ထိုင်းဝန်ကြီးချုပ်ပေထောင်တန် Google နဲ့ Salesforce ကုမ္ပဏီတို့က အမှုဆောင်အရာရှိတွေနဲ့ ဆွေးနွေး

PUBLISHED - January 23, 2025
နိုင်ငံတကာ၊ ဇန်နဝါရီ ၂၃
ထိုင်းဝန်ကြီးချုပ်ပေထောင်တန်ရှင်နာဝပ်ဟာ ထိုင်းနိုင်ငံတွင်း လာရောက်ရင်းနှီးမြှုပ်နှံဖို့အတွက် ကမ္ဘာကျော် Google ကုမ္ပဏီနဲ့ Salesforce ကုမ္ပဏီတို့က အမှုဆောင်အရာရှိတွေနဲ့ ဇန်နဝါရီ ၂၂ ရက်နေ့ (ဗုဒ္ဓဟူးနေ့) က ဆွေးနွေးခဲ့ပါတယ်။
ဇန်နဝါရီ ၂၀ ရက်နေ့ကနေ ၂၄ ရက်နေ့အထိ ဆွစ်ဇာလန်နိုင်ငံ ဒါဗိုးစ်မြို့မှာကျင်းပနေတဲ့ ၅၅ ကြိမ်မြောက် ကမ္ဘာ့စီးပွား ရေးဖိုရမ်ရဲ့ ဘေးပန်းအစည်းအဝေးအဖြစ် အခုလို တွေ့ဆုံဆွေးနွေးခဲ့တာဖြစ်ပါတယ်။
ဒစ်ဂျစ်တယ်ထုတ်ကုန်တွေထုတ်လုပ်ဖို့အတွက် အခြေစိုက်ကုမ္ပဏီတစ်ခုအဖြစ် Google အနေနဲ့ ထိုင်းနိုင်ငံထဲမှာ လာရောက်ရင်းနှီးမြှုပ်နှံဖို့နဲ့ နည်းပညာဆက်နွယ်တဲ့ရင်းနှီးမြှုပ်နှံမှုတွေအတွက် အစိုးရက အဆက်မပြတ်ထောက်ပံ့သွားမှာဖြစ် ကြောင်း Google ဥက္ကဋ္ဌနဲ့ ရင်းနှီးမြှုပ်နှံမှု အရာရှိချုပ် ရိသ်ပိုရတ် (Ruth Porat) နဲ့ တွေ့ဆုံစဉ် ပေထောင်တန်က ပြောပါတယ်။
ချွန်ဘူရီပြည်နယ်မှာ Google ကုမ္ပဏီရဲ့ ဒေတာစင်တာစီမံချက်ကို လက်ရှိအချိန်မှာ ဆောက်လုပ်နေပြီဖြစ်ပြီး လာမယ့် နှစ်နှစ်အတွင်းမှာ လုပ်ငန်းစတင်လည်ပတ်နိုင်မယ်လို့ မျှော်လင့်ထားကြောင်း ပိုရတ်က ပြောပါတယ်။
ဒါ့အပြင် ထိုင်းနိုင်ငံထဲမှာ Google ထုတ်ကုန်တွေကို တိုးမြှင့်ထုတ်လုပ်သွားဖို့ Google ကုမ္ပဏီက စီစဉ်နေပြီး Google ကို ထောက်ပံ့နေတဲ့ ကုမ္ပဏီတချို့ဟာလည်း ထိုင်းနိုင်ငံတွင်း စက်ရုံတွေ တည်ဆောက်ပြီးဖြစ်ကြောင်း ၎င်းက ပြောပါတယ်။
လက်ရှိအချိန်မှာလည်း ထိုင်းကျောင်းသားတွေနဲ့ ထိုင်း SME လုပ်ငန်းရှင်တွေအတွက် ဒစ်ဂျစ်တယ်ကျွမ်းကျင်မှုသင်တန်း တွေ ပို့ချရာမှာ ထိုင်းပညာရေးဝန်ကြီးဌာနနဲ့အတူ Google ကုမ္ပဏီက ပူးပေါင်းဆောင်ရွက်နေကြောင်း ပိုရတ်က ပြောပါတယ်။
