေသူဌေးကြီးဟောင်းဖြစ်တဲ့ ထိုင်းဝန်ကြီးချုပ်ဟာ စုစုပေါင်း ဘတ်ငွေ ၆၅၉,၃၉၁,၆၁၀ ပိုင်ဆိုင်မှုရှိ ကြောင်း အမျိုးသားအဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး (NACC) က ကြာသပတေးနေ့က ထုတ်ဖော် ပြောကြားပါတယ်။

 

ထိုင်းနိုင်ငံ “၂၀၁၈ ခုနှစ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ ဥစ္စာပစ္စည်းပိုင်ဆိုင်မှုအက်ဥပဒေ” ရဲ့ ပုဒ်မ ၁၀၂ မှာ ပြဋ္ဌာန်းထားချက်အရ နိုင်ငံရေးရာထူးတစ်ခုခုကို ရယူထားတဲ့သူတစ်ဦးဟာ စတင်တာဝန်ထမ်းဆောင် ချိန်ကစပြီး ရက်ပေါင်း ၆၀ အတွင်း ၎င်းတို့ရဲ့ပိုင်ဆိုင်မှုများ၊ အကြွေးများနဲ့ အိမ်ထောင်ဘဖက်များကို ထုတ်ဖော် ကြေညာရမှာဖြစ်ပါတယ်။

 

ထိုင်းဝန်ကြီးချုပ်ဟာ ငွေသားအဖြစ် ဘတ်ငွေ ၁ သန်း ကိုင်ထားသလို ဘဏ်အပ်ငွေ ဘတ်ေွ ၆၈,၉၈၆,၅၅၈ ကို ဘဏ်ပေါင်း ၄၇ ခုမှာအပ်နှံထားပြီး ဘတ်ငွေ ၁,၃၀၁,၆၆၈ ကို ရင်းနှီးမြှုပ်နှံထားကြောင်း NACC ရုံးက သတင်း ထုတ်ပြန်ခဲ့ပါတယ်။

 

ဆရက်ထာဟာ ဘန်ကောက်မြို့မှာ ဝ.၁ ဧက နီးပါးရှိတဲ့ မြေကွက်တစ်ကွက်နဲ့ ဝ.၀၉ ဧက ရှိတဲ့ မြေကွက်တစ် ကွက် စုစုပေါင်း ဘတ်ငွေ ၁၅၈.၄ သန်း တန်ကြေးရှိတဲ့ မြေကွက်နှစ်ကွက်ကိုလည်း ပိုင်ဆိုင်ထားပါတယ်။

 

ဒါ့အပြင် ဝန်ကြီးချုပ်ဆရက်ထာဟာ ဘတ်ငွေ ၁၅၆,၄၂၃,၁၂၀ တန်ကြေးရှိတဲ့ တခြားအဆောက်အအုံပိုင်ဆိုင်မှု တွေရှိပါသေးတယ်။

 

အဲဒီအဆောက်အအုံပိုင်ဆိုင်မှုတွေထဲမှာ ဘတ်ငွေ ၁၈ သန်းတန်ကြေးရှိတဲ့ ပရာချပ်ခီရိခန်းပြည်နယ် ဟွိုင်းဟင် အပန်းဖြေစခန်းက အဆောက်အအုံတစ်ခုနဲ့ ဘန်ကောက်မြို့လယ်ကောင် ခလောင်ထွိုင်းခရိုင်က သုံးထပ်တိုက် အဆောက်အအုံတစ်ခုလည်း အပါအဝင်ဖြစ်ပါတယ်။

 

မော်တော်ယာဉ်အနေနဲ့ ဆရက်ထာထံမှာ ဘတ်ငွေ သန်း ၅၀ တန်ကြေးရှိတဲ့ Aston Martin DB5 ကားတစ်စီးရှိ ပါတယ်။

 

အဲဒီကားဟာ မကြာသေးခင်က အီတလီနိုင်ငံမှာပြသွားတဲ့ ဂျိမ်းစ်ဘွန်းရုပ်ရှင်ကားထဲမှာပါတဲ့ ၁၉၆၃ ခုနှစ် မိုဒယ်လ်ကားဖြစ်ကြောင်း ဆရက်ထာက သတင်းထောက်တွေကို ပြောပါတယ်။ ဒီကားဟာ ၎င်းအနှစ်သက်ဆုံးကားဖြစ်ကြောင်း ဆရက်ထာက ပြောပါတယ်။

