ထိုင်းဝန်ကြီးချုပ်ရွေးချယ်ပွဲဟာ ထိုင်းစီးပွားရေးအကောင်းအဆိုးအတွက် အဓိကအကြောင်းအရာဖြစ်
PUBLISHED - July 13, 2023
နိုင်ငံတကာ၊ ဇူလိုင် ၁၃
ထိုင်းဝန်ကြီးချုပ်ရွေးချယ်ပွဲဟာ ထိုင်းနိုင်ငံ ဆက်လက်တိုးတက်ပြီး ကြွယ်ဝချမ်းသာတဲ့ဆီကို ဦးတည်သွားမလား၊ ဆန့်ကျင်ဘက်ကို ရောက်သွားမလားဆိုတဲ့ ထိုင်းစီးပွားရေးအကောင်းအဆိုးကိုဆုံးဖြတ်မယ့် အဓိကအကြောင်း အရာတစ်ရပ်ဖြစ်လိမ့်မယ်လို့ တွဲဖက်ပါမောက္ခဒေါက်တာ သာနာဝပ်ဖုန်ဝီချိုင်းက ဇူလိုင်လ ၁၃ ရက်နေ့က ပြော ကြားလိုက်ပါတယ်။
ဒေါက်တာသာနာဝပ်ဖုန်ဝီချိုင်းက ထိုင်းကုန်သည်ကြီးများတက္ကသိုလ်ရဲ့ ကျောင်းအုပ်ကြီးဖြစ်သလို စီးပွားရေးနဲ့ လုပ်ငန်းများအခြေအနေ ကြိုတင်ခန့်မှန်းရေးစင်တာရဲ့ အကြံပေးအဖွဲ့ဥက္ကဋ္ဌလည်း ဖြစ်ပါတယ်။
လက်ရှိအချိန်မှာ ထိုင်းဝန်ကြီးချုပ်ရွေးချယ်ဖို့ လွှတ်တော်နှစ်ရပ်ပေါင်းပြီး လွှတ်တော်အစည်းအဝေးကျင်းပနေရာ Move Forward ပါတီခေါင်းဆောင် ပီတာလင်းဂျားရင်းနတ်တစ်ဦးတည်းသာ ဝန်ကြီးချုပ်လောင်းအဖြစ် အမည် စာရင်းတင်သွင်းထားတယ်လို့ ဆိုပါတယ်။
ဝန်ကြီးချုပ်ရွေးချယ်ပွဲဖြစ်ပါ့မလား၊ ဘယ်အချိန် ရွေးချယ်မှာလဲဆိုတာကို စိုးရိမ်တကြီးနဲ့ ထိုင်းနိုင်ငံနဲ့ ပြည်ပနိုင် ငံတွေက စီးပွားရေးသမားတွေရော ထိုင်းပြည်သူတွေရော ဝန်ကြီးချုပ်ရွေးချယ်ပွဲကို အနီးကပ်စောင့်ကြည့်နေ ကြတယ်လို့ ၎င်းက ပြောပါတယ်။
ဝန်ကြီးချုပ်ရွေးချယ်ပွဲလွှတ်တော်အစည်းအဝေးတွေ ဖင့်နှေးလေးတွဲ့နေပြီး သြဂုတ်လနဲ့ စက်တင်ဘာလအတွင်း အစိုးရသစ်မဖွဲ့နိုင်သေးဘူးဆိုရင် ထိုင်းစီးပွားရေးအပေါ် ရိုက်ခတ်မှုတွေဟာ ကြီးကြီးမားမားမရှိနိုင်သေးသလို ထိန်းချုပ်ကိုင်တွယ်နိုင်တဲ့အဆင့်မှာပဲရှိသေးပြီး ရင်းနှီးမြှုပ်နှံမှုတွေ ဆက်လက်ဝင်ရောက်လာနိုင်သေးတယ်လို့ ၎င်းက ပြောပါတယ်။
ဒါပေမဲ့ အောက်တိုဘာလမတိုင်ခင် အစိုးရသစ်မဖွဲ့စည်းနိုင်သေးဘဲ ၂၀၂၄ ခု ဘဏ္ဍာရေးနှစ်အတွက် ဘတ်ဂျက် ထုတ်ပေးရေးကိစ္စကို ဒုတိယလေးလပတ်အထိ ဆိုင်းငံ့ထားရမယ်ဆိုရင် နိုင်ငံ့စီးပွားရေးကို ဆိုးရွားစွာထိခိုက် သွားနိုင်ကြောင်း ၎င်းက ပြောပါတယ်။
ဆန့်ကျင်ကန့်ကွက်မှု အနည်းငယ်ရှိလင့်ကစား ဝန်ကြီးချုပ်သစ်ရွေးချယ်ရေးအစီအစဉ် ချောချောမွေ့မွေ့နဲ့ ရှေ့ ဆက်သွားပြီး လက်ခံနိုင်တဲ့အချိန်တစ်ခုမှာ အစိုးရသစ်ဖွဲ့စည်းနိုင်မယ်ဆိုရင် အမျိုးသားဘတ်ဂျက်ထုတ်ပေးရေး ကိစ္စအပေါ် ထိခိုက်မှုရှိမှာမဟုတ်ဘဲ ထိုင်းစီးပွားရေးဟာ လာမယ့်နှစ်မှာ ၄% တိုးတက်လာနိုင်ကြောင်း ၎င်းက ပြောပါတယ်။
အဆိုးရွားဆုံးဖြစ်လာနိုင်တဲ့အခြေအနေကတော့ ပီတာကို အရည်အချင်းမပြည့်မီဘူးလို့ ဖွဲ့စည်းပုံအခြေခံဥပဒေ တရားရုံးက ဆုံးဖြတ်လိုက်ပြီး Move Forward ပါတီကိုပါ ဖျက်သိမ်းလိုက်မယ်ဆိုရင် ဆန္ဒပြပွဲတွေ ဆိုးဆိုးရွား ရွားထွက်ပေါ်လာနိုင်ကြောင်း သာနာဝပ်က ပြောပါတယ်။
အဲဒီလိုဖြစ်လာခဲ့ရင် ထိုင်းနိုင်ငံကို တစ်လအတွင်းဝင်ရောက်နေတဲ့ ကမ္ဘာလှည့်ခရီးသည်အရေအတွက် တစ် သန်းအထိ လျော့ကျသွားနိုင်ပြီး ၎င်းတို့ထံကရရှိမယ့် ဘတ်ငွေ ၅၀၀ ဘီလျံ ဆုံးရှုံးသွားမှာဖြစ်သလို GDP ဟာ လည်း ၁% အထိ လျော့ကျသွားနိုင်ကြောင်း ၎င်းက ပြောပါတယ်။
စားသုံးသူတွေရဲ့ယုံကြည်မှုကတော့ မေလမှာ ၅၅.၇ ရှိရာကနေ ဇွန်လမှာ ၅၆.၇ အထိ တိုးတက်လာရာ အဲဒီ တိုးတက်မှုဟာ ၁၃ လ ဆက်တိုးတက်လာတာဖြစ်သလို လပေါင်း ၄၀ အတွင်းမှာ အမြင့်ဆုံးတိုးတက်မှုလည်း ဖြစ်ကြောင်း ဇွန်လအတွင်းကပြုလုပ်ခဲ့တဲ့ စားသုံးသူယုံကြည်မှုလေ့လာဆန်းစစ်မှုတစ်ခုအရ သိရပါတယ်။
Ref: Selection of Thai PM is a key to the health of the Thai economy
#PeopleMedia