အဲဒီနောက် အစိုးရဝန်ဆောင်မှုလုပ်ငန်းတွေ ပိုမိုခေတ်မီလာအောင် အဆင့်မြှင့်တင်ရေးနဲ့ အစိုးရအရာရှိ တွေကြားမှာ ဒစ် ဂျစ်တယ်အသိပညာ ပိုမိုမြင့်မားလာစေဖို့အတွက် ထိုင်းအစိုးရရဲ့ “Cloud First” မူဝါဒ အစီအစဉ်မှာ လာရောက်ရင်းနှီး မြှုပ်နှံဖို့ အမေရိကန် cloud service ကုမ္ပဏီတစ်ခုဖြစ်တဲ့ Salesforce ကုမ္ပဏီက ဥက္ကဋ္ဌနဲ့ တရားရေးအရာရှိချုပ် ဆာဘက်ရှန်နိုင်းစ်ကို ပေထောင်တန်က ဖိတ်ခေါ်ခဲ့ပါတယ်။
ထိုင်းအစိုးရအနေနဲ့ ဒစ်ဂျစ်တယ်စီးပွားရေးမူဝါဒတွေနဲ့ အစိမ်းရောင်စွမ်းအင်ကူးပြောင်းရေးအစီအစဉ်တွေကို ဆက်လက် ထိန်းသိမ်းအကောင်အထည်ဖော်သွားဖို့ ဆုံးဖြတ်ထားပြီးဖြစ်ပြီး ၂၀၂၄ ခုနှစ်အတွင်း ဒေတာစင်တာတွေနဲ့ ဒစ်ဂျစ်တယ် အခြေခံအဆောက်အအုံဖွံ့ဖြိုးတိုးတက်ရေးနယ်ပယ်မှာ ရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၄.၈ ဘီလျံရရှိအာင် ထိုင်းနိုင်ငံက ဆွဲ ဆောင်နိုင်ခဲ့ကြောင်း ဝန်ကြီးချုပ်က ပြောပါတယ်။
Salesforce ကုမ္ပဏီအနေနဲ့ ဒစ်ဂျစ်တယ်စနစ်တွေကနေ လူထုဝန်ဆောင်မှုတွေ တိုးချဲ့ပြီး မျိုးဆက်သစ်လူငယ်တွေအ တွက် ဒစ်ဂျစ်တယ်ကျွမ်းကျင်မှုကို တိုးတက်လာအောင်ဆောင်ရွက်ပေးရင်း ထိုင်းနိုင်ငံရဲ့ ဒစ်ဂျစ်တယ်နည်းပညာဖွံ့ဖြိုးတိုး တက်မှု မြှင့်တင်ရာမှာ အဓိကအခန်းကဏ္ဍတစ်ရပ်အနေနဲ့ ပါဝင်ဖို့ ဆန္ဒရှိပါကြောင်း နိုင်းစ်က ပြောပါတယ်။
Salesforce ကုမ္ပဏီဟာ ပလပ်စတစ်အမှိုက်များကင်းရှင်းရေးအစီအစဉ်မှာလည်း ထိုင်းအစိုးရနဲ့ ပူးပေါင်း ဆောင်ရွက်ခဲ့ ကြောင်း ၎င်းက ပြောပါတယ်။ Cloud services နဲ့ AI နည်းပညာကဏ္ဍဟာ အနာဂတ်ကာလ လိုအပ်ချက်မြင့်မားလာမှုအတွက် ကြိုတင်ပြင်ဆင်ရာမှာ အလွန်အရေးကြီးမှာဖြစ်ကြောင်း ကုမ္ပဏီနှစ်ခုစလုံးက သဘောတူညီခဲ့ပြီး ဆွေးနွေးပွဲတွေမှာ cloud services နဲ့ AI နည်းပညာအပါအဝင် SME လုပ်ငန်းတွေနဲ့ ဒစ်ဂျစ်တယ်အစီအစဉ်သစ်တွေ ဖွံ့ဖြိုးတိုတက်ရေး ထောက်ပံ့သွားဖို့အတွက် အဓိကဆွေးနွေးခဲ့ကြပါတယ်။
Ref: Thai PM discusses investment with Google, Salesforce execs
#PeopleMedia