• Follow Us on

Home ထိုင်းဝန်ကြီးချုပ်ဆရက်ထာကို “အရောင်းသမား” ဆိုတဲ့နာမည်နဲ့ တိုင်းမဂ္ဂဇင်းမျက်နှာဖုံးမှာ ဖော်ပြ

ထိုင်းဝန်ကြီးချုပ်ဆရက်ထာကို “အရောင်းသမား” ဆိုတဲ့နာမည်နဲ့ တိုင်းမဂ္ဂဇင်းမျက်နှာဖုံးမှာ ဖော်ပြ

Share this post

နိုင်ငံတကာ၊ မတ် ၁၄

 

တိုင်းမဂ္ဂဇင်းက မတ်လ ၂၅ ရက်နေ့မှာ ထုတ်ဝေမယ့် မဂ္ဂဇင်းမျက်နှာဖုံးမှာ ထိုင်းဝန်ကြီးချုပ် ဆရက်ထာထာဗီ ဆင်ပုံကို “အရောင်းသမား” (The Salesman) ဆိုတဲ့ နာမည်နဲ့ ဖော်ပြထားပါတယ်။

 

“ထိုင်းနိုင်ငံဟာ စီးပွားရေးတံခါး ထပ်မံဖွင့်လှစ်လိုက်ပါပြီလို့ ကမ္ဘာကြီးကို ကျွန်တော်အသိပေးချင်ပါတယ်။” လို့ အစိုးရအိမ်တော်မှာ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးတစ်ခုမှာ ဝန်ကြီးချုပ်ဆရက်ထာက တိုင်းမဂ္ဂဇင်းသတင်းထောက် ချာလီကမ်းဘဲလ်ကို ပြောပါတယ်။

 

အစိုးရအိမ်တော်ရဲ့ အခန်းထဲက ဝှိုက်ဘုတ်မှာလည်း “အွန်လိုင်းငွေကြေးစနစ်၊ အမျိုးသားလေယာဉ်ထုတ်လုပ် ရေးဗဟိုချက်၊ ပိုတက်ရှ်သတ္တုတွင်းလုပ်ငန်း၊ တက်ဆလာ” စသဖြင့် အစိုးရမူဝါဒတွေကို ရေးသားထားပါတယ်။ ဆုံးဖြတ်ချက် ပြတ်သားတဲ့ မျက်နှာအမူအယာနဲ့အတူ လက်ပိုက်ပြီးရပ်နေတဲ့ ဆရက်ထာရဲ့ပုံကို မဂ္ဂဇင်းအဖုံးမှာ ဖော်ပြထားတာဖြစ်ပါတယ်။

 

ပြီးခဲ့တဲ့နှစ် သြဂုတ်လ အာဏာရလာတဲ့အချိန်ကတည်းက ဝန်ကြီးချုပ်ဆရက်ထာရဲ့ ကြိုးပမ်းမှုကြောင့် အမြတ် အစွန်းတွေရလာခဲ့ပြီးဖြစ်ရာ ၂၀၂၃ ခုနှစ် စတုတ္ထ သုံးလပတ်အတွင်း နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု (FDI) နှစ်ဆမြင့်တက်ခဲ့ကြောင်း တိုင်းမဂ္ဂဇင်းက ရေးသားထားပါတယ်။

 

စတုတ္ထသုံးလပတ်အတွင်း Amazon Web Services ၊ Google နဲ့ Microsoft ကုမ္ပဏီကြီးတွေရဲ့ ရင်းနှီးမြှုုပ်နှံမှု အမေရိကန်ဒေါ်လာ ၈.၃ ဘီလျံ (ဘတ်ငွေ ၂၉၆ ဘီလျံ) ရှိခဲ့ပါတယ်။

 

ဝန်ကြီးချုပ်ဆရက်ထာဟာ စစ်တစ်ပိုင်းအုပ်ချုပ်ရေးအစိုးရထံက တိုးတက်မှုမရှိတဲ့စီးပွားရေး၊ ဆိုးရွားနေတဲ့ စီးပွားရေး/လူမှုရေး/နိုင်ငံရေး မမျှတမှုများနဲ့ နိုင်ငံရေးအရ အဆင့်ခွဲခြားခံနေရတဲ့ နိုင်ငံတစ်ခုကို လက်ခံရယူ ထားရတာဖြစ်ကြောင်း တိုင်းမဂ္ဂဇင်းက ပြောပါတယ်။

 