 

ဆရက်ထာဟာ ထိုင်းဝန်ကြီးချုပ်တွေထဲမှာ အချမ်းသာဆုံးဝန်ကြီးချုပ်ဖြစ်ပါသလားလို့ သတင်းထောက်တွေက မေးမြန်းတဲ့အခါမှာတော့ ဝန်ကြီးချုပ်က ပြန်လည်ငြင်းဆိုခြင်းမရှိခဲ့ဘဲ ၎င်းအနေနဲ့ နှစ်ပေါင်းများစွာကြာအောင် မနားမနေ ပင်ပင်ပန်းပန်း အလုပ်လုပ်ကိုင်ခဲ့ရကြောင်း ပြန်လည်ပြောကြားပါတယ်။ ဒါ့အပြင် ဆရက်ထာထံမှာ ဘတ်ငွေ ၁၂၁,၉၅၃,၁၀၀ တန်ကြေးရှိတဲ့ လက်ပတ်နာရီ ၃၈ လုံး၊ ဘတ်ငွေ ၁,၆၂၂,၆၀၀ တန်ကြေးှရှိတဲ့ အဆောင်လက်ဖွဲ့ ခြောက်ခု၊ ဘတ် ၁၆၅,၀၀၀ တန် ရွှေဆွဲကြိုးတစ်ကုံး၊ ဘတ် ၆ သန်းတန် Louis-Vuitton x Supreme သေတ္တာတစ်လုံးတို့လည်း ပိုင်ဆိုင်ထားပါတယ်။

 

ဝန်ကြီးချုပ်မှာ ပေးရမယ့်အကြွေးကလည်း ဘတ်ငွေ ၁၀,၁၈၂,၅၄၉ ရှိပါတယ်။

 

ဝန်ကြီးချုပ်ဆရက်ထာရဲ့ နှစ်စဉ်ဝင်ငွေတွေထဲမှာ လစာငွေနဲ့ ဘောနပ်က ၁၅၃,၅၇၀,၁၆၀ ဘတ်၊ သက်ကြီးပင် စင် ၄၅,၆၉၄ ဘတ်၊ အစည်းအဝေးတက်ရောက်မှုသုံးစွဲခွင့်ငွေ ၁၈၅,၀၀၀ ဘတ်၊ ကာလရှည်ထောက်ပံ့ကြေးဝင် ငွေ ၆၅,၂၀၀,၃၂၈ ဘတ်၊ ဒစ်ဂျစ်တယ်လုပ်ငန်းတွေက အမြတ်ငွေ ၈၂၅,၄၀၂ ဘတ်၊ ကာလရှည်ရင်းနှီးမြှုုပ်နှံမှု တွေထဲက ရရှိတဲ့အမြတ် ၁၂,၀၆၉ ဘတ်၊ သားသမီးတွေရဲ့ နှစ်စဉ်ဝင်ငွေ ဘတ် သန်း ၂၀ နဲ့ အငြိမ်းစားအကျိုးခံ စားခွင့် ၁၃,၃၃၃,၃၃၃ ဘတ် တို့ပါဝင်ကြောင်း NACC ရုံးက ကြေညာပါတယ်။

 

ဆရက်ထာရဲ့နှစ်စဉ်အသုံးစရိတ်ကတော့ ပုဂ္ဂိုလ်ရေးဆိုင်ရာအသုံးစရိတ် ၃၆.၅ သန်း၊ အိမ်ထောင်စုအသုံးစရိတ် ၁.၉ သန်း၊ မိခင်ကြီးထောက်ပံ့ငွေ ၄,၇၆၂,၀၀၀ ဘတ်၊ ခရီးသွားလာရေးအသုံးစရိတ် ၈ သန်း၊ မြေရာနဲ့ အ ဆောက်အအုံအတွက် အခွန်ဆောင်ငွေ ၃,၉၅၇ ဘတ်နဲ့ လူမှုရေးအသင်းအဖွဲ့တွေကို လှူဒါန်းငွေ ၄၆၅,၀၀၀ ဘတ်တို့ ဖြစ်ပါတယ်။

 

Ref: Thai PM Srettha’s personal wealth valued at over 650 million baht

 

#PeopleMedia


Share this post