ပြီးခဲ့တဲ့ဆယ်စုနှစ်မှာ အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ ဖိလစ်ပိုင်၊ အင်ဒိုနီးရှားနဲ့ ဗီယက်နမ်တို့ဟာ GDP နှစ်ဆ/သုံးဆ မြင့်တက်ခဲ့ပြီး ထိုင်းနိုင်ငံထဲကိုရောက်လာမယ့် နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု (FDI) ကို လွှဲပြောင်းရယူ ခံစား သွားရပေမဲ့ ထိုင်းနိုင်ငံကတော့ GDP ၂% အောက်ကို လျော့ကျခဲ့တယ်လို့ ဆိုပါတယ်။

 

ဆရက်ထာဟာ ၎င်းရင်ဆိုင်ရမယ့် စိန်ခေါ်မှုအတိမ်အနက်ကို ကောင်းစွာလက်ခံသဘောပေါက်ပြီး “ထိုင်းနိုင်ငံ ဟာ စီးပွားရေးအကျပ်အတည်း” ထဲမှာရောက်ရှိနေကြောင်း တိုင်းမဂ္ဂဇင်းကို ပြောခဲ့ပါတယ်။

 

ဒါပေမဲ့ ထိုင်းစစ်တပ်ကြီးစိုးနေတဲ့ အထက်လွှတ်တော်က အနိုင်ရ Move Forward ပါတီကို အစိုးရဖွဲ့စည်းခွင့် ပိတ်ပင်လိုက်ပြီးနောက် ဒုတိယပါတီဖြစ်တဲ့ ဆရက်ထာရဲ့ ဖီယူထိုင်းပါတီအာဏာရလာတဲ့အချိန်မှာ နိုင်ငံက မမျှ မတဆက်ဆံခံရတယ်လို့ ခံစားရကြောင်း တိုင်းမဂ္ဂဇင်းက ပြောပါတယ်။

 

“ဝိရောဓိအနေနဲ့ ဝန်ကြီးချုပ်ဆရက်ထာဟာ အဓိကပြုပြင်ပြောင်းလဲမှုကို ကဖျက်ယဖျက်လုပ်ရာမှာ ရင်းနှီးမြှုပ်နှံ ထားတဲ့ တူညီတဲ့အင်အားစုတွေနဲ့အတူ မိတ်ဖွဲ့ပြီး ထိုင်းစီးပွားရေးကို ပြုပြင်ပြောင်းလဲဖို့ တိုက်ပွဲဝင်ဆောင်ရွက် နေတာပဲဖြစ်တယ်။” လို့ တိုင်းမဂ္ဂဇင်းက ပြောပါတယ်။

 

ဆရက်ထာရဲ့ အငြင်းပွားဖွယ်ရာ နိုင်ငံရေးအာဏာရရှိမှုနဲ့ တိုင်းပြည်ရဲ့ ဆိုးရွားလှတဲ့စီးပွားရေးအခြေအနေ တွေကိုထောက်ရှုလိုက်ရင် တိုးတက်မှုအမြန်ရရှိအောင်ဆောင်ရွက်ဖို့ ဝန်ကြီးချုပ်ဆရက်ထာဟာ ဖိအားပေးခံနေ ရတဲ့အနေအထားကို ရောက်ရှိနေကြောင်း တိုင်းမဂ္ဂဇင်းက ပြောပါတယ်။

 

တိုင်းမဂ္ဂဇင်းဟာ ဆရက်ထာနဲ့ အင်တာဗျူးက အချက်ငါးချက်ကိုလည်း ထောက်ပြခဲ့ပါတယ်။

 

ပထမအချက်က ထိုင်းနိုင်ငံဟာ ရုရှား-ယူကရိန်းစစ်ပွဲမှာ ဘက်မလိုက်ကြားနေဝါဒကို ကျင့်သုံးကြောင်း ဆရက် ထာက ထပ်ဖန်တလဲလဲ ပြောဆိုခဲ့တဲ့အပြင် ပြီးခဲ့တဲ့နှစ် အောက်တိုဘာလမှာ ခေါင်းဆောင်နှစ်ဦးတွေ့ဆုံခဲ့ချိန် မှာ ရုရှားသမ္မတဗလာဒီမာပူတင်ကို ထိုင်းနိုင်ငံလာလည်ဖို့ ဖိတ်ခေါ်ခဲ့တယ်ဆိုတာကို ငြင်းဆိုခဲ့ပါတယ်။

 

ဒုတိယအချက်က ထိုင်းဘုရင်နဲ့ တော်ဝင်မိသားစုကို ဝေဖန်စော်ကားရင် ထောင်ဒဏ် ၁၅ နှစ်အထိ အပြစ်ပေး နိုင်တဲ့ တော်ဝင်အသရေဖျက်မှုဥပေဒ ဒါမှမဟုတ် ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၁၁၂ ကို ကာကွယ်သွားမှာဖြစ်တယ် လို့ ဆရက်ထာက ပြောကြောင်း တိုင်းမဂ္ဂဇင်းက ပြောပါတယ်။

 

တတိယအချက်က မြန်မာနိုင်ငံက ပြည်တွင်းစစ်ပဋိပက္ခကို ဖြေရှင်းရာမှာ ဝန်ကြီးချုပ်အနေနဲ့ ထိုင်းနိုင်ငံကို ဦး ဆောင်အခန်းကဏ္ဍကပါဝင်စေချင်ပါတယ်။

 

ထိုင်းနိုင်ငံဟာ မြန်မာနိုင်ငံထဲကဒုက္ခသည်တွေအတွက် လူသားချင်း စာနာမှုအကူအညီလမ်းကြောင်းတစ်ခုကို တည်ဆောက်သွားဖို့ ကြိုးပမ်းနေသလို မြန်မာနိုင်ငံက နစက အစိုးရနဲ့ ရော စင်ပြိုင်အစိုးရအပါအဝင် တခြား stakeholder တွေနဲ့ ရော ဆက်သွယ်ဆောင်ရွက်ခဲ့ပါတယ်။

 

စတုတ္ထအချက်က ဆရက်ထာဟာ နိုင်ငံခေါင်းဆောင်တစ်ဦးဖြစ်ပေမဲ့ လက်ရှိအချိန်အတွက်ပဲဖြစ်ပါတယ်။ Move Forward ပါတီက အခြေခံဝါဒီတွေရဲ့ ထိုင်းစစ်တပ်နဲ့ တော်ဝင်မိသားစုကို ခြိမ်းခြောက်မှုတွေကြောင့် ဆရက်ထာ ဟာ သက်ဆင်ရှင်နာဝပ်ထရာနဲ့ ထိုင်းစစ်တပ်/တော်ဝင်မိသားစုက သဘောတူညှိနှိုင်းပြီး အပေးအယူလုပ်ထား တဲ့ ခေါင်းဆောင်တစ်ယောက်ဖြစ်ကြောင်း တိုင်းမဂ္ဂဇင်းက ဆိုပါတယ်။

 

ဒါပေမဲ့ ဆရက်ထာဟာ ဝန်ကြီးချုပ်ဟောင်းသက်ဆင်ရဲ့ သမီးဖြစ်သူ ပေထောင်တန်ရှင်နာဝပ်ထရာအတွက် မကြာခင်လမ်းခင်းပေးလိမ့်မယ်လို့ ခန့်မှန်းထားပါတယ်။

 

“ပေထောင်တန်ဟာ တစ်နေ့မှာ ဝန်ကြီးချုပ်ဖြစ်လာလိမ့်မယ်လို့ ကျွန်တော်ကျိန်းသေပြောနိုင်ပါတယ်။ ဒါပေမဲ့ လာမယ့် လေးနှစ်တာကာလအတွင်းတော့ ကျွန်တော်ပဲ ဝန်ကြီးချုပ်တာဝန်ထမ်းဆောင်သွားမှာပါ။” လို့ ၎င်းက ပြောပါတယ်။ ပဉ္စမအချက်ကတော့ ပိုပြီး အပူအပင်ကင်းမဲ့တဲ့ဘဝဖြစ်ပါတယ်။

 

ဆရက်ထာဟာ လီဗာပူးဘော်လုံးအသင်းရဲ့ ပရိသတ်ဖြစ်ပါတယ်။ အခုအားကစားရာသီအကုန်မှာ ရာထူးက နုတ်ထွက်မယ်ဆိုတဲ့ လစ်ဗာပူးအသင်းမန်နေဂျာ ဂျာဂျန်ကလော့ပ်ရဲ့ ဆုံးဖြတ်ချက်ကို ထောက်ခံကြိုဆို လိုက်တာဖြစ်ပါတယ်။

 

Ref: Time magazine spotlights ‘Salesman’ Srettha with wide-ranging interview

 

#PeopleMedia


Share